
ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်းအစွန်ဆုံးရှိ ပလက်ဝမြို့နယ်တွင် မေ ၁၅ ရက်နေ့က စစ်ကောင်စီတပ်စခန်းတစ်ခုကိုလာသော ရဟတ်ယာဉ်ကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထုတ်ပြန်သတိပေးသည့်နေ့တွင် အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဟတ်ယာဉ်မှာ သံထောင်ကျေးရွာအထက်ပိုင်း လေးမြို့ချောင်းအနောက်ဘက်ကမ်းပေါ်ရှိ တပ်စခန်းကို ရိက္ခာလာပို့သည်ဟု ယူဆရပြီး ချောင်းအရှေ့ဘက်ခြမ်းရှိ AA တပ်ဖွဲ့ဝင်များ က ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“လေယာဉ်လာတယ်။ လာတဲ့အချိန်မှာ သံထောင်ရွာ (ဟောင်း) ရှေ့ဘက်ကမ်းမှာရှိတဲ့ AA က ပစ်တယ်။ တပ်စခန်းကလည်း ပစ်တယ်။ ပြီးတော့ လေယာဉ်ပေါ်ကလည်း ပစ်သံကြားတယ်။ အပြန်အလှန်ပစ်တာပါ” ဟု သံထောင်ရွာဒေသခံ ထိုအမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် လေးမြို့ချောင်းအရှေ့ဘက်ကမ်းရှိ သံထောင်ကျေးရွာရှိ နေအိမ်အချို့ကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း၊ ရွာသားအားလုံးနီး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။
“တိုက်ပွဲဖြစ်နေတဲ့အချိန်မှာတော့ ကျွန်တော်တို့ ရွာသားတွေက မပြေးဘူး။ တိုက်ပွဲဖြစ်ပြီးမှ ပြေးတဲ့လူပြေးကြတယ်။ လေးမြို့ချောင်းရဲ့ အရှေ့ဘက်ကမ်းမှာ သံထောင်ရွာသစ်ရှိတယ်။ အဲဒီရွာသစ်က အလယ်မှာကျတယ်ဆိုတော့ ကျည်ဆန်တွေကျတယ်လို့ သိရတယ်။ အဲဒီရွာလူတွေ အားလုံးပြေးတယ်” ဟု ၎င်းက ပြောသည်။
နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုရှိမရှိ မသိရသေးပေ။
“လေယာဉ်လာတဲ့အခါ ပစ်တာ။ ပစ်တဲ့အသံတွေကြားနေရတယ်။ လေယာဉ်ပျံသွားတဲ့ အချိန်မှာ မဖြစ်တော့ဘူး။ လေယာဉ်က ဘယ်ကနေလာတာလဲ မသိဘူး။ ဟိုဘက်ကမ်းက ရွာက နေအိမ်ခေါင်မိုးတွေမှာ ကျည်ဆန်ထိလို့ ပြေးကြတယ်လို့ပြောတယ်” ဟု သံထောင်ရွာမှ ချင်းအမျိုးသမီးတစ်ဦးကလည်း ပြောသည်။
သံထောင်ကျေးရွာသစ်နှင့် ရွာဟောင်းတွင် စုစုပေါင်း အိမ်ခြေ ၃၀၀ ခန့်ရှိကာ ချင်းလူမျိုးအများစု နေထိုင်သည်ဟု သိရသည်။
ပလက်ဝမြို့ခံတစ်ဦးကမူ သံထောင်ကျေးရွာအနီး စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်သည်ဟု သိရသော်လည်း အသေးစိတ်မသိဟု ဆိုသည်။
“တိုက်ပွဲဖြစ်ခဲ့တာက နှစ်ရက်လောက်ကြာခဲ့ပြီ။ ကြားရတာက နှစ်မျိုးကြားတယ်။ AA က လက်နက်ကြီးနဲ့ ပစ်တယ်။ လက်နက်ကြီးကမကွဲ၊ အဲလိုလည်းကြားတယ်။ နောက်တစ်ခုက အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အယောက် ၃၀ လောက် ကျတယ်လို့လည်း ကြားရတယ်။ အဲဒီနေရာက ကျွန်တော်တို့နဲ့ နည်းနည်းအလှမ်းဝေးတယ်။ မြောက်ဦးနယ်ဘက်နဲ့ နီးတယ်” ဟု မြို့ခံအမျိုးသားက ပြောသည်။
ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ၏ ပြောခွင့်ရ ဦးခိုင်သုခကို ဖုန်းဆက်မေးမြန်းနိုင်ရန် ဆက်သွယ်နေဆဲဖြစ်သည်။
AA ၏ မေ ၁၅ ရက် ထုတ်ပြန်ချက်တွင် ၎င်းတို့၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စစ်ကောင်စီက လိုက်လံနှောင့်ယှက်နေသည့်ပြင် ၎င်းတို့အသိအမှတ်ပြုထားသော ဝန်ထမ်းများကိုလည်း ဖမ်းဆီးရန် ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်းများ ရှိသည်ဟု ဖော်ပြသည်။
ယခုလအစောပိုင်းက ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာရှိ ULA ကျေးရွာတာဝန်ခံအချို့ကို စစ်တပ်က လိုက်လံရှာဖွေခဲ့သလို ယခုလ ၁၆ ရက်ကလည်း တောင်ကုတ်မြို့ပေါ်၌ စစ်ကားနှစ်စီးရောက်လာကာ ULA တာဝန်ခံများကို လိုက်လံရှာဖွေကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ နေရာဒေသအချို့တွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားကာ အစစ်အဆေးကြမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေချိန်တွင် မေ ၁၅ ရက်က AA စစ်ဦးစီးချုပ်နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)