သတင်း

နွားထိုးကြီးတွင် ရေခပ်ရန်အလာ စစ်ကားကို PDF က မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် စစ်ကားများကို ဒေသခံ PDF က ဆက်တိုက် လက်လုပ်မိုင်းဖြင့် တိုက်ခိုက်လျက်ရှိရာ ယနေ့ (မေ ၁) တွင်လည်း ကားဖြင့် ရေလာခပ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟု PDF တာဝန်ခံထံမှ သိရသည်။

ထိုသို့ လက်လုပ်မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်စဉ် စစ်ကားတစ်စီးပျက်စီးကာ စစ်သားနှစ်ဦး သေဆုံးသည်ဟုလည်း နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံ ကိုတွံတေးဆိုသူက ယနေ့ Myanmar Now ကို ပြောသည်။

နွားထိုးကြီးမြို့မြောက်ဘက် ၁၂ မိုင်အကွာရှိ ဝက်လူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကားဖြင့် ရေလာခပ်စဉ် မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကူရောက်လာသည့် စစ်ကားနှစ်စီးကိုလည်း မိုင်းနှစ်လုံးထပ်ခွဲကာ တိုက်ခိုက်သည်ဟု ၎င်းက ပြောသည်။ 

“စစ်ကားနဲ့ ရေလာခပ်တာ။ ကျွန်တော်တို့က မိုင်းလေးလုံးထောင်ထားတာ။ ပထမနှစ်လုံးက သူတို့ ရေခပ်လာတာကို ခွဲလိုက်တာ။ နှစ်ယောက်ကတော့ အဲဒီနားတင် သေသွားတာ။ သူတို့လူတွေထိသွားတော့ နောက်ထပ်နှစ်စီး စစ်ကူလာတာ။ နှစ်စီးလာတဲ့အချိန်မှာ နောက်နှစ်လုံးခွဲလိုက်တာ။ နောက်လာတဲ့ကားလည်း ထိတယ်လို့တော့ ပြောတယ်” ဟု ကိုတွံတေးက ပြောသည်။

လူဦးရေ ၁၀၀၀ ကျော်ရှိ ဝက်လူးရွာတွင် စစ်ကောင်စီတပ်က အနည်းဆုံးအင်အား ၃၀ ကျော်ဖြင့် အခြေချ တပ်စွဲထားကြောင်း၊ ရွာအနောက်ဘက်ရှိ ရေတွင်းသို့ ယနေ့ ရေလာခပ်စဉ် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“မိုင်းဆွဲပြီးတော့ သူတို့က ရမ်းပစ်နေတော့ အပြန်လှန်ပစ်ခတ်တာတော့ ရှိတယ်။ အရမ်းကြီးတော့ မကြာပါ ဘူး။ စက္ကန့်ပိုင်းလောက်ပဲ” ဟု ကိုတွံတေးက ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အသေးစိတ်အတည်မပြုနိုင်သေးကြောင်း၊ မိုင်းထိသည့် ကားတစ်စီးကို သံကြိုးဖြင့် ဆွဲသွားကြောင်း၊ စစ်တပ်က ဝက်လူးကျေးရွာတစ်ဝိုက်တွင် တောနင်း၍ ရှာဖွေစစ်ဆေးနေသည်ဟုလည်း ၎င်းက ပြောသည်။ 

ယမန်နေ့ နံနက်ပိုင်းတွင်လည်း နွားထိုးကြီးမြို့အရှေ့ဘက် ၂၁ မိုင်ခန့် အကွာရှိ ပြင်စီအနောက်ဘက်ရွာတွင် စစ်ကားတစ်စီးကို ဒေသခံ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးနိုင်သည်ဟုလည်း နွားထိုးကြီး PDF က ဆိုသည်။

ဧပြီလနှောင်းပိုင်းတွင် နွားထိုးကြီးနှင့် တောင်သာမြို့နယ်ကို ဆက်သွယ်သော လမ်းပေါ်၌ စစ်တပ်ထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးသယ်ယူခြင်း ရှိမရှိ ဒေသခံ PDF က ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီက အပြင်းအထန် လိုက်လံဖြိုခွင်းနေသော်လည်း မန္တလေးတိုင်းအတွင်းရှိ နွားထိုးကြီးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ဒေသခံ PDF များက ကြားဖြတ်စစ်ဆေးခြင်းများ ပြုလုပ်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button