သတင်း

စစ်ကားတစ်စီးကို နွားထိုးကြီး PDF မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်းတိုင်း၊ နွားထိုးကြီးမြို့မှ ထွက်ခွာလာသည့် စစ်ကားတစ်စီးကို ယနေ့ (ဧပြီ ၃၀) နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု PDF ခေါင်းဆောင်တစ်ဦးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။

လက်နက်အပြည့်အစုံဖြင့် ယူနီဖောင်းဝတ် စစ်သား ၁၀ ဦးခန့် လိုက်ပါလာသည့် စစ်ကားကို မြို့နှင့် မိုင် ၂၀ခန့်အကွာ ပြင်စည်ရွာအနောက်ဘက်တွင် နံနက် ၈ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုတွံတေးဟု သူ့ကိုယ်သူ မိတ်ဆက်သော PDF တာဝန်ခံက ပြောသည်။

“စစ်ကြောင်းထွက်မယ်ဆိုပြီးတော့ အသံကြားထားလို့ မိုင်း ၁၂ လုံး ဆင်ထားတာ။ အဲဒီစစ်ကြောင်းကို ဆွဲမယ်ဆိုပြီး အလုံးရေများများ ဆင်ထားတဲ့ဟာကို သူတို့တစ်စီးထဲမှာ ဖိဆွဲလိုက်သလို ဖြစ်သွားတယ်” ဟု ကိုတွံတေးက ပြောသည်။

“မိုင်း ၈ လုံး ခွဲပြီးတဲ့အချိန်မှာ ၆ ယောက်လောက်က ဆင်းလာနိုင်သေးတယ်။ အဲဒါနဲ့ နောက်ထပ် ၁ တွဲ ထပ်ခွဲတာမှာ သူတို့က မိုင်းတွေပေါ်မှာ မတ်တတ်ရပ်နေသလိုဖြစ်တာ။ အဲဒါမှာ လုံးဝ ဘာသံမှမကြားဘဲ ငြိမ်သွားတာ”

ဒေသခံများက မင်းစုံတောင်ဟု ခေါ်သည့် ရှောက်တောရိုးကွေ့တွင် တိုက်ခိုက်ခံရမှုကြောင့် စစ်ကားမှာ လုံးဝပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးကလည်း အတည်ပြုသည်။

“ကားက ရှေ့က မှန်တွေလည်း မပါတော့ဘူး။ အပေါ်က မိုးကာတွေကလည်း မီးလောင်ထားတာ အကုန်စုတ်ပြတ်သတ်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

“အဲဒီ (မိုင်း) ကွဲတဲ့နေရာမှာ ကျွန်တော်တို့သူငယ်ချင်းတွေ ဆိုင်ကယ်ဖြတ်မောင်းတော့ သူတို့တောင်မှပဲ ကြောက်လန့်ပြီး နောက်ပြန်လှည့်ပြေးခဲ့ရတယ်”

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသည့် စစ်သား ၆ ဦး အနည်းဆုံးရှိသည်ဟု နွားထိုးကြီး PDF နှင့် ထိုဒေသခံက ခန့်မှန်းသည်။ 

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အခြားဒေသခံများကို ဆက်သွယ်မေးမြန်း၍ မရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။  

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပါအဝင် ၎င်းနှင့် ထိစပ်နေသည့် မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရသည်။

မြန်မာပြည်အလယ်ပိုင်း နွားထိုးကြီး – တောင်သာ လမ်းပေါ်ရှိ မော်တော်ယာဉ်များကို PDF က ရှောင်တခင် တားမြစ်စစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ဧပြီ ၂၄ တွင် နွားထိုးကြီး PDF က ထုတ်ပြန်ခဲ့သည်။

စစ်တပ်ထုတ်ကုန်၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်း ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များကို ခြေသံလုံလုံဖြင့် တိုက်ခိုက်မည်ဖြစ်ရာ တိုက်ပွဲသတင်းများ ထုတ်ပြန်ခြင်းကို ခေတ္တရပ်ထားဦးမည်ဟု နွားထိုးကြီး PDF ခေါင်းဆောင်က ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button