
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များအကြား ငါးရက်ဆက်တိုက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
ဧပြီ ၂၂ ရက်နေ့က ရေရှင်ရွာတွင်တိုက်ပွဲ အစပြုစဉ် စစ်တပ်ဘက်မှ အရာရှိအဆင့် ၃ ဦးအပါအဝင် ထိခိုက်သေဆုံး ဆုံးရှုံးမှုများခဲ့သည်ဟု PDF (ကလေး) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုနေ့သစ်က ပြောသည်။
“ကလေးမြို့နယ်၊ ရေရှင်ဘက်မှာ ၃ ပွင့်ဗိုလ်လည်း ကျသွားတယ်။ အဲဒီဘက်ကို (စစ်ကြောင်းက) စစ်ကူသွားချင်တာပေါ့။ ဆေးဝါးတွေ ပို့ချင်တာပေါ့။ အဲဒီဘက်မှာလည်း အထိခိုက်တွေ အများကြီးရှိတာပေါ့။ တစ်ယောက်ကလည်း မျက်လုံးကန်းတယ်။ တပ်ကြပ်တစ်ယောက်ကလည်း ခြေကျိုးထားတာ” ဟု ကိုနေ့သစ်က Myanmar Now ကို ပြောသည်။
ယနေ့ နံနက်တွင် ကလေးမြို့တောင်ဘက် ပန်းမွန်ချောင်းအနီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကလေးမြို့ဘက်မှ စစ်ကူလာသည့် စစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက ကလေး-ဂန့်ဂေါ လမ်းမကြီးတလျှောက် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဆိုသည်။
အင်အား ၁၅၀ ခန့်ပါ စစ်ကား ၆ စီးကို ဧပြီ ၂၄ တွင် နတ်မြောင်းရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး ထိုရွာ၌ စခန်းချ ရပ်နားခဲ့ကြောင်း၊ နောက်တစ်နေ့ ဆက်ထွက်လာသော ထိုစစ်ကြောင်းကို ချောင်းခွရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ နောက်ထပ် ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
“မနေ့ကပဲ တိုက်ခိုက်ရင်းနဲ့ ပန်းမွန်ချောင်းကို သူတို့ဖြတ်တဲ့အချိန်မှာ ဆိုင်ကယ် ၁၅ စီးကို ကျွန်တော်တို့ မိုင်းဆွဲတယ်။ ကား ၁ စီးလည်း မိုင်းဆွဲတယ်။ ကားက ပက်လက်လန်သွားတာပေါ့။ အဲဒီနားမှာတင် တပ်ထိုင်နေတုန်းပဲ။ အများအပြား ဒဏ်ရာရသွားတာဆိုတော့ တပ်မရွှေ့နိုင်သေးဘူးပေါ့” ဟု ကိုနေ့သစ်က ပြောသည်။
PDF (ကလေး) ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် နံနက် ၁၀ နာရီဝန်းကျင်မှ ညနေ ၃ နာရီအထိ ကြာမြင့်ခဲ့သည့် ထိုတိုက်ခိုက်မှုများအတွင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲများပြင်းထန်နေသော ကလေးတောင်ပိုင်းဒေသများတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲများအကြောင်းကို သတင်းအမှောင်ချထားသည်။
နေအိမ်များ မီးရှို့ခံရခြင်း
ထိုစစ်ကြောင်း နတ်ချောင်းရွာမှ ထွက်ခွာစဉ် ထို့နေ့ (ဧပြီ ၂၅) နံနက်အစောပိုင်းကတည်းက ရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“မီးရှို့ခံရတဲ့အိမ် ၅ အိမ်ခန့်လို့ ကနဦးသိထားရပါတယ်။ ခုတစ်ခေါက် (ရှို့ခံရတာက) နတ်ချောင်းနဲ့ ကပ်နေတဲ့ ချောင်းခွရွာက ကလေး – ဂန့်ဂေါ၊ ကလေး – ဖလမ်း ဆုံရာတစ်ဝိုက်အိမ်တွေ အများစု မီးရှို့ခံခဲ့ရတာပါ” ဟု နတ်ချောင်းရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကလေးမြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ကလေး – ဂန့်ဂေါလမ်းမကြီးပေါ်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ဝန်းကျင် ရွာကြီးတစ်ရွာဖြစ်သော နတ်ချောင်းရွာကို ယမန်နှစ် ဒီဇင်ဘာလမှစ၍ စစ်တပ်က မီးရှို့နေခြင်း ဖြစ်သည်။
ယခု ၄ ကြိမ်မြောက် မီးရှို့အပြီးတွင် စုစုပေါင်း အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ ရသည့် အချက်အလက်များအရ သိရသည်။
နေအိမ်များကို စစ်ကောင်စီတပ်သားတို့က မီးရှို့သည်ဟူသော ဒေသခံများ၊ PDF များ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။ PDF များက ရှို့ခြင်းဖြစ်သည်ဟု တုံ့ပြန်တတ်သည်။
ပန်းမွန်ချောင်းအနီး တိုက်ခိုက်ခံရပြီး စခန်းချထားရသည့် စစ်ကြောင်းအတွက် ဟဲလုပ်ရွာဘက်မှတစ်ဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စစ်ကူလာရန် ပြင်ဆင်နေကြောင်း၊ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသောကြောင့် လက်နက်ခဲယမ်းအခက်ခဲရှိနေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။
“ကျွန်တော်တို့မှာ လက်နက်ခဲယမ်းက စစ်ကောင်စီလို အပိုအလျှံမရှိဘူးလေ။ မနေ့ကဆိုလည်း ကားမှောက်သွားတဲ့အချိန်မှာ လက်နက်တွေ သွားယူဖို့ သွားချင်ပေမဲ့ ကျွန်တော်တို့မှာ ကျည်အင်အား မလုံလောက်တဲ့အတွက်ကြောင့် တပ်ပြန်ခေါက်ခဲ့ရတာပေါ့” ဟု ကိုနေ့သစ်က ရင်ဆိုင်နေရသည့် အခက်အခဲကို ပြောသည်။
“လက်နက်ခဲယမ်း ကျွန်တော်တို့မှာ အပိုအလျှံရှိရင် တိုက်ပွဲက မျှော်မှန်းတာထက် ပိုပြီးတော့ အောင်မြင်မှုတွေနဲ့ သိမ်းပိုက်နိုင်မှာ”
အာဏာသိမ်းစစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံခဲ့သည့် ကလေးမြို့နယ်တွင် ကျေးရွာပေါင်း ၁၀၀ အနက် ၇၀ ရာခိုင်နှုန်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားနိုင်ပြီဖြစ်ကြောင်း PDF (ကလေး) က ဖေဖော်ဝါရီလတွင် ကြေညာထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)