သတင်း

ခုခံစစ်ဆင်သူတချို့ လက်နက်ဝယ်ရန် မြေကွက်ရောင်းသည့်နည်းကို ရွေးချယ်လာ

စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်နေသူတချို့က လက်နက်ဝယ်ရန်အတွက် မြေကွက်အပါအဝင် ပိုင်ဆိုင်သမျှကို ထုတ်ရောင်းသည့်နည်းလမ်းဖြင့် ဝင်ငွေရှာဖွေနေကြသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

အလှူငွေရရှိမှု ထိုးကျနေသောကြောင့် ထိုသို့ ရောင်းချနေကြခြင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ လက်နက်ကိုင်တစ်ဦးက ပြောသည်။

”လက်နက်ရဖို့ ကားရောင်းတယ်၊ အိမ်ရောင်းတယ်၊ မိဘတွေရဲ့ မြေကွက်တွေ ထုတ်ရောင်းရတယ်။ အဲဒီငွေနဲ့ ဝယ်ပြီးသွားရင်လည်း ကျန်တာက စားဖို့အနိုင်နိုင်ဗျာ” ဟု ကနီဒေသက အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) မှ အမည်မဖော်လိုသူ ရဲဘော်တစ်ဦးက ပြောသည်။  

“ကျွန်တော်တို့ တော်လှန်ရေးကို စိတ်ပျက်နေပါပြီ၊ ဒီတိုင်းဆက်သွားရင် ခွေးဖြစ်ဖို့ပဲ ရှိပါတော့တယ်” 

အများစုမှာ မိဘများကို စခန်းအထိ ခေါ်ကာ မြေကွက်အရောင်းအဝယ်ကိစ္စပြီးကြသော်လည်း အချို့မှာ မိဘကို အသိမပေးဘဲ ခိုးရောင်းကြသောကြောင့် သက်ဆိုင်ရာမိသားစုက ”အိမ်ပြန်မလာနဲ့” ဟု ဆိုကာ အဆက်အသွယ်ဖြတ်ပစ်ကြကြောင်း သိရသည်။  

ကိုဗစ်ကပ်ဘေးနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားပျက်နေကြချိန်တွင် နိုင်ငံအနှံ့အပြားမှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အလှူငွေရရှိမှု နည်းပါးလာနေသည်။

အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်သော တော်လှန်ရေးအစုအဖွဲ့များအတွက် အလှူငွေရရန် ပို၍ခက်ခဲနေကြခြင်းဖြစ်သည်ဟု  

စစ်ကိုင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးက ဆိုသည်။  

”ဒီဒေသမှာ လာရှောင်ရင်း တော်လှန်ရေးလုပ်ရတော့ တပ်ရင်းတပ်ဖွဲ့တွေဖွဲ့ဖို့ကလည်း မလွယ်ဘူး။ နောက်ဆက်တွဲပြဿနာက တပ်ရင်းတပ်ဖွဲ့မှ မဟုတ်ရင် မလှူကြဘူး။ ဒါကြောင့် အိမ်ဝိုင်းလေးဘာလေး ရောင်းပြီး ရသလောက် ရုန်းရတာပေါ့” ဟု ထိုသူက ပြောသည်။

“သီးခြားရပ်တည်တယ်ဆိုပေမဲ့ NUG အစိုးရ ချမှတ်ထားတဲ့ တော်လှန်ရေးလမ်းစဉ်အတိုင်းပဲ လိုက်နာကျင့်သုံးပါတယ်”

စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း လက်နက်သယ်ယူရေးလမ်းကြောင်း ပိုမိုခက်ခဲလာခြင်း၊ ဝယ်ယူလိုသူ များပြားလာခြင်းတို့သည် မှောင်ခိုလက်နက်စျေးနှုန်း အဆမတန်မြင့်တက်စေသည့် အကြောင်းရင်းများတွင် ပါဝင်နေသည်။  

အာဏာသိမ်းပြီးစက AK 47 မောင်းပြန်ရိုင်ဖယ်တစ်လက် သိန်း ၂၀ သာ ရှိသော်လည်း လက်ရှိပေါက်စျေးမှာ သိန်း ၈၀ နှင့်အထက် ဖြစ်နေသည်ဟု သိရသည်။ စစ်ကောင်စီက အဝင်အထွက်  အထူးတင်းကျပ်ထားသော စစ်ကိုင်းဒေသတွင်  တစ်လက် သိန်း ၁၂၀နှင့်အထက် ပေးဝယ်နေရသည်ဟု ယင်းမာပင်တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရသည့် ယင်းမာပင်မြို့နယ် Hero Tiger Force  ၏ စစ်သင်တန်းဆင်းပွဲ  

မိဘများက မြေကွက်ကို မရောင်းလိုကြဟု စစ်ကိုင်းဒေသရှိ Independence Army မှ ဒုဥက္ကဋ္ဌ ကိုသော်ဇင်က ပြောသည်။  

”မြေကွက်ရောင်းတော့ အိမ်ကမိဘတွေက ခဲရာခဲဆစ် အနှစ်နှစ်အလလ စုပြီးမှ ဝယ်ထားရတဲ့ ဝိုင်းလေးတွေဆိုတော့ နှမြောတာပေါ့။ လက်နက်မရှိရင် ကိုယ့်သား အသက်အန္တရာယ်ရှိမှန်းသိတော့လည်း ရောင်းပြီး ပို့ပေးရှာကြပါတယ်” ဟု ကိုသော်ဇင်က ပြောသည်။  

မောင်းပြန်သေနတ် မကိုင်နိုင်သေးသည့် အဖွဲ့များမှာ လက်လုပ်သေနတ်များဖြင့် တိုက်ပွဲဝင်နေကြပြီး လုပ်သေနတ်များ၏ အားနည်းချက်မှာ ကိုင်တွယ်ပစ်ခတ်သူကိုယ်တိုင် အန္တရာယ်ရှိခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

”စက်ရုံထုတ်မဟုတ်တော့ မကြာခဏ ထိခိုက်မှုလေးတွေရှိတယ်။ တစ်ခါတလေ အသက်ပေးဆပ်ရတဲ့အထိကို ဆုံးရှုံးမှုတွေက ကြီးမားပါတယ်” ဟု ကိုသော်ဇင်က ဆိုသည်။  

ထိုသို့ ပိုင်ဆိုင်သမျှ ရောင်းချကာ တိုက်ပွဲဝင်နေရသူများကို ရန်ကုန်မန္တလေးမြို့ပေါ် UG များ၊ တိုက်ပွဲပြင်းထန်နေသော စစ်ကိုင်းတိုင်းဒေသကာကွယ်ရေးအဖွဲ့များတွင် အများဆုံးတွေ့နိုင်သည်ဟု စုံစမ်းသိရှိရသည်။  

ယခင်က လက်နက်မှောင်ခိုစျေးကွက်တွင် ဝယ်လက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များသာ ဖြစ်သည်ဟု မန္တလေးမြို့ Generation Z Power အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”အရင်က လက်နက်ဝယ်သုံးကြတာက EAO တွေလောက်ပဲ၊ အခုက တစ်နိုင်ငံလုံး…။ နောက်ပြီး ကုန်သည်နဲ့ ပွဲစားတွေက လိုအပ်ချက်ရှိတဲ့အပေါ် စီးပွားရှာနေကြတယ်လို့ မြင်တယ်” ဟု သူက ပြောသည်။

လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူများက အဓိကထောက်ပံ့ကြခြင်း ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

တော်လှန်ရေးအစဦးပိုင်းကတည်းက ပါဝင်နေသူများသည် စီးပွားရေးပိုကျပ်တည်းလာကြသောကြောင့် လှူဒါန်းရန် ခက်ခဲလာကြသလို သွေးအေးလာကြသူများလည်း ရှိလာသည်ဟု မန္တလေးမြို့မှ ထောက်ပို့အဖွဲ့ဝင်တစ်ဦးက ဆိုသည်။  

”တော်လှန်ရေးအောင်လိုစိတ်တစ်ခုတည်းနဲ့ ကျွန်တော်တို့ကသာ ရုန်းနေကြရတာ၊ မြို့ပြတွေမှာ တော်လှန်ရေးကို အများစု မပါဝင်ကြတော့ပါဘူး” ဟု အမည်မဖော်လိုသူ ထောက်ပို့ခေါင်းဆောင်တစ်ဦးက ပြောသည်။  

“ကျွန်တော်တို့ကို ထောက်ပို့နေသူအများစုက တစ်လဝင်ငွေ ၃ သိန်းအောက်သမားတွေပဲ ဖြစ်နေပါတယ်။ လုပ်ငန်းရှင်တွေကလည်း ကိုယ်ကျိုးစီးပွားထိခိုက်ကြမှာ ကြောက်ကြတဲ့သူတွေချည်းပါပဲ”

လှူနေကျ ပြည်သူအများစုသည် ဒီပွဲနိုင်မှဖြစ်မည်ဆိုသည့် စိတ်ဓာတ်မျိုးနှင့် ကူနေကြခြင်းဖြစ်သည်။ ယခုတစ်ကြိမ် မနိုင်ခဲ့လျှင် နောင်နှစ်ပေါင်း ဆယ်စုနှစ်များစွာ အောက်ကျနောက်ကျမှုပေါင်းများစွာဖြင့် မျိုးဆက်သစ်ကလေးများ ကြီးပြင်းကြရလိမ့်မည်ဆိုသည့် အသိစိတ်က သူတို့အတွက် တော်လှန်ရေးကို တွန်းအားတစ်ခုဖြစ်စေသည်။  

”အဓိကကတော့ အကြောက်တရားတွေ မသိမသာလွှမ်းမိုးလာကြတာ။ ကိုယ်ကျိုးစီးပွားနဲ့ ဖက်လာမယ်ဆိုရင်တော့ ၈၀ ရာခိုင်နှုန်းသောလူများဟာ ကူဖို့၊ ထောက်ပို့ဆောင်ရွက်ဖို့ကို တုံ့ဆိုင်းလာကြပါတယ်” ဟု တော်လှန်ရေးအဖွဲ့တစ်ခုကို  လစဉ်ထောက်ပံ့နေသည့် အလှူရှင်တစ်ဦးက ​ပြောသည်။

“တော်လှန်ရေးကာလ တစ်နှစ်ကျော်လာပြီဖြစ်ပေမဲ့ မြို့ကြီးတွေပေါ်က လူအများစုက  ဒီနောက်ပိုင်းတော့ နေသာသလို နေလာကြတယ်”  

ဒေသအသီးသီးမှ တော်လှန်ရေးအဖွဲ့အစည်းများအနက် အများစုမှာ တိုက်ပွဲဝင် မောင်းပြန်သေနတ် လိုအပ်နေကြပြီး NUG ကလည်း လက်နက်ထောက်ပံ့နိုင်မှုနှင့် ပတ်သက်ပြီး ဝေဖန်ခံနေရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို ရင်ဆိုင်နေရသူတို့ လက်နက်ဝယ်ယူနိုင်ရေးအတွက် ငွေရနိုင်သည့် နည်းလမ်းတစ်ခုမှာ အင်တာနက်အသုံးပြုသူတို့က သတ်မှတ်ထားသည့် app များ၊ ဝက်ဆိုက်များ အသုံးပြုခြင်းဖြင့် ကြော်ငြာခရရှိစေရန် ဝိုင်းဝန်းကြိုးစားကြသည့် နည်းလမ်းဖြစ်သည်။

အင်တာနက်သုံးနိုင်သူ မည်သူမဆို ပါဝင်နိုင်သည့် ထိုလှုပ်ရှားမှုတွင် ပါဝင်အားဖြည့်သူ အများအပြားရှိနေသော်လည်း နိုင်ငံအတွင်း အင်တာနက်အသုံးပြုခနှုန်းထား မြင့်မားလာခြင်း၊ အင်တာနက်နှေးကွေးခြင်းနှင့် ဖြတ်တောက်ခံရခြင်း၊ လျှပ်စစ်ဓာတ်အား အချိန်အနည်းငယ်သာ ရရှိခြင်း စသည့် အခြေအနေဆိုးများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ကြော်ငြာခဝင်ငွေ လျော့နည်းလာသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button