
ယောဒေသအလယ်ပိုင်းဖြစ်သော မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကျောမြို့နယ်တွင် ကြားဖြတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) တာဝန်ရှိသူထံမှ သိရသည်။
ကျောနယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှည့်လည်သွားလာစဉ် ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခြင်းဖြစ်ကာ ဧပြီ ၃၀ ရက်က စစ်တပ်ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်စဉ် ၁၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရသည်ဟု YDF ပြန်ကြားရေးတာဝန်ခံ ကိုညီက ပြောသည်။
ထို ဧပြီ ၃၀ ရက်၌ပင် နံနက် ၄ နာရီခန့်တွင် ကျောမြို့အရှေ့ဘက်ရှိ စစ်သားများတပ်စွဲထားရာ သစ်တောဂိတ်ကို သွားရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲပိုင်းတွင် ကျောမြို့အခြေ စိုက် အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)မှ ထွက်လာသည့် စစ်ကားတစ်စီးကို မိုင်းခွဲခဲ့ကြောင်း ၎င်းက ပြောသည်။
“မျှားခေါ်လိုက်တာပေါ့။ အဲဒါပြီးမှ သူတို့က ဖောကားတစ်စီးနဲ့ ထွက်လာတာ။ ကားပေါ်မှာ အယောက် ၃၀ ဝန်းကျင်တော့ ပါမယ်ထင်တယ်ဗျ။ လမ်းကနေ ဖြတ်ပြီးမိုင်းခွဲလိုက်တာ မသေတဲ့သူတွေကတော့ အကုန်ဒဏ်ရာရတာပဲ” ဟု ကိုညီက ပြောသည်။
ဧပြီ ၂၇ ရက် ညနေ ၅ ရီခန့်ကလည်း ကျောမြို့နယ်ရှိ ပုံညာတောင်အနီး ရှုခင်းသာရေရှင် (ရှုခင်းသာရေကန်) သို့ ရေချိုးရန်လာသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ ထွက်ပြေးသွားသည်ဟု ဆိုသည်။
“ချောင်းပစ်လိုက်တာ ပြီးတော့ မိုင်းခွဲတယ်။ အဲဒီမှာ ၆ ယောက်သေတယ်။ သုံးပွင့်ဗိုလ် တစ်ယောက်ရောပါတယ်ဗျ” ဟု YDF ပြန်ကြားရေးတာဝန်ခံ ကိုညီက ပြောသည်။
ထိုသို့သော တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ အရာရှိအဆင့်အပါအဝင် တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသည်ဆိုသော အချက်အလက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
နှစ်သစ်ကူးအခါမယဖြစ်သော သင်္ကြန်ကာလအတွင်း ဧပြီ ၁၄ ရက်တွင် ယောဒေသတောင်ပိုင်း ထီးလင်း မြို့အစွန်တွင် ပစ်ခတ်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၅ ဦး သေဆုံးသည်ဟု YDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် လကုန်ပိုင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့၏ ထိုတိုက်ခိုက်မှုများနောက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမွှေနောက်ကာ ဒေသခံပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု သိရသည်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့် နယ်မြေချင်းထိစပ်နေသော ယောဒေသအတွင်းရှိ မြို့ရွာများကို စစ်ကောင်စီက ယမန်နေ့ကတည်းက လိုက်လံဖြိုခွင်းနေခြင်းဖြစ်သည်။ စစ်တပ်က လပေါင်းများစွာကြာသည်အထိ နှိမ်နင်းနေသော်လည်း တောတောင်ထူသော ထိုဒေသတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ခုခံတော်လှန်မှု အားကောင်းနေဆဲဖြစ်သည်။
ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ်၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားသည် မြို့ပေါ်တွင်သာ အသက်ဝင်ပြီး ကျေးရွာများတွင် တော်လှန်ရေးတပ်များကသာ စိုးမိုးထားနိုင်သည်ဟု YDF က ထုတ် ဖော်ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)