
မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန်စီစဉ်နေသည့် ရုရှားနိုင်ငံမှ စစ်ဘက်သုံး ကားထုတ်လုပ်ရေးကုမ္ပဏီ Kamaz ကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများချမှတ်ရန် Justice For Myanmar(JFM) က ယမန်နေ့ (မေ ၂) တွင် တောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်အတွက် စစ်ဘက်သုံးကားများ ရောင်းချနေသည့် Kamaz ကုမ္ပဏီမှာ ရုရှားနိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ရုရှားစစ်တပ်တွင် အသုံးပြုနေသည့် ကုန်တင်ယာဉ်အများစုမှာ ထိုကုမ္ပဏီထုတ်ဖြစ်သည်။
နေပြည်တော်သို့ လာရောက်သည့် ရုရှားနိုင်ငံ၊ တာတာစတန်ဒေသသမ္မတနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့ ဧပြီ ၂၈ ရက်က တွေ့ဆုံခဲ့ရာတွင် Kamaz ကုမ္ပဏီ၏ ကားထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုအကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ရုရှားရင်းနှီးမြှုပ်နှံမှုများသည် စစ်ကောင်စီကို အားပေးကူညီသည့်နည်းတူ စစ်ဘက်သုံးကားများ ထုတ်လုပ်မှုတိုးမြင့်ပါက စစ်တပ်၏ ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်မှု၊ အတင်းအဓမ္မရွှေ့ပြောင်းမှုနှင့် ကျေးရွာများ ဖျက်ဆီးသည့်လုပ်ရပ်များကို အားပေးရာရောက်ကြောင်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
“ကမ္ဘာ့လုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုနဲ့ ပစ်မှတ်ထားဒဏ်ခတ်မှုအပါဝင် မြန်မာစစ်တပ်နဲ့ ၎င်းတို့ရဲ့ အကျိုးစီးပွားတွေအပေါ် နိုင်ငံတကာအနေနဲ့ ချက်ချင်းအရေးယူဖို့တောင်းဆိုပါတယ်” ဟု ၎င်းက JFM ထုတ်ပြန် ချက်တွင် ပြောဆိုသည်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့် ရုရှားကို တုံ့ပြန်သောအားဖြင့် Kamaz ကုမ္ပဏီကို ဩစတြေးလျ နှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့ခဲ့ပြီး ကုမ္ပဏီမှ အထွေထွေမန်နေဂျာဖြစ်သူ Sergey Kogogin ကို လည်း ဗြိတိန်နှင့် ဩစတေးလျက ဒဏ်ခတ်အရေးယူထားသည်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာတွင် ရုရှားသည် Kamaz ကုမ္ပဏီထုတ်ကားများကိုအသုံးပြုပြီး မြန်မာစစ်တပ် ဝယ်ယူခဲ့သော ရုရှားထုတ် လေကြောင်းအရန်ကာကွယ်ရေးဒုံးလက်နက် Pantsir-S1 သယ်ဆောင်သည့်ကားများကိုလည်း ထိုကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်သည်ဟု JFM က ဆိုသည်။
၂၀၂၀ တွင် မြန်မာကို စစ်ဘက်သုံးထရပ်ကား ၇ စီးလွှဲပြောင်းခဲ့ကြောင်း ရုရှားမီဒီယာ Interfax က ဧပြီ ၂၉ တွင် ရေးသားဖော်ပြသည်။ Kamaz ၏ အကြီးဆုံးရှယ်ယာရှင်မှာ ရုရှားနိုင်ငံပိုင် စစ်လက်နက်လုပ်ငန်းဖြစ်သည့် Rostec ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇွန်လက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှား၏ စစ်မြေပြင်သုံး သံချပ်ကာယာဉ်များနှင့် ရဟတ်ယာဉ်များထုတ်လုပ်ရာ တာတာစတန်ကို သွားရောက်ခဲ့စဉ် ကုန်တင်ယာဉ်များနှင့် စစ်မြေပြင်သုံး သံချပ်ကာယာဉ်များထုတ်လုပ်သည့် KAMAZ ကုမ္ပဏီကို သွားရောက်လေ့လာခဲ့သည်။
အဆိုပါ KAMAZ Holding ကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်တွင် လုပ်ကိုင်လျက်ရှိပြီး ဒေသခံ မိတ်ဖက်ကုမ္ပဏီမှာ UMG Myanmar ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Panthera Motor ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း KAMAZ ကုမ္ပဏီမှာ ကုန်တင်ယာဉ်များနှင့် အရန်ပစ္စည်းများ မြန်မာသို့ တင်ပို့ခဲ့သည်ဟု ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သော သီတင်းပတ်က တာတာစတန်သမ္မတခရီးစဉ်တွင် ရေတပ်သင်္ဘော တည်ဆောက်သည့် JSC ZelenodoIsk Plant၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ စီမံကိန်းဖြစ်သော ပင်းပက်သံမဏိစက်ရုံတွင် ပါဝင်သည့် Ker-Holdinge နှင့် မြန်မာလေတပ်ကို ရဟက်ယာဉ်များရောင်းချပေးနေသည့် Rostec လက်အောက်ခံ Kazan Helicopter ကုမ္ပဏီမှ ကိုယ်စားလှယ်များ လိုက်ပါခဲ့သည်။
စစ်တပ်နှင့်ပူးပေါင်းသည့် Kamaz ကုမ္ပဏီအပါအဝင် တာတာစတန်သမ္မတနှင့် ရုရှားကို နိုင်ငံတကာက ထပ်မံအရေးယူပိတ်ဆို့ရန်လည်း JFM က တောင်းဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)