သတင်း

သက်တမ်းရှည် နိုင်ငံရေးသမား ဦးသုဝေကွယ်လွန်

ဒီမိုကရက်တစ်ပါတီ(မြန်မာ) တည်ထောင်သူ အသက် ၉၁ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမား ဦးသုဝေသည် မေ ၁၈ ညပိုင်းက ရန်ကုန်မြို့တွင် ကွယ်လွန်သွားသည်။

ရွှေပြည်သာမြို့နယ် နေအိမ်မှ အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် ဆုံးပါးသွားသည်ဟု ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောသည်။

“ကျနော်သိသလောက် သူကရင်ကြပ်လို့ ဆေးသွင်းလိုက်တယ်။ နောက်တော့အခြေအနေမကောင်းလို့ အနီးဆုံးဆေးရုံဖြစ်တဲ့ အင်းစိန်ဆေးရုံကိုသွားရင်းနဲ့ လမ်းပေါ်တင်ဆုံးသွားတာ” ဟု သူက ဆိုသည်။

ဦးသုဝေ၏ ရုပ်အလောင်းကို မနက်ဖြန် (မေ ၂၀)တွင် ရွှေပြည်သာ ကျူချောင်းသုသာန်၌ မီးသင်္ဂြိုဟ်မည်ဟု ၎င်းက ဆက်ပြောသည်။

လွတ်လပ်ရေးရပြီးခေတ် ၁၉၄၈မှစ၍ တောင်ငူခရိုင်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂများတွင် လှုပ်ရှားခဲ့ဖူးသူ ဦးသုဝေမှာ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) အစိုးရလက်ထက် ၁၉၅၇ မှ ၁၉၆၄ ခုနှစ်အထိ ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ အတွင်းရေးမှူးလည်း ဖြစ်ခဲ့သည်။

ဖဆပလ အစိုးရကို ဖြုတ်ချ၍ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းထားချိန် ၁၉၆၄ နောက်ပိုင်းမှစ၍ နိုင်ငံရေးလောကသို့ ဦးသုဝေ ရောက်လာသည်။

၁၉၇၀ ဝန်းကျင်တွင် နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်၍ အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် ကြိုးပမ်းခဲ့ဖူးပြီး မအောင်မြင်ခဲ့ပုံကို သူကိုယ်တိုင်ရေးသည့် ပါလီမန် ဒီမိုကရေစီနှင့်ကျွန်တော် စာအုပ်တွင် ဦးသုဝေက မှတ်တမ်းတင်ခဲ့သည်။

၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး အပြီးတွင် ပြည်တွင်းသို့ ပြန်ရောက်နေသည့် ဦးသုဝေက လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်မှူးအောင်နှင့်အတူ ဒီမိုကရေစီပါတီ ထူထောင်ကာ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။

ထိုကာလအတွင်း အာဏာသိမ်းထားသည့် စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ဦးသုဝေမှာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ အကျဉ်းသားဖြစ်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင်မှ ပြန်လည်လွတ်မြောက်လာသည်။

ထို့နောက် ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ ဖဆပလနှင့် ဆိုရှယ်လစ်ပါတီတို့တွင် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကျော်ငြိမ်းသမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့နှင့်အတူ လက်ရှိဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို ၂၀၁၀ တွင် ထူထောင်ကာ ကွယ်လွန်ချိန်အထိ ဦးသုဝေက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ရန်ကုန်မြို့ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်းမြို့ နယ်တို့မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်ခဲ့ဖူးသော်လည်း အကြိမ်တိုင်းတွင် ဦးသုဝေ ရှုံးခဲ့သည်။

မျက်မှောက် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ မလိုမုန်းထားမှုကြုံရသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင်လည်း ဦးသုဝေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တွေ့လာရသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရလာသည့်  NLD က သူ့ကို ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)တွင် နိုင်ငံရေးပါတီ အစုအဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် နေရာပေးခဲ့သည်။

Institute for Strategy and Policy- Myanmar အဖွဲ့မှ ဦးအောင်သူငြိမ်းက ဦးသုဝေ၏ ဘဝသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ဖြစ်ခဲ့သည်ဟု ဆိုသည်။

“အသက် ၉၁ နှစ်တိုင် ယုံကြည်ရာအတွက်၊ မြန်မာပြည် ဒီမိုကရေစီထွန်းကားရေးနဲ့ ငြိမ်းချမ်းရေးအတွက် တတ်စွမ်းသမျှ ကိုယ်ကျိုးစွန့်သွားသူပါ” ဟု ဦးအောင်သူငြိမ်းက သူ၏ Facebook စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ရေးခဲ့သည်။

ဦးသုဝေ ဦးဆောင်သည့် ပါတီသည် စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ဆက်ဆံရေးရှိသည်။ NLD ကိုဝေဖန်သည့် ကြေညာချက်များ ပူးတွဲထုတ်ပြန်ရာတွင်လည်း သူ၏ပါတီ ပါဝင်သည်။

စစ်တပ်က ကမကထ လုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် သတင်းသမားများ ဆွေးနွေးပွဲတစ်ခုတွင် သူက နိုင်ငံရေးနယ်ပယ်ရောက် စစ်တပ်သည် စစ်တန်းလျားသို့ တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာလိမ့်မည်ဟု   ဟောပြောဖူးသည်။ 

ဦးသုဝေကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီးနှစ်ဦးကျန်ရစ်သည်ဟု ပါတီ ဒုဥက္ကဋ္ဌထံမှ သိရသည်။

(ကိုးကား- ဦးသုဝေကိုယ်တိုင်ရေးသည့် “ပါလီမန် ဒီမိုကရေစီနှင့် ကျွန်တော်” ။ Myanmar Times)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button