သတင်း

ပုလောမြို့နယ်တွင် စစ်တပ် ရမ်းသန်းတုံ့ပြန်၍ ပြည်သူထိခိုက်ဟု PDF ပြော

မြန်မာနိုင်ငံတောင်ပိုင်း လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျပြီး ပင်လယ်ကမ်းခြေရှိသည့် ပုလောမြို့နယ်အတွင်း အာဏာသိမ်းပြီးနောက် ခုခံမှုများမြင့်နေရာ စစ်တပ်၏ ရမ်းသန်းတုံ့ပြန်မှုကြောင့် ပြည်သူ ထိခိုက်နေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဘက်က ပြောသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့မြောက်ဘက် ၆ မိုင်အကွာတွင် ယမန်နေ့ (ဧပြီ ၂၈) ညနေ ၄ နာရီဝန်းကျင်က စစ်ကားနှစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ပုလော PDF က ဆိုသည်။

သို့သော်လည်း ထိုနေရာအနီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၃ ဦးသေ၊ ၁၈ ဦး ဒဏ်ရာရသည်ဟု  ပုလော PDF တာဝန်ရှိသူက ပြောသည်။

PDF၏  အထက်ပါ ပြောဆိုချက်များနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

စစ်ကောင်စီကို ထောက်ခံချက်များ ရေးသားလေ့ရှိသည့် Facebook စာမျက်နှာအချို့တွင်မူ ခရီးသည်ကို ပစ်ခတ်သည်မှာ  PDF လက်ချက်ဟု စွပ်စွဲထားသည်။

PDF ကမူ  ခရီးသည်တင်ယာဉ် ၂ စီး ဖြတ်သန်းသွားကြောင်း၊ နောက်ကားထဲတွင် အရပ်ဝတ်ဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှေ့ကားကို ပစ်ရာမှ ခရီးသည်တို့ ထိခိုက်ခြင်းဖြစ်သည်ဟု PDF ဘက်ကဆိုသည်။

“တိုက်ပွဲမဖြစ်ဘူး။​ ကျွန်တော်တို့က မိုင်းပဲဆွဲတာ။ သေနတ်နဲ့မပစ်ဘူး။ အခုခရီးသည်တင်ကားက ကျည်ဆန်နဲ့ အပစ်ခံရတာ”ဟု ပုလော PDF တာဝန်ရှိသူက ဆိုသည်။

ပစ်ခတ်မှုကြောင့် ရန်ကုန်မှ ၂ ဦး၊ ပုလောမှ ၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများကို ပုလောမြို့ ဆေးရုံတွင် ကုသနေကာ ၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ထိုသူက ဆိုသည်။

ပုလောမြို့သည် ၁၉၈၈ ခုနှစ်အရေးတော်ပုံကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) လှုပ်ရှားနယ်မြေဖြစ်သည်။

၁၉၉၀ ပြည့်နှစ်ဝန်းကျင်အထိ လုံခြုံရေးစိုးရိမ်ရသည့် ဒေသ၊ အညိုရောင်နယ်မြေ စစ်တပ်က သတ်မှတ်ဖူးသည်ဟု ဒေသခံအချို့ထံမှသိရသည်။

ပုလောမြို့အရှေ့ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထိန်းချုပ်နယ်မြေများအတွင်း အကျုံးဝင်နေဆဲဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်က အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံနေကြရာ ပုလောမြို့တွင်လည်း PDF တို့၏ လှုပ်ရှားမှုများရှိနေသည်။

စစ်တပ်တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပုလောမြို့နယ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ကို PDFက ဧပြီ ၁၄ တွင်  ပစ်ခတ်ခဲ့သည်။

အမှတ် ၂၈၅ ခြေလျင်တပ်ရင်း အနီး၊ ၅ရပ်ကွက် တောင်းဝိုင်းကွေ့တွင် ဆိုင်ကယ် စီးလာသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်နေဇာလင်းမှာ အပစ်ခံရပြီး  သေဆုံးသွားသည်။ 

ဦးအောင်နေဇာလင်းမှာ   ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်အမှတ်(၁) နေရာအတွက် ဝင်ပြိုင်သော်လည်း အနိုင်မရခဲ့သူဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲကာလတွင် ဦးဇာနည်အောင်၏ မဲဆွယ်ပိုစတာ။

ထို့အတူ စစ်ကောင်စီက ပုလောမြို့တော်ဝန်အဖြစ် ခန့်ထားသည့် ပုလောမြို့နယ် ပါတီ အတွင်းရေးမှူး ဦးဇာနည်အောင်သည်  ဧပြီ ၂၃ တွင် အပစ်ခံရပြီး အကြီးအကျယ် ဒဏ်ရာရသွားသည်ဟု မြို့ခံအချို့ထံမှ စုံစမ်းသိရှိရသည်။

PDF ဘက်ကလည်း  ထိုနေ့ညနေပိုင်း  အမှတ်(၄)ရပ်ကွက် စိန်ပန်းနီလမ်းရှိ ဦးဝင်းလေး လက်ဖက်ရည်ဆိုင်၌ မိတ်ဆွေအချို့နှင့်အတူ ထိုင်နေသည့် ဦးဇာနည်အောင်ကို  အနီးကပ်ပစ်ခဲ့သည်ဟု ပြောသည်။

“သူတို့လက်ဖက်ရည်ဆိုင်ထိုင်နေတာ တွေ့တာနဲ့ ကျွန်တော်တို့လည်း ဝင်ထိုင်လိုက်တယ်။ သူတစ်ဝိုင်း၊ ကိုယ်တစ်ဝိုင်း စောင့်ကြည့်နေတာပေါ့။ အဲဒီမှာ ဇာနည်အောင်က ကျွန်တော်တို့ကို မှတ်မိသွားတယ်။ အဲဒီမှာ ရုတ်တရက် ထပစ်လိုက်တာ”ဟု ပုလော PDF တာဝန်ရှိသူက ဆိုသည်။

“ဇာနည်အောင်က နှစ်ချက်ထိတယ်။ သေနတ်က ဂျန့်ဖြစ်သွားတော့ တစ်ခါတည်းရှင်းဖို့ မရဘူး ဖြစ်သွားတယ်။ …မျက်လုံးထောင့်နဲ့ ပေါင်ဆုံအကြားမှာ ထိတယ်။ နားထင်နဲ့ မျက်လုံးထောင့်နားမှာ”ဟု ၎င်းက ဆက်ပြောသည်။

ဦးဇာနည်အောင်ကို ကနဦးတွင် မြိတ်မြို့ရှိ စစ်ဆေးရုံသို့ပို့ခဲ့သော်လည်း ဧပြီ ၂၅ တွင် ရန်ကုန်သို့ လွှဲပြောင်းခဲ့ကြောင်း၊  ပုလောမြို့ အမှတ် ၃ ရပ်ကွက် ကမ်းနားလမ်းတွင် နေထိုင်သည့် မိသားစုဝင်များပါ လိုက်ပါသွားသည်ဟု သိရကြောင်း မြိုခံအချို့က ဆိုသည်။

သက်တမ်းရင့် ပါတီဝင်ဖြစ်သော ဦးဇာနည်အောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း အမျိုးသား လွှတ်တော်အမှတ် ၁၀ အတွက် ဝင်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သူဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ ပစ်မှတ်များကို တိုက်ခိုက်ရခြင်းမှာ အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ကူညီဆောင်ရွက်နေခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသူများကို ဖမ်းဆီးစေခြင်း၊ ငွေညှစ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု အထက်ပါ PDF သတင်းရင်းမြစ်က ပြောသည်။

ထိုဒေသအတွင်း ၎င်းတို့၏ လှုပ်ရှားမှုများကို အရှိန်မြှင့်ထားကြောင်း၊ ဧပြီ ၂၆  ည ၉ နာရီဝန်းကျင်ကလည်း မြိတ်မြို့မှလာသည့်  ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းကို ပုလောမြို့တောင်ဘက် နှစ်မိုင်ကျော်အကွာရှိ သင်္ကန်းတောရွာနှင့် ကဒဲရွာကြားတွင် မိုင်းဆွဲရာ ၃ စီး ပျက်စီးကြောင်း PDF ဘက်က ပြောသည်။

ထိုစဉ်ကလည်း မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်သို့ တညလုံးနီးပါး ပစ်ခတ်ခဲ့သေးသည်ဟု ပုလော PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ်ဆန်းပိုင်းတွင် စစ်တပ်က တကျော့ပြန်အာဏာသိမ်းလိုက်ပြီးနောက် စီးပွားရေးကောင်းသည့် ပုလောမြို့တွင် အေးချမ်းမှုမရှိတော့ဘဲ အခက်အခဲများကြုံတွေ့လာရသည်ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“အရပ်သားအစိုးရတုန်းကဆိုရင်တော့ တစ်နိုင်ငံလုံးနီးပါးလိုပဲ ပုလောမှာလည်း အေးအေးချမ်းချမ်းနေခဲ့ရတာ။ အလုပ်အကိုင်တွေကအစ အဆင်ပြေတယ်”ဟု ၎င်းက ပြောသည်။

မြို့ခံ အမျိုးသားတစ်ဦးကလည်း အလားတူ ပြောသည်။

“အရင်တုန်းကတော့ လူတန်းစေ့အဆင်ပြေတာပေ့ါ။ အရင်တုန်းက တိုက်ပွဲတွေတစ်ခါမှမဖြစ်ဘူးဗျ။ ကျွန်တော်အသက် ၂၇ နှစ်ရှိပြီ။ အာဏာသိမ်းပြီးတော့ တိုက်ပွဲတွေဖြစ်နေတာ”ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပစ်ခတ်မှုများမရှိချိန်၌ပင် မြို့တောင်ဘက် ၂ မိုင်အကွာရှိ ကဒဲ ရွာအနီးတွင် စစ်ကောင်စီက ပိတ်ဆို့ စစ်ဆေးနေပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းခံထားရသည်ဟု သိရကြောင်း အထက်ပါ PDF တာဝန်ရှိသူက ဆိုသည်။

တနင်္သာရီတိုင်း ပုလောမြို့ မြင်ကွင်း။ ဓာတ်ပုံ – Myanmar Now

ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။

အရပ်သားများကို ပစ်ခတ်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။ စစ်သားများက အကြမ်းဖက်သမားကိုသာ ပစ်မှတ်ထားသည်ဟုလည်း တုံ့ပြန်လေ့ရှိသည်။

ပုလောမြို့နယ်တွင် မြိုပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၇ စုရှိပြီး ၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ တသိန်းခန့်နေထိုင်ကာ စိုက်ပျိုးရေးနှင့် ပင်လယ်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။

NLD ဝင်ပြိုင်သည့် ရွေးကောက်ပွဲတိုင်း ရာနှုန်းပြည့် အနိုင်ရလေ့ရှိသည့် မြို့နယ်ဖြစ်သည်။

 အာဏာသိမ်းပြီး နောက် ကြံ့ခိုင်ရေးပါတီဝင်များပင် မလုံခြုံတော့ကြောင်း၊  ကြံ့ခိုင်ရေး ထောက်ခံသူ အများစုမှာ မြို့ပေါ်မှ ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး အချို့မှာ အမှတ် ၂၅၈ ခြေလျင်တပ်ရင်းတွင် ခိုလှုံနေသည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။ 

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကျတော့ အလုပ်လည်း အဆင်မပြေတော့ဘူး။ တချို့တွေဆို မြို့ပေါ်မှာတောင် နေလို့မရတော့ဘူး။ အခုနောက်ပိုင်းဆို ပိုဆိုးလာတယ်။ စစ်ကောင်စီကလည်း ရမ်းတယ်”ဟု အထက်ပါ မြို့ခံ အမျိုးသမီးက မှတ်ချက်ပြုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button