
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် ယနေ့ (မေ ၂၀) နံနက်အစောပိုင်း၌ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) က ရဲကင်းစခန်းတစ်ခုကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ စစ်ကူလာသော ယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်သည်ဟု သိရသည်။
မန္တလေးမြို့မြောက်ဘက် မိုင် ၄၀ အကွာ ရွှေပြည်ရွာရှိ ရဲကင်းစခန်းကို နံနက်မိုးမလင်းမီ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ စခန်းမှူးအပါအဝင် ၅ ဦးသေဆုံးကြောင်း ဒေသအခြေစိုက် ဥဒေါင်းမင်းအမည်ရ PDF အဖွဲ့နှင့် မတ္တရာ PDF မှ တာဝန်ရှိသူတို့က ပြောသည်။
လက်လုပ်သေနတ်နှင့် စိန်ပြောင်းများသုံး၍ ၂၅ မိနစ်ကြာ တိုက်ခိုက်ရာ ရဲကင်းစခန်းမှ စခန်းမှူးနှင့် အခြားရဲနှစ်ဦးသေဆုံးပြီး ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိဟု ဥဒေါင်းမင်း PDF တာဝန်ရှိသူက ဆိုသည်။
ရဲကင်းစခန်းကို တိုက်ခိုက်ပြီးနောက် လေးနာရီဝန်းကျင်အကြာတွင် သပိတ်ကျင်းမြို့နယ်ဘက်မှ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကိုလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်သည်ဟု သိရသည်။
ထိုစစ်ကူယာဉ်တန်းကို ရွှေပြည်ရွာနှင့် သုံးမိုင်ခန့်အကွာ ငွေတောင်ရွာ အနီးတွင် နံနက် ၅ နာရီခန့်၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားနှစ်ဦးသေ၍ တစ်ဦးဒဏ်ရာရသည်ဟု ဥဒေါင်းမင်း PDF တာဝန်ရှိသူက ဆက်ပြောသည်။
“(စစ်တပ်) သူတို့လာတော့ (ငွေတာင်ရွာ) တိုးဂိတ်နားမှာ သူတို့ သတင်းကြိုရပုံပေါ်တယ်။ ကားပေါ်ကဆင်းပြီး မိုင်းရှာတယ်။ ကျွန်တော်တို့ သုံးလုံးခွဲပြီး တိုက်ခိုက်ပေမဲ့ မထိဘူး။ ကျန်တာတွေ သူတို့ တွေ့သွားပြီးတော့ မိုင်းတွေဖြုတ်သွားတယ်”ဟု ၎င်းက ဆိုသည်။
“သူတို့ဖြုတ်သွားတဲ့အထိက တစ်လုံးက ထပေါက်တဲ့အတွက် စစ်သားနှစ်ယောက် နေရာတင် သေပြီးတော့ တစ်ယောက်က ဒဏ်ရာရသွားတယ်” ဟု ထို PDF တာဝန်ခံက ဆက်ပြောသည်။
အထက်ပါဖြစ်စဉ်များကို သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်းမရှိ သေးပေ။
ရွှေပြည်ရွာ၊ ငွေတောင်ရွာတို့နှင့် နာရီဝက် ဝန်းကျင်ခရီးသာရှိသည့် ကျည်တောက်ပေါက်ရွာခံ တစ်ဦးကမူ ပစ်ခတ်၊ ပေါက်ကွဲမှုများအကြောင်း ကြားရသည်ဟု ပြောသည်။
“ရွေပြည်ရဲစခန်းကို ညကြီးမိုးချုပ် တိုက်ခိုက်ခံရတယ်ဆိုတာက ဟုတ်ပါတယ်။ ဘယ်သူတွေက လာတိုက်မှန်းတော့ သေချာမသိဘူး။ မနက်ကျတော့မှ ရဲတွေနဲ့ စစ်သားတွေသေတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန်တွင် ဆန္ဒပြရုံဖြင့်ပင် သေနတ်ဖြင့် ပစ်ခံရသည့် အခြေအနေတွင် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ ပေါ်ပေါက်နေရာ လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းရှိ ဒေသများလည်းပါဝင်နေသည်။
ထိုဒေသများအတွင်း စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့်အပြင် စစ်ကြောင်းထိုး ဝင်ရောက်သည့်နေရာများတွင်လည်း နေ့စဉ်နှင့်အမျှ ကျေးရွာများ မီးရှို့ခံရခြင်း၊ ဒေသခံများ အစုအပြုံလိုက် သတ်ဖြတ်ခံသည်။
ပြည်သူပိုင် နေအိမ်များ ပျက်စီးမှုကို ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းဆိုသလို ၎င်းတို့လက်ချက်ဖြင့် သေဆုံးမှုများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုလေ့ မရှိပေ။
သို့သော် ၂၀၁၆၊ ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း အလားတူ ကျူးလွန်မှုများဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စစ်ကောင်စီက အမှုရင်ဆိုင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)