သတင်း

ရှမ်းပြည်ရှိ စစ်တပ်နှင့် PNO ပူးပေါင်းစခန်း ကျပြီး ၁၅ ဦးသေ၊ ၅ ဦး အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာအတွင်း အင်အား ၂၀ ရှိသည့် စစ်တပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပူးပေါင်းစခန်းကို ယမန်နေ့ (မေ ၁၂) နံနက်က ဝင်တိုက်ရာ ၁၅ ဦး သေဆုံးကာ ၅ ဦး အရှင် ဖမ်းမိခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သူတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နှင့် ကယား(ကရင်နီ)ပြည်နယ် ဖယ်ခုံမြို့နယ်တို့ နယ်နိမိတ်ဆုံရာ ဒေသရှိ ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသော အဆိုပါဂိတ်စခန်းကို  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ပူးပေါင်းပြီး  တစ်နာရီခွဲကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဖယ်ခုံ PDF တပ်ရင်း ၂ ဒုတပ်ရင်းမှူးက Myanmar Now  ကို ပြောသည်။

“စခန်းကတော့ ကျသွားပြီ။ ကျသွားပြီးတဲ့ အချိန်လောက်မှ ကျွန်တော်တို့က လက်နက်ခဲယမ်းတွေ ကောက်ပြီးတော့ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ ကားနဲ့ တင်ခေါ်လာပြီးတော့ ပြန်ဆုတ်လာတယ်” ဟု အထက်ပါ ဒုတပ်ရင်းမှူးက ဆိုသည်။

သေဆုံးသူများထဲတွင် ဗိုလ်မှူးတစ်ဦး ပါဝင်ကြောင်း၊ စစ်သုံ့ပန်းများဖြစ်သော  စစ်ကောင်စီတပ်သား ၂ ဦးနှင့် PNO တပ်သား ၃ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းကယားစစ်ရေးကော်မရှင်ထံ ချက်ချင်း အပ်နှံကာ ဒဏ်ရာများကို ဆေးကုသပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

ထိုတိုက်ပွဲအတွင်း ၈၁ မမ စိန်ပြောင်းတစ်ခု၊ BA 100 ဟုခေါ်သည့် ကွန်မန်ဒို စိန်ပြောင်းတစ်ခု၊ RPG တစ်ခု၊ ၇၉ ဗုံးပစ် လောင်ချာတစ်ခု၊ MA 2 လက်နက်ငယ်တစ်လက်၊ MA 1 နှစ်လက်၊ MA 3 ခြောက်လက်နှင့် ဗုံးသီးမျိုးစုံ၊ လက်ပစ်ဗုံးများ၊ မိုင်းများ၊ ကျည်ဆန်များကို သိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

“အဲဒီလမ်းမပေါ်မှာ သူတို့က ထီရိရွာရဲ့ စာသင်ကျောင်းပေါ်မှာ ကတုတ်ကျင်းတွေဘာတွေ တူးပြီး တပ်စွဲထားတယ်။ တပ်စွဲပြီးတော့ လမ်းသွားလမ်းလာတွေဆိုလို့ရှိရင် ကျွန်တော်တို့ဘက်က စစ်ရှောင်တွေ စစ်ရှောင်လို့ရှိရင် ဖမ်းတယ် ဆီးတယ်၊ စစ်တယ်။ အဲဒါမျိုးတွေ လုပ်တယ်” ဟု အထက်ပါ ဒုတပ်ရင်းမှူးက ဆိုသည်။

“နောက် ပိုက်ဆံတောင်းတယ်။ ဒူးထောက်ခိုင်းတာတွေလုပ်တယ် ။ ကား တွေ စစ်တာတွေလုပ်လို့ ကျွန်တော်တို့က အဲဒီစခန်းကို သွားတိုက်တာဗျ”

တိုက်ပွဲဖြစ်ပြီးမကြာမီ စစ်ကောင်စီ၏ ဖယ်ခုံမြို့အခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လက်နက်ကြီးပစ်ကူသကဲ့သို့ စစ်လေယာဉ် နှစ်စင်းကလည်း ဗုံးလာကြဲခဲ့ကြောင်း၊ ဒဏ်ရာရသည့် ဖယ်ခုံ PDF နှစ်ဦးထဲမှ  တစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ ကြောင်း သိရသည်။

စခန်းကျပြီးနောက် စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် လက်ရှိတွင် ဒေသခံနှင့် စစ်ရှောင်အချို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဆိုသည်။

မေလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် နေပြည်တော်နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသည့် ပင်လောင်းမြို့နယ် လိန်းလီ ကြိုးတံတားရှိ စစ်ကောင်စီဂိတ်စခန်းကို ဖယ်ခုံ PDF နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲအပြီးတွင် အနီးအနားကျေးရွာအချို့ကို စစ်တပ်က ဝင်စီးပြီး ရွာသား ၅ ဦးကို ပစ်သတ်ခဲ့ကြောင်း ဖယ်ခုံ PDF ဒုတပ်ရင်းမှူးက ဆိုသည်။

ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်အထိပါ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်လာနိုင်ပြီး ရှမ်းပြည်နယ်တွင် စစ်ဘောင်ကျယ်လာနေပြီဟု ၎င်းက မှတ်ချက်ပြုသည်။ 

ကရင်နီပြည်နယ်တွင် စစ်ပွဲ အရှိန်မြင့်လျက်ရှိပြီး ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများ တိုက်ခိုက်ခံနေရသလို ပြီးခဲ့သည့် ဧပြီလမှစ၍ ဖရူဆိုမြို့နယ်တွင် စစ်ယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရသည်။ အလားတူ ရှားတောမြို့နယ်တွင်လည်း   စစ်ကောင်စီ၏ တပ်စခန်းများကို တိုက်ခိုက်နေသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၁၉၇၀၀၀ ကျော်ရှိလာကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က မေလ ၁၁ က ထုတ်ပြန်ထားသည်။

ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO သည်  စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် ဆီဆိုင်၊ ဟိုပုန်း၊ ပင်လောင်း မြို့နယ်များကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ရရှိခဲ့သည်။

တောင်ကြီးမြို့ အခြေစိုက်ထားသော၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အသွင်ပြောင်းဖွဲ့စည်းထားသော ဌာနေပြည်သူ့စစ် (PNO/PNA) အဖွဲ့သည် စစ်ကောင်စီဘက်မှ ပါဝင်တိုက်ခိုက်နေသဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်း ပအိုဝ်းလူငယ်အဖွဲ့ ၁၁ ဖွဲ့က ယမန်နှစ်က ထုတ်ပြန် ထားသည်။ 

ဖယ်ခုံ PDF တပ်ရင်း ၂ ဒုတပ်ရင်းမှူးကလည်း PNO နှင့် စစ်ကောင်စီတပ်ကို ပူးတွဲတွေ့နေရသည်ဟု ပြောသည်။

“PNO က အစကတည်းက စစ်တပ်ရဲ့လူတွေပဲ။ စစ်တပ်ခိုင်းသမျှ စစ်တပ်ဘက်မှာပါတဲ့ လူတွေပဲပေါ့။ စစ်တပ်နဲ့ပဲ အတူတူ နေရာတိုင်း ကင်းတွေ တွဲထိုင်တယ်။ ကျွန်တော်တို့ဘက်က ကြည့်ရင်တော့ ဦးအောင်ခမ်းထီနဲ့ စစ်တပ်က အတူတူပဲ။ သိပ်မထူးဘူးပေါ့” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button