သတင်း

ရခိုင်တောင်ပိုင်းတွင် ULA ကျေးရွာတာဝန်ခံများကို စစ်ကောင်စီ လိုက်လံရှာဖွေ

စစ်ရေးအခြေအနေ တင်းမာနေသည့် ရခိုင်ပြည်နယ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ကျေးရွာတာဝန်ခံများကို စစ်ကောင်စီက လိုက်လံရှာဖွေခဲ့ပြီး ကျေးရွာအချို့၌ အိမ်ထောင်စုစာရင်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။ 

ပြီးခဲ့သည့် မေ ၆ က ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာကို စစ်ကား ၂ စီးဖြင့် ရောက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ULA ကျေးရွာတာဝန်ခံများကို လိုက်လံရှာဖွေခဲ့ပြီး နေအိမ်များကို မွှေနှောက်ရှာဖွေခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက Myanmar Now ကို ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ ဆားပြင်ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး နောက်တစ်နေ့ မေ ၇ နံနက် မှစ၍ စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။

“ULA က ကျေးရွာတာဝန်ခံ နေအိမ်တွေကို အိမ်နံပါတ်တွေနဲ့ လာပြီးတော့ ရှာတယ်။ ဓာတ်ပုံတွေရိုက်တယ်။ တချို့အိမ်တွေကို အိမ်ရှေ့၊ အိမ်နောက် ဓာတ်ပုံရိုက်တယ်။ ပြီးရင် ဝင်ပြီးတော့ စစ်တယ်။ ဘာကြောင့် အဲဒီလိုလုပ်လဲဆိုတာကိုတော့ မသိရဘူး” ဟု ဆားပြင်ကျေးရွာနေ ထိုသူက ဆိုသည်။

ထိုကျေးရွာရှိ ULA ကျေးရွာတာဝန်ခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုစစ်ကြောင်းမှာ ယမန်နေ့ (မေ ၈) နံနက်က ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်လည်း စစ်တပ်က ထိုသို့ လာရောက်စစ်ဆေးခဲ့ပြီး အိမ်နံပါတ်များမှတ်ယူပြီး ဓာတ်ပုံရိုက်ယူသွားခဲ့ကြကြောင်း၊ ထိုသို့ ပြုလုပ်နေခြင်းမှာ ဒေသခံပြည်သူများကို ခြိမ်းခြောက်သလိုဖြစ်ကြောင်း အထက်ပါ ဆားပြင်ကျေးရွာသားက ဆိုသည်။

ULA ကျေးရွာတာဝန်ခံများကို လာရောက်ရှာဖွေရာတွင် ကျေးရွာဒေသခံများကို အနှောင့်အယှက်ပေးခြင်း၊ စစ်ဆေးမေးမြန်းခြင်း မရှိခဲ့ကြောင်း၊ အိမ်ခြေ ၂၀ ခန့်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ရှာဖွေလိုသူများကို မတွေ့၍ နေအိမ်ကို ဓာတ်ပုံရိုက်ယူသွားကြောင်း နေအိမ်ရှာဖွေခံရသူ အမျိုးသားတစ်ဦးက ဆိုသည်။ 

“ဘာကြောင့်ဆိုတာကို တစ်ခုမှမပြောဘူး။ အိမ်ကို လာပြီး ရှာတယ်။ စစ်ဆေးတယ်။ လူကို မတွေ့တော့ အိမ်တွေကို ဓာတ်ပုံရိုက်ယူသွားတယ် အားလုံး” ဟု ၎င်းအမျိုးသားက ပြောသည်။

“သူတို့ လာတယ်ဆိုရင် ရှောင်နေရတယ်။ ဖမ်းယူသွားရင် ဘယ်လိုလုပ်မလဲ။ ကိုယ်က ULA တာဝန်ခံလည်း မဟုတ်။ ရွာမှာတော့ ULA တာဝန်ခံတွေ ရှိတယ်”

တောင်ကုတ်မြို့နှင့် မိုင် ၂၀ ခန့် ဝေးပြီး အိမ်ခြေ ၈၀၀ ခန့်ရှိသည့် ဆားပြင်ကျေးရွာမှ ဒေသခံများက စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်မည်ကို စိုးရိမ်ခဲ့ကြသည်ဟု ဆိုကြသည်။ 

ဧပြီလအတွင်းက တောင်ကုတ်မြို့နယ် လမုမော်ရွာ၊ ဘူးရွှေမော်၊ ငှက်ပျောတော စသည့် ကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေခဲ့သလို ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအချို့ကိုလည်း အိမ်ထောင်စုစာရင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

NLD ပါတီ အားကောင်းပြီး AA လှုပ်ရှားမှု နည်းပါးသော ရခိုင်တောင်ပိုင်းဒေသတွင် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ မွှေနှောက်ခဲ့ခြင်းလည်း ဖြစ်သည်။

အလားတူ ရခိုင်မြောက်ပိုင်း၊ စစ်တွေမြို့နယ် စစ်ကောင်စီတပ်နယ်တစ်ခုဖြစ်သည့် ကံ့ကော်ကျွန်းကျေးရွာကို မေ ၇၊ ည ၁၀ နာရီခန့်တွင် ကား ၇ စီးဖြင့် စစ်တပ်၊ ရဲ၊ ထွေအုပ်၊ လဝက၊ မီးသတ် အင်အား ၅၀ ခန့်က နာရီဝက်ခန့်ကြာအောင် အိမ်ထောင်စုစာရင်း စစ်ဆေးကြကြောင်း ၎င်းကျေးရွာသားတစ်ဦးက ပြောသည်။  

“စစ်တာက ဒီအိမ်မှာ အိမ်ထောင်ဦးစီး ဘယ်သူလဲ။ အမိအဖဘယ်သူလဲ။ အိမ်မှာ လူဘယ်နှယောက်ရှိလဲ အဲဒါတွေ မေးပါတယ်။ တခြားမေးတာတွေတော့ မရှိဘူး။ အဲဒီလိုလာမေးတဲ့အချိန်မှာ စစ်တပ်ကိုတော့ မမြင်လိုက်ရဘူး။ သူတို့က အပြင်ကနေရာယူထားကြတယ် ထင်ပါတယ်” ဟု ထိုကံ့ကော်ကျေးရွာသားက ဆိုသည်။

စစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) ခြေကုပ်ယူထားသည့် ရခိုင်ဒေသအတွင်း ဧပြီလအတွင်းနှင့် ယခုရက်ပိုင်း စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားကာ ခရီးသွားပြည်သူများကို အစစ်အဆေးကြမ်းနေပြီး AA စစ်ဦးစီးချုပ်ကလည်း အမ်းအခြေစိုက်တပ်နယ် တိုင်းမှူးကို မေ ၆ ရက်က အွန်လိုင်းလူမှုကွန်ရက်တွင် သတိပေး ရေးသားခဲ့သည်။

အလားတူ မေ ၇ ကလည်း ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် နိရဥ္စရာသတင်းဌာန၏ ရုံးခန်းဟု ယူဆရသည့် နေအိမ်တစ်ခုကို ရဲများ၊ ထောက်လှမ်းရေးများက အင်အားသုံးရှာဖွေခဲ့သောကြောင့် ထိုသတင်းဌာနမှ သတင်းသမားများ ထွက်ပြေးနေရသည်။ 

၂၀၂၀ နိုဝင်ဘာမှစ၍ AA နှင့် စစ်ကောင်စီတပ်တို့ အပစ်ရပ်တန့်နေသော ရခိုင်ပြည်နယ်တွင် ယမန်နှစ် နိုဝင်ဘာအတွင်း တစ်ကြိမ် စတင်တိုက်ပွဲဖြစ်ပြီးနောက် ဇန်နဝါရီအတွင်းမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနှင့် မြောက်ဦးမြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချကာ အစစ်အဆေးတင်းကျပ်ခဲ့သည်။ 

ယမန်နှစ် စက်တင်ဘာအတွင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ ကျေးရွာတာဝန်ခံများကို ခေါ်ယူကာ ရက္ခိုင့်တပ်တော် (AA) ကို ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှု ရှိမရှိ၊ ကျေးရွာအနီးဝန်းကျင်တွင် AA တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုတို့ကို မေးမြန်းစစ်ဆေးမှုများ စစ်ကောင်စီတပ်က ပြုလုပ်ခဲ့သည်။

AA နှင့် စစ်တပ်အကြား နားလည်မှုဖြင့်သာ အပစ်ရပ်ထားပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည်ဟု AA ဘက်က ပြောဆိုထားပြီး စစ်ကောင်စီဘက်ကလည်း PDF, AA သံသယဖြင့် လူဖမ်းဆီး၊ ထောင်ချမှုများ ဆက်လက်ပြုလုပ်နေသည်။ 

တောင်ကုတ်မြို့မှ အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည် CDM ဆရာမကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားပြီး NLD ပါတီမှ ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ဖမ်းဆီးထောင်ချထားသည်။ ထိုမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမင်းကိုဦးသည်လည်း ယမန်နှစ် ဒီဇင်ဘာကတည်းက PDF ထောက်ပံ့သံသယဖြင့် ဖမ်းဆီးခံထားရသလို ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါနပရဟိတကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်သည်လည်း AA သံသယဖြင့် ဖမ်းဆီးခံထားရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button