သတင်း

စစ်ကိုင်း၊ မူးမြစ်ဝန်းကျင်မှ ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မူးမြစ်ကမ်းဘေးကျေးရွာများကို စစ်တပ်က နေ့စဉ်ရက်ဆက် ဝင်မွှေနေသည့်အတွက် ရွာပေါင်း ၁၀ ရွာကျော်မှ လူတစ်သောင်းကျော် ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၂၁ မှစ၍ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နှင့် မြင်းမူမြို့ကြား မူးမြစ်ကမ်းနှင့် အနီးအနားမှ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့၍ သာစည်လေး၊ ဘုရားလှ၊ သာဇင်၊ ညောင်ပင်ရှည်၊ တလိုင်းကျွန်း၊ မူးသာ၊ မကျီးကုန်း၊ စံသစ်၊ တောင်မြို့၊ ဒီပဲယင်းကွဲ၊ တောင်ကြား စသည့် ကျေးရွာများမှ အိမ်ထောင်စု သုံးထောင်ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရခြင်း ဖြစ်သည်။

အိမ်ခြေ ၂၅၀ ကျော်ရှိ သာစည်လေးရွာ၊ အိမ်ခြေ ၃၀ ကျော်ရှိ ဘုရားလှရွာနှင့် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိ ညောင်ပင်ရှည်ရွာတို့ကို ထိုစစ်ကြောင်းက ရွာလုံးကျွတ်မီးရှို့ခဲ့ကြောင်း စစ်ရှောင်အရေးကူညီနေသည့် စစ်ကိုင်းခရိုင်ဆေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“အများစုက ရွာလုံးကျွတ်ပြေးရတာ။ နွားတွေဘာတွေလည်း ဒီအတိုင်းပစ်ထားရတာ။ ပြန်မဝင်နိုင်ကြသေးဘူး” ဟု ထိုသူက ဆိုသည်။ 

“လူတွေက မူးမြစ် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကူးပြီး ရှောင်ကြတာလည်း ရှိတယ်။ စစ်ကိုင်းတို့၊ မန္တလေးတို့အထိ ရှောင်ရတာလည်း ရှိတယ်။ စခန်းရယ်လို့ လုပ်ထားပေမဲ့ မနေရဲကြတော့ တောက်လျှောက်ပြေးကြတာ”

စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မီးရှို့မှု၊ မွှေနှောက်မှုများကြောင့် ထောင်ချီသည့် ဒေသခံများသည် မူးမြစ်ကို ဖြတ်ကူးပြီး မြင်းမူမြို့နယ်အထိ ထွက်ပြေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာနှင့် ဆေးဝါး အခက်အခဲများ ရင်ဆိုင်နေရကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။

လက်နက်ကိုင် ခုခံသူများရှိနေနိုင်ကြောင်း ယူဆချက်ဖြင့် စစ်ကောင်စီက ကျေးရွာများကို ဝင်ရောက်စီးနင်းနေသည်ဟု ဒေသခံများက ယူဆနေကြသည်။

ပြီးခဲ့သည့် ဧပြီ ၂၁ တွင် ဘုရားလှရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်စဉ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဟု ၎င်းတို့ ယူဆသူတစ်ဦးကို လိုက်လံရှာဖွေရာ မတွေ့သဖြင့် ထိုသူ၏ဖခင်ကို ဖမ်းဆီးခဲ့သည်။

နောက်တစ်နေ့ (ဧပြီ ၂၂) နံနက်တွင် အဆိုပါစစ်ကြောင်းသည် ဘုရားလှရွာနှင့် ရွာနီးချင်းဖြစ်သော ညောင်ပင်ရှည်ရွာကို စီးနင်းပြီးနောက် ရွာအနှံ့ ၃ နေရာခွဲပြီး မီးရှို့ခဲ့ကာ ကျောင်းရွာစာသင်ကျောင်း၌ တပ်စွဲခဲ့သည်။

ညောင်ပင်ရှည်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယင်းနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သားတို့က နေရာကောင်းတွင် ရှိနေပြီး မှန်ပြောင်းတပ် (စနိုက်ပါ) သေနတ်များနှင့်လည်း လှမ်းချိန်ထားကြသဖြင့် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်ဟု အရာတော်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

“သူတို့က နံရံနောက်မှာဆိုတော့ ခံတပ်ကောင်းတယ်။ စာသင်ကျောင်းအပေါ်ကနေ ကာဗာယူထားတယ်။ စနိုက်ပါလည်း ပါတယ်။ စနိုက်ပါနဲ့လည်း ထောက်ထားတယ်။ ၄၀ မမတွေနဲ့ ဟန့်တာပေါ့” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ဗိုလ်သူရက ပြောသည်။၊

“ပစ်ကွင်း သိပ်မသာခဲ့ဘူး။ ကျွန်တော်တို့ဘက်က အော်တို (သေနတ်) နည်းနည်း၊ တစ်တောင့်ထိုးလက်နက်နည်းနည်းပဲ ပါတယ်” 

တိုက်ပွဲအပြီး ပူးပေါင်းအဖွဲ့များ မူးမြစ်ကို ဖြတ်ကူး၍ ပြန်လည်ဆုတ်ခွာလာစဉ် Zero ပြောက်ကျားအဖွဲ့မှ ၂၂ နှစ်အရွယ် ကိုရဲဇင်အောင် (ခ) ကိုအီးမန်း၊၂၄ နှစ်အရွယ် ကိုနန်းမြင့်အောင်တို့ ရေနစ်သေဆုံးသည်ဟု ဆိုသည်။ 

“နယ်မြေမကျွမ်းကျင်တော့ ကျွန်တော်တို့အဖွဲ့က ရဲဘော် ၂ ယောက် အသက်ဆုံးပါးခဲ့ရတယ်။ ရဲဘော်အီးမန်းက မူးမြစ်ကို ဖြတ်ကူးချိန်မှာ ရေနစ်တာ။ နောက်တစ်ယောက်က ဆင်းရှာရင်းနဲ့ သူပါ အသက်ဆုံးခဲ့ရတယ်” ဟု Zero ပြောက်ကျားအဖွဲ့မှ ဒုခေါင်းဆောင် ကိုရခိုင်က ပြောသည်။ 

“ရဲဘော်နှစ်ယောက်လုံးက တော်လှန်ရေးစတည်းက တောက်လျှောက်ပါဝင်ခဲ့တဲ့သူတွေ” 

 ကိုရဲဇင်အောင်၏ ရုပ်အလောင်းကို နေ့တွင်းချင်း (ဧပြီ ၂၂ ၌)  ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း၊ ကိုနန်းမြင့်အောင်၏ ရုပ်အလောင်းကို ဧပြီ ၂၄ တွင် ဆယ်ယူရရှိခဲ့ကြောင်း ကိုရခိုင်က ဆက်ပြောသည်။ 

စစ်တပ် ဝင်ရောက်စီးနင်းမွှေနှောက်မှုများကြောင့် ညောင်ပင်ရှည်ရွာမှ အရပ်သား ၂ ဦးနှင့် တလိုင်းကျွန်းရွာမှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ရသည်။

စစ်တပ်၏ မီးရှို့မှုကြောင့်အရပ်သား ၂ ဦး မီးလောင်သေဆုံးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ထိုသူများ၏ အမည်နှင့် အသက်အရွယ်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ညောင်ပင်ရှည်ရွာဒေသခံတစ်ဦးက ပြောသည်။

တလိုင်းကျွန်းရွာကို ဧပြီ ၂၃ ၌ စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သည့် ၃၇ နှစ်အရွယ် ကိုသားကြီး၊ ၃၅ နှစ်အရွယ် ကိုကျော်စန်းဝေ၊ ၃၆ နှစ်အရွယ် ကိုညွန့်ဝင်းနှင့် ၃၇ နှစ်အရွယ် ကိုမျိုးဝင်းအောင်တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ညောင်ပင်ရှည်ရွာကို မီးရှို့ပြီး နောက်ရက်မှာ တလိုင်းကျွန်းကို ဝေလီဝေလင်းမှာ ဝင်မွှေတယ်။ အဲဒါ ကာကွယ်ရေးအဖွဲ့ဝင်တွေက လူမှားပြီး နှုတ်ဆက်ရင်းနဲ့ ပစ်ခံရတာ” ဟု အထက်ပါ ညောင်ပင်ရှည်ရွာဒေသခံက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ပြန်ခုခံနေသည့် ဒေသများတွင် စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်နေသည်ဟု ဒေသခံတို့က ပြောသည်။ 

အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် နေအိမ် ၉၁၈၇ လုံး ပျက်စီးခဲ့ရပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း အချက်အလက်များစာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ဧပြီ ၁၄ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ ၎င်းတို့စစ်သားများ၏ လက်ချက်မဟုတ်ဟု ပြောဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)​​​​​

Show More

Related Articles

Back to top button