
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်း ကျေးရွာများတွင် နယ်မြေစိုးမိုးနိုင်ရေးအတွက် အကြီးအကျယ် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်က ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးပြီး ဓားစာခံလုပ်ထားကြောင်း ဒေသခံများနှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မေလ ဒုတိယပတ်မှစ၍ အင်အား ၁၀၀ နီးပါးရှိ စစ်ကြောင်းတစ်ခုသည် ဝက်လက်အရှေ့ပိုင်းရှိ ကျေးရွာများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ကာ ယမန်နေ့ (မေ ၁၇) ညနေတွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ သစ်ဆိမ့်ကျေးရွာသို့ ရောက်ရှိလာသည်။
ထိုရွာ စာသင်ကျောင်းအတွင်း ၎င်းတို့ ဖမ်းလာသည့် ဒေသခံများနှင့် သစ်ဆိမ့်ကျေးရွာမှ ဒေသခံ ၂၀ ခန့် အပါအဝင် လူ ၄၀ ခန့်ကို ထိန်းသိမ်းထားကြောင်း ဒေသခံတို့၏ အဆိုအရ သိရသည်။
စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကုလားမ၊ လက်ကောက်ကျ၊ မန်ကျည်းသုံးပင်၊ ဆားတောင်ကြီး၊ မှက်ထိ၊ မင်းကုန်း စသည့်ကျေးရွာများမှ ဖမ်းဆီးလာသည့် ဒေသခံ ၂၀ ခန့်ရှိပြီး ကျေးရွာဘုန်းကြီးကျောင်း၌ ပုန်းအောင်းနေသည့် သစ်ဆိမ့်ရွာသား ၂၀ ခန့်ပါ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သော GZ Special Task Force – Wetlet ၏ တာဝန်ခံက ပြောသည်။
“ရိုက်နှက်မေးမြန်းတာတွေ ရှိတယ်လို့ ကြားတယ်၊ အဓိကကတော့ PDF တွေကို ရှာတာပေါ့၊ ပြီးတော့ ရွာသားတွေကို တရားချတာပေါ့။ ခင်ဗျားတို့ ကလေးတွေကို PDF ထဲ မဝင်စေနဲ့။ ကျွန်တော်တို့က နယ်မြေရှင်းလင်းရေး လာလုပ်ပေးတာပေါ့။ PDF ကို မထောက်ခံကြနဲ့ ပြောဆိုစည်းရုံးတယ်လို့ ကြားတယ်”ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးထားသည့် ဒေသခံအချို့ကို စစ်ယူနီဖောင်းဝတ်စေကာ စစ်ကြောင်းအရှေ့မှ သွားလာခိုင်းခြင်းများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ ကင်းထောက်တွေရဲ့ သတင်းပေးချက်အရဆို ဒီကောင်တွေက ဖမ်းထားတဲ့ ရွာသူရွာသားအချို့ကို စစ်ယူနီဖောင်းဝတ်ပေးပြီး၊ အထုပ်တွေထမ်းပြီး ရှေ့က သွားခိုင်းတာမျိုး လုပ်တယ်။ အဲဒီကျတော့ ကျွန်တော်တို့အဖွဲ့တွေက တိုက်ခိုက်မှုက လုပ်မရတော့ဘူး။ ကိုယ့်ပြည်သူတွေ ထိမှာစိုးရိမ်တော့ တိုက်ပွဲလည်း ဖော်မရ၊ မိုင်းလည်း ခွဲမရတော့တဲ့ အနေအထားဖြစ်ကုန်တာပေါ့” ဟု ထပ်ပြောသည်။
ထိုစစ်ကြောင်းသည် လက်ကောက်ကျရွာမှ စတင်ဝင်ရောက်ပြီး မန်ကျည်းသုံးပင်၊ ပုလဲသွယ်၊ မောင်းကုန်း၊ မှက်ထိ စသည့်ကျေးရွာများမှ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၅၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။
မေ ၁၄ ကလည်း မှက်ထိကျေးရွာမှ တစ်ဦးနှင့် ဖမ်းဆီးခံရသူ အခြား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သတင်းဌာနတချို့က ရေးသားဖော်ပြထားသည်။
သတ်ဖြတ်၊ ပြန်ပေးဆွဲ၊ မီးရှို့သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို စစ်ကောင်စီသတင်းထုတ်ပြန်ချက်များတွင်လည်း ထိုအကြောင်းအရာများ ဖော်ပြလေ့မရှိပေ။
ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမည့်အခြေအနေ၊ ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်းခံရမည့် အခြေအနေများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ဒေသခံတို့က ပြောသည်။
စစ်ကောင်စီတပ် ရန်ပြုတတ်ကြောင်းကို အားလုံး သိရှိနေကြသည်ဟု သစ်ဆိမ့်ကျေးရွာသားတစ်ဦးက ပြောသည်။
“သူတို့ ဝင်လာရင် ဖမ်းဆီးမေးမြန်းခံရမယ်၊ ဓားစာခံဖမ်းခံရမယ်ဆိုတော့ ကျွန်တော်တို့မှာ ပြေးရတာပေါ့ဗျာ၊ ရွာတွေဆို အကုန်ပြေးကြရတာ၊ ကိုယ်လွတ်ပဲ။ အိမ်ရော၊ မွေးထားတဲ့တိရစ္ဆာန်ရော ထားခဲ့ရတာပဲ။ မပြေးဘဲ ရွာထဲ ပုန်းနေတဲ့သူတွေ အခု ဖမ်းခံထားရပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရွာသားက ပြောသည်။
ရွာသို့ရောက်လာသည့် လက်နက်ကိုင်စစ်သည် အင်အား ၁၀၀ ခန့်ရှိပြီး ထိုအထဲတွင် အမျိုးသမီးတချို့လည်း ပါဝင်သည်ကို တွေ့ခဲ့ရသည်ဟု သူက ဆက်ပြောသည်။
အင်အား အကန့်အသတ်ဖြစ်လာချိန် စစ်သားတို့၏ အိမ်ထောင်ဖက်များကို လက်နက်တပ်ဆင်ထားတတ်သည့် စစ်တပ် သစ်ဆိမ့်သို့ ရောက်ချိန်တွင် သစ်ဆိမ့်ကျေးရွာအုပ်စုအတွင်းရှိ ကူးတို့၊ လှေပို့ ဆိပ်၊ ရွာသစ်၊ ရေကန်ပို့၊ ကျားကွင်း၊ ထုံးဘို ကျေးရွာတို့မှ ဒေသခံ ၂၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်ကြရသည်။
ဒေသတွင်းကာကွယ်ရေးအဖွဲ့များက မေ ၇ ရက်က မန်ကျည်းသုံးပင်ကျေးရွာအနီး ထိုစစ်ကြောင်းကို ခုခံ တိုက်ခိုက်ခဲ့သေးသည်။
ယင်းနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံတို့ကို ဖမ်းဆီးပြီး ဓားစာခံအဖြစ် အသုံးချနေသည့်အတွက် ခုခံ တိုက်ခိုက်နိုင်ခြင်း မရှိဘဲ စောင့်ကြည့်နေရသည်ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း သစ်ဆိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် ဝင်ရောက်ကာ ကျေးရွာအတွင်း စီးနင်းပစ်ခတ်ခဲ့၍ ဒေသခံ ၂ ဦး ဒဏ်ရာရသလို လူ ၅၀ ခန့်လည်း ထိုစဉ်က အဖမ်းခံခဲ့ရသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ကလည်း စဉ့်ကူးမြို့နယ်၊ ကျောက်မြောင်းမြို့ဘက်မှ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ခု မခေါက်ရွာအနီး တပ်စွဲထားစဉ် နောက်တစ်နေ့ (ဧပြီ ၂၈) နံနက်တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မည်ဖြစ်သည့်အတွက် ရှောင်တိမ်းကြရန် သတင်းဖြန့်ခဲ့၍ အနီးအနားမှ မခေါက်၊ ဟင်္သာကြီး၊ ကုလားမ၊ လက်ကောက် ကျ၊ နွယ်ညိမ်းစသည့် ရွာများမှ ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေးခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)