သတင်း

အထီးကျန်စစ်ကောင်စီကို သံတမန်အသိုင်းအဝိုင်းက အဖက်မတန်သလို ဆက်ဆံလာ  

လေးလတာ လိပ်ခဲတည်းလည်းဖြစ်ပြီးနောက် သံရုံးယာယီတာဝန်ခံအဆင့် လျှော့ချခန့်အပ်ရန် ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်ကို အာဏာသိမ်းစစ်ကောင်စီက ကန့်ကွက်ထားသည်ဟု Nikkei Asia သတင်းက ဆိုသည်။

ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးတာဝန်ခံအဖြစ် Pete Vowles ကို ခန့်အပ်ရန် အဆိုပြုချက်ကို လက်မခံဘဲ မူလအတိုင်း သံအမတ်အကြီးအဆင့် ခန့်အပ်မှသာ လက်ခံစဉ်းစားမည်ဟု စစ်ကောင်စီက ဧပြီလနှောင်းပိုင်းတွင် အကြောင်းကြားသည်ဟု Nikkei Asia မဂ္ဂဇင်းအယ်ဒီတာ Gwen Robinson က ယမန်နေ့တွင် ရေးသားသည်။

အနောက်နိုင်ငံများက ကိုယ်စားပြုသံအမတ်ခန့်အပ်ရာတွင် အဆင့်လျှော့ချခြင်း သို့မဟုတ် အစားထိုးခန့်အပ်ခြင်းမပြုဘဲ လစ်လပ်ထားခြင်းဖြင့် နေပြည်တော်သည် သံတမန်ရေးအရ ပို၍ အထီးကျန်ဆန်လာသည်ကို ပြနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် အာဏာသိမ်းပြီးကတည်းက မရပ်မနားအကြမ်းဖက်မှုများနှင့် နိုင်ငံတွင်း ကဖျက်ယဖျက်အခြေအနေကြားတွင် စစ်ကောင်စီက အရပ်သားများအပေါ် ဆက်လက်တိုက်ခိုက်နေခြင်းကို အနောက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပြစ်တင်ဝေဖန်ထားသည်။ 

လူပေါင်း ၁၄,၀၀၀ နီးပါး ထောင်ချခံထားရကာ အသတ်ခံသူ ထောင်ပေါင်းများစွာရှိသည့်ပြင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ငါးသိန်းကျော်ရှိသည်ဟု Nikkei Asia သတင်းတွင် ဖော်ပြသည်။

ဗြိတိသျှအစိုးရ ခန့်အပ်ထားသူ Vowles သည် ပြီးခဲ့သည့် ဩဂုတ်လတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော်လည်း စစ်ကောင်စီထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခြင်း မရှိခဲ့ပေ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နိုင်ငံပြင်ပ ခေတ္တထွက်ခွာရာတွင် စစ်ကောင်စီက ပြန်ဝင်ခွင့်မပေးသဖြင့် မြန်မာနိုင်ငံပြန်ဝင်ခွင့်ရရှိရန် ညှိနှိုင်းနေဆဲဖြစ်သည်။​

အငြင်းပွားဖွယ်ရာ ကိစ္စရပ်များနှင့်အတူ ဗြိတိန်နှင့် မြန်မာကြား သံတမန်ရေးရာ အပိတ်အဆို့မှာ ပို၍ အီလေးဆွဲနေသည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုကာ စစ်အုပ်စုကို ဝေဖန်ခဲ့သည့် လန်ဒန်ရှိ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကိစ္စလည်း အပါအဝင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဧပြီလတွင် မြန်မာသံရုံးဝန်ထမ်းများက ဦးကျော်စွာမင်းကို သံရုံးအတွင်း ဝင်ခွင့်မပေးဘဲ သော့ခတ်ပိတ်ပင်ခဲ့သည်။

စစ်ကောင်စီက ဖိအားပေးတောင်းဆိုနေသော်လည်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက လန်ဒန်အနောက်မြောက်ပိုင်းရှိ သံအမတ်ကြီးနေအိမ်မှ ထွက်ခွာပေးရန် ငြင်းဆန်ထားသည်။

ဗြိတိန်အစိုးရကလည်း အခြားနေထိုင်စရာ ရှာဖွေရန် ပုဂ္ဂိုလ်ရေးစာပေးပို့ထားသော်လည်း ထိုသံအမတ် နေအိမ်မှ ထွက်ခွာစေရေး ဖိအားပေးခြင်း မရှိပေ။ 

အခြားအနောက်နိုင်ငံအစိုးရများအနေဖြင့် စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုသည့်သဘော မသက်ရောက်စေရန် ၎င်းတို့၏ သံတမန်အဆင့်ကို လျှော့ချရန်အထိ ဗြိတိသျှသံအမတ်ကိစ္စက ရိုက်ခတ်နေသည်။ 

ဒိန်းမတ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီနှင့် တောင်ကိုရီးယားနိုင်ငံတို့က မြန်မာနိုင်ငံရှိ ကိုယ်စားပြုသံတမန်အဆင့်ကို လျှော့ချခဲ့သည် သို့မဟုတ် လျှော့ချရန် ပြင်ဆင်လျက်ရှိသည်။ 

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့အခြေစိုက် သံတမန်များအဆိုအရ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံသို့ သံအမတ်ကြီးအဆင့် စေလွှတ်ခြင်းမပြုရန် သဘောတူထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် သံရုံးမရှိဘဲ ပူးတွဲသံအရာရှိခန့်အပ်ထားသော အခြားနိုင်ငံအတော်များများသည်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွက် သံတမန်အသစ်ခန့်အပ်ခြင်း မပြုကြတော့ပေ။ ထိုနိုင်ငံများတွင် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် သံရုံးများနှင့် တွဲဖက်ထားသည့် ဩစတြီးယား၊ အိုင်ယာလန်နှင့် စပိန်တို့ပါဝင်သည်။ 

ဘရူနိုင်းနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာနိုင်ငံတွင် ရှိနေခဲ့သော ၎င်း၏သံအမတ်ကို ပြန်လည်ခေါ်ယူထားသည်။ သံအမတ်ကြီးအဆင့် ထပ်မံခန့်အပ်ခြင်းမပြုဘဲ သံရုံးဒုတိယအကြီးအကဲကို တာဝန်များလွှဲအပ်ပေးထားသည်။ 

အဖွဲ့ဝင် ၁၀ နိုင်ငံရှိ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင် လတ်တလော၌ ဘရူနိုင်းအပါအဝင် မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဆင့် လစ်လပ်ထားသည်။ 

စစ်ကောင်စီနှင့် ဖက်လဲတကင်းဆက်ဆံရေးရှိသော ထိုင်းနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး တာဝန်ပြီးဆုံးပြန်လာချိန်တွင် သံအမတ်အစားထိုးခန့်အပ်ရေးနှင့် ပတ်သက်၍ အချိန်ကြာဦးမည်ဖြစ်ကြောင်း ထိုင်းအရာရှိတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အသစ် ခန့်အပ်ခြင်းကိုမူ ထိုင်းအစိုးရက လက်ခံထားသည်။ ထိုသံအမတ်သစ်သည် ဘန်ကောက်တွင် စစ်သံမှူးတာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။​ 

သို့သော် ၎င်းအနေဖြင့် သံအမတ်ခန့်အပ်လွှာကို ထိုင်းဘုရင်မင်းမြတ်ထံ အခမ်းအနားနှင့် ပေးအပ်ခြင်း မပြုရသေးသည်ဖြစ်ရာ ထိုင်းတော်ဝင်နန်းတော်နှင့် မြန်မာစစ်တပ်ကြား ဆက်ဆံရေးမှာ ကသိကအောက်အခြေအနေဖြစ်သည်။

ဘရူနိုင်းနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဆင့်ကို လျှော့ချဖွယ်ရှိနေသည်ဟု ဒေသတွင်းသံတမန်ရင်းမြစ်များက ဆိုသည်။  ​

မလေးရှားနိုင်ငံသည်လည်း မြန်မာနိုင်ငံရှိ ၎င်း၏သံအမတ်ကြီးကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ပြန်လည်ဆင့်ခေါ်ခဲ့သည်။ ထို့ပြင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တရားဝင်ဆက်ဆံရန် မလေးရှားအစိုးရကလည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း NUG တာဝန်ရှိသူများနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မကြာမီက ထုတ်ဖော်ပြဆိုသည်။ အာဆီယံအဖွဲ့ဝင်များအကြား ပထမဆုံးအကြိမ် NUG နှင့် တိုက်ရိုက်ဆက်သွယ်ခြင်းလည်းဖြစ်သည်။ 

အနောက်နိုင်ငံများနှင့် စစ်ကောင်စီကြား ဆက်ဆံရေးက ဩစတြေးလျနှင့် နယူးဇီလန်အပေါ် မေးခွန်းများရှိလာသည်။ နယူးဇီလန်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကို ထပ်မံခန့်အပ်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသော်လည်း ဩစတြေးလျကမူ သံတမန်စေလွှတ်ရန် စဉ်းစားနေသည်ဟု ဆိုသည်။

မကြာမီက တာဝန်ပြီးဆုံးခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပုဂ္ဂိုလ်ရေးအရ သွားရောက်တွေ့ဆုံဖူးသည့်ပြင် အခြားစစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးထက်မနည်းကိုလည်း ဧပြီလတွင် တွေ့ဆုံခဲ့သည်။ 

လက်ရှိတွင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ထံ​ သံအမတ်ခန့်အပ်လွှာပေးထားသည့် နိုင်ငံများအနေဖြင့် ဆော်ဒီအာရေးဗျနှင့် အိန္ဒိယ နှစ်နိုင်ငံသာရှိသေးသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button