သတင်း

ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး ဝက်လက်မြို့ပြင်ကို စစ်တပ် ဝင်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ဘက် မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်စီးနင်းနေရာ ကျေးရွာ ၁၀ ရွာမှ ထောင်ပေါင်းများစွာသော ဒေသခံများ ထွက်ပြေးနေရသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ 

စစ်ကြောင်း ၂ ကြောင်းသည် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ထုံးကြီးမြို့မှ လာရောက်ကာ ဧရာဝတီမြစ်ကို ဖြတ်သန်းပြီး မြစ်ကမ်းဘေးရှိ ရွာများကို စီးနင်းနေခြင်း ဖြစ်သည်။  

ထုံးကြီးမြို့မှ စက်လှေနှင့် လာသည့် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းသည် ဧရာဝတီမြစ် မြေနုကျွန်းပေါ်ရှိ မြေနုကျေးရွာတွင် တပ်စွဲနေကာ ဧပြီ ၂၄ နံနက်တွင် သစ်ဆိမ့်ကျေးရွာကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်။ 

နံနက် ၇ နာရီခန့်တွင် ရွှေဘို-ကသာ ကားလမ်းမအနီး ဧရာဝတီမြစ်ကမ်းဘေးရှိ သစ်ဆိမ့်ကျေးရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သစ်ဆိမ့်ကျေးရွာအနောက်ဘက်၌ နေထိုင်သူ အသက် ၅၃ နှစ်အရွယ် အမျိုးသားက Myanmar Now ကို ပြောသည်။

“ရွာကို မဝင်ခင် သူတို့က ရွာနဲ့ တစ်မိုင်အကွာ မြေနုကျွန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ၁၀ ချက်လောက် ပစ်တာပေါ့။ ရွာထဲကလူတွေက မနေရဲလို့ ထွက်ပြေးကြတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုစစ်ကြောင်းသည် ကျေးရွာရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ရာ ရဲစခန်းအဆောက်အအုံနှင့် တန်းလျား၊ စခန်းဘေး နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ရဲအင်အားနည်းလို့  ၈ လလောက်ရှိပြီ ရွာမှာ မနေတော့တာ။ ရွာမှာကလည်း တော်လှန်ရေးအင်အားကောင်းလို့ လုံခြုံရေးအရ မနေတော့တာ” ဟု သူက ဆိုသည်။

“ဒီတိုက်ပွဲကိုလည်း ကျွန်တော်တို့ ရွာသူရွာသားတွေက နိုင်အောင်တိုက်မယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့ ရွာပါ။  NUG အစိုးရအနေနဲ့က ကျွန်တော်တို့ PDF တွေကို အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် လက်နက်တပ်ဆင်ပေးပါ” 

ထိုစစ်ကြောင်း ဝင်ရောက်မှုကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်း ရွှေဘို-ကသာ ကားလမ်းမအနီးရှိ သစ်ဆိမ့်ကြီး၊ ကူကြီး၊ လှေပိုးဆိပ်၊ ရေဂမိုး၊ သစ်ဆိမ့်ရွာသစ်၊ ရှားကွဲ၊ ထုံးဘို ကျေးရွာများမှ ထောင်ပေါင်းများစွာသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။    

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းသည် ဧရာဝတီမြစ်ကို ဖြတ်၍ ဧပြီ ၂၄၊ ည ၁၀ နာရီကျော်တွင် စစ်ကိုင်းတိုင်း၊ မင်းဝံတောင်ခြေရှိ PDF တပ်ရင်း ၁၇ စိုးမိုးနယ်မြေဖြစ်သည့် ရှိမ်းမကားဒေသကို ဝင်ရောက်စီးနင်းခဲ့သည်။

ထိုစီးနင်းမှုတွင် ရုံးပင်ကုန်းကျေးရွာမှ ဆယ်ကျော်သက်၂ ဦး ဖမ်းဆီးခံရကြောင်း ရှိမ်းမကားဒေသခံ PDF တပ်ရင်း ၁၇ ခေါင်းဆောင်ကလည်း ပြောသည်။

“ဧရာဝတီမြစ်ကြောင်းကနေပြီးတော့ ရှိမ်းမကားကို ကျော်လာတယ်။ ကျွန်တော်တို့ တပ်ရင်း ၁၇ ရဲ့ အတွင်းစည်းထဲကို ဖြတ်ပြီးတော့ ရုံးပင်ကုန်းရွာကို ဝင်သွားတယ်ဗျ။ ၁၆ နှစ်အရွယ် ကောင်လေး ၂ ယောက်ကို ဖမ်းပြီး ခေါ်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

အဆိုပါစစ်ကြောင်းမှာ တောလမ်းကို အသုံးပြုကာ ရွှေဘိုမြို့နယ်သို့ ဦးတည်သွားနေပြီး လမ်းကြောင်းတစ်လျှောက် ကျေးရွာများမှာ ဝင်ရောက်စီးနင်းခံရမည့် အခြေအနေရှိသည်ဟု သူက သုံးသပ်သည်။

“NUG ရဲ့ ထောက်ပံ့မှုကတော့ ဘာမှမရသေးဘူး။ နယ်မြေစိုးမိုးမှုကတော့ အဓိက လက်နက်အင်အားပေါ့။ Gun က တစ်လက်မှ မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ တူမီးနဲ့ပဲ ကာကွယ်ပေးနေရတယ်” ဟု ထိုသူက အခြေအနေကို ပြောပြသည်။ 

အလားတူ ပြီးခဲ့သည့် ဧပြီ ၂၁ ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ လူဦးရေ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထိုဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကလည်း ပြောသည်။ 

စစ်ကောင်စီတပ်က ဧပြီ ၂၁ တွင် စစ်ကိုင်းမြို့နယ်၊ ဘုရားလှကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရာတော်မြို့နယ်ရှိ ညောင်ပင်ရှည်ရွာကို ဝင်ရောက်စီးနင်းသဖြင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် PDF တပ်ရင်း ၄ ခေါင်းဆောင် ဗိုလ်ယက္ခက ပြောသည်။  

“သူတို့ဘက်က ခံစစ်ကောင်းတာနဲ့ လက်နက်အင်အားကောင်းတာကြောင့် ကျွန်တော်တို့ အပြည့်တော့ မသိမ်းနိုင်ခဲ့လိုက်ဘူး။ စစ်ကူတော့ ခေါ်တယ်။ သတင်းမှန်မရတော့ ကျွန်တော်တို့က စစ်ကူလာတယ်ဆိုပြီးတော့ ပြန်ခွာလိုက်တာ ညနေ ၅ နာရီလောက်မှာ တိုက်ပွဲက ပြီးသွားပြီး ပြန်ခွာခဲ့ရတယ်” ဟု ၎င်းက ပြောသည်။ 

အာဏာသိမ်းထားသည့်ကာလအတွင်း နိုင်ငံအနှံ့ အိမ်ခြေ ၉၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရကာ ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှဖြစ်သည်ဟု Data for Myanmar အဖွဲ့က ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်သည်။ 

ဧပြီ ၂၂ တွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ကျေးရွာကို စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၀၀ ခန့်က စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပြီး ဦးအောင်မြင့်နှင့် ဒေါ်ခင်ပုတို့ ၂ ဦး မီးလောင်သေဆုံးခဲ့ကြောင်း၊ ဧပြီ ၂၅ တွင် ဝက်လက်မြို့နယ် ရုံးပင်ကုန်းကျေးရွာကို အင်အား ၁၅၀ ကျော်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီကမူ ရပ်ရွာမီးရှို့သူတို့မှာ PDF များဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)​​​

Show More

Related Articles

Back to top button