ဧပြီ ၂၂ ရက်နေ့တွင် စစ်သားများက စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်ခုခံသူတို့ ဝင်ထွက်နေသည်ဟု ယူဆရသော ကျေးရွာများကို မီးရှို့နေချိန်တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို ရုပ်သံက ထုတ်လွှင့်နေသည်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
တက်ရောက်မည့်သူများ မေ ၉ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပို့ရန်လည်း သူက ဆက်ပြောသည်။ ဤမိန့်ခွန်းမတိုင်မီ ၅ ရက်အလိုကလည်း တိုင်းပြည်အကျိုးဆောင်ရွက်သူများကို ဂုဏ်ပြုဆုပေးသည်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှ ခေါင်းဆောင်များကို ဆုပေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သေးသည်။
စစ်တပ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်သည် လက်နက်အပြည့်အစုံနှင့် စစ်သားများက ဆန္ဒပြသူများ၊ လက်နက်ကိုင်အန်တုသူများကို နားရက်မရှိ လိုက်လံတိုက်ခိုက်မှု ၁၄ လပြည့်လာပြီး စစ်ပန်းနေချိန်နှင့် တိုက်ဆိုင်နေသည်။
နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိသည့် မြန်မာစစ်တပ် အာဏာသိမ်းပြီးတစ်နှစ်ကျော်လာချိန်တွင် အဘက်ဘက်မှ သိသိသာသာချည့်နဲ့လာသလို တပ်ဖွဲ့ဝင်တို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျသည့် အခြေအနေမျိုးစုံနှင့် ရင်ဆိုင်နေရသည်ဟု တပ်တွင် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူများနှင့် လေ့လာသူများက ပြောသည်။
တပ်ကို စွန့်ခွာခြင်း
နိုင်ငံအနှံ့အပြား အထူးသဖြင့် ကျေးလက်ဒေသတွင် လက်နက်ကိုင်ခုခံသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုများပြားလာရာ စစ်ကောင်စီတပ်က နိုင်ငံ၏ နယ်မြေထက်ဝက်ခန့်ကိုသာ စိုးမိုးနိုင်တော့သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဗိုလ်ကြီးညီသုတက ပြောသည်။
“ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီအတွက် အသက်ပေးနေတဲ့ စစ်သားတွေကလည်း စစ်ဆက်တိုက်ချင်ကြတော့မှာ မဟုတ်ဘူး။ အခုတောင်မှ စစ်ဆက်မတိုက်ချင်တဲ့သူတွေ အများကြီးဆိုတာကို ကျွန်တော်တို့ သိရပါတယ်” ဟု အာဏာဖီဆန်လိုသည့် စစ်သည်များကို လွတ်မြောက်နယ်မြေနှင့် ချိတ်ဆက်ကူညီပေးနေသည့် ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဗိုလ်ကြီးညီသုတက ပြောသည်။
“မကြာခင်မှာ စစ်တပ်က လုံးပါးပါးပြီးတော့ ပြိုလဲရမဲ့အခြေအနေ ဖြစ်နေပြီဗျ”
CDM စစ်သည် ၃ဝဝဝ ကျော် ရှိနေပြီး ရဲတပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ရှိလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။ စခန်းကို စွန့်ခွာလာကြပြီး ၎င်းတို့နှင့် အဆက်အသွယ်မလုပ်သူများလည်း ရှိနိုင်သည်ဟု ဆိုသည်။
ဆန္ဒပြသူများ၊ လက်နက်ကိုင်ခုခံသူများ ဖမ်းဆီးခံရလျှင် အများအပြား နှိပ်စက်သတ်ဖြတ်ခံနေရချိန်တွင် တိုက်ပွဲအတွင်း စစ်သုံ့ပန်းဖြစ်သွားသော စစ်ကောင်စီတပ်သားများ ကောင်းမွန်စွာနေထိုင်ရသည့် သတင်းများကလည်း CDM လုပ်စေရန် တွန်းအားတစ်ခု ဖြစ်လာသည်။ အာဏာဖီဆန်သူတို့ကို သြစတြေးလျနိုင်ငံက ခိုလှုံခွင့်ပေးနေရာ ထိုအထဲတွင် စစ်သားများလည်း အကျုံးဝင်သည်ဟူသော သတင်းက တပ်တွင်း လှုပ်ခတ်မှုကြီးမားနေသည်ဟု သိရသည်။
စွန့်တပ်ကို စွန့်ခွာကာ ဘက်ပြောင်းလိုက်သူများထဲတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ သုံးဦး ပါဝင်နေသည်။ ထိုသို့ဘက်ကူးပြောင်းမှုသည် စစ်ခေါင်းဆောင်များအရှိုက်ကို ထိသလို အထိနာစေသည်ဟု CDM အရာရှိတို့က သုံးသပ်သည်။
စစ်ကောင်စီတပ်တွင် စစ်သည်အင်အား လေးသိန်းကျော်ရှိမည်ဟု ယခင်က ခန့်မှန်းခဲ့ကြသော်လည်း တပ်ရင်းများတွင် ဖွဲ့စည်းပုံအပြည့်မရှိတော့သဖြင့် နှစ်သိန်းခန့်သာ ရှိနိုင်သည်ဟုလည်း တချို့က ယူဆကြသည်။ ထိုအထဲတွင် တိုက်ခိုက်ရေးစစ်သည်အရေအတွက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ရန်ကုန်မှ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဇေယျက သူတာဝန်ယူခဲ့သည့် တပ်ရင်းဘက်သို့ မကြာခဏရောက်သဖြင့် တပ်အတွင်း လူအင်အားနည်းလာသည်ကို သတိပြုမိသည်ဟု ပြောသည်။
‘“ပြုန်းတီးအင်အားတွေ များနေတယ်။ တိုက်ပွဲမှာ ကျတာတွေ များနေတယ်။ ခွင့်မဲ့ပျက်ကွက်တွေ၊ တပ်ပြေးတွေ များနေတယ်” ဟု ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။
“ဒါတွေက ခုကာလမှာ ပိုများလာတယ်။ ဒါသည် အခု အရေးပေါ်ကာလ နိုင်ငံတော်အာဏာကို ထိန်းထားရတဲ့ တပ်မတော်ကြီးအတွက် ပြည်သူချစ်တဲ့ တပ်မတော်ကြီးဖြစ်ဖို့ နောက်ဆုံးကျည်ဆန်ပဲ။ နောက်ဆုံးကျည်က ကျည်မထွက်ဘူးဆိုရင်တော့ ကျွန်တော်တို့ တပ်မတော်က သွားပြီ”
ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် တက်တက်ကြွကြွ ဆောင်ရွက်စဉ် စစ်ဘက်အရပ်ဘက်ဆက်ဆံရေး ပြေလည်စေရန် ကြိုးပမ်းဆောင်ရွက်လိုသည်ဟု ပြောဆိုခဲ့သူ ဖြစ်သည်။
စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီး ဆန့်ကျင်သူတို့ကို အကြမ်းဖက်တုံ့ပြန်ခဲ့ရာ ပြည်သူတို့က စစ်တပ်ကို ကြောက်ရွှံ့သည့်အခြေအနေမှ ရွှံရှာစက်ဆုပ်သည့် အနေအထားသို့ ရောက်လာသည်။
ဤအခြေအနေကို သဘောပေါက်သည့် စစ်သားများသည် ဇာတိရပ်ရွာသို့ပင် မပြန်ရဲတော့ဟု CDM ဗိုလ်ကြီးဇေသူအောင်က ပြောသည်။
“ကျွန်တော်တို့သူငယ်ချင်းတွေဆိုရင်လည်း ရွာမလာနဲ့၊ ရွာလာလို့ရှိရင် တစ်ခုခုလုပ်မယ်ဆိုပြီး ပြောထားတဲ့သူတွေတောင်ရှိတယ်။ သူငယ်ချင်းအချင်းချင်း သေခန်းပြတ်တို့ဘာတို့ ပြောတဲ့သူတွေ ရှိတယ်” ဟု လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်က ပြောသည်။
“ကျွန်တော့်အသိ ညီလေးတစ်ယောက်ဆိုရင်လည်း မြိုင် (မကွေးတိုင်း၊ မြိုင်မြို့နယ်) ဘက်က။ သူတို့ရွာလည်း မီးရှို့ခံရတယ်။ သူတို့စိုက်ထားတဲ့ ကွမ်းခြံလည်း မီးရှို့ခံရတယ်။ သူတို့ဆွေမျိုးတွေကို တခြားဆွေမျိုးတွေကလည်း စကားမပြောတော့ဘူး”
စစ်သားနှင့် ရဲများ ယခင်က ခရီးသွားလာရာတွင် ၎င်းတို့ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို သိသာစေရန် ဝတ်ဆင် ပြောဆိုလေ့ရှိသည်။ နေရာတိုင်းလိုလိုတွင် လက်နက်ကိုင်ခုခံသူတို့ လှုပ်ရှားမှုများသည့် ယနေ့ကာလတွင်မူ ၎င်းတို့က အရပ်သားဟန်ဆောင်ပြီး သွားလာနေကြသည်။
ခြင်းထဲကကြက်
အရာရှိအများအပြား တပ်ကို စွန့်ခွာနေချိန်တွင် ထိပ်တန်းစစ်ခေါင်းဆောင်များက တပ်ရင်းတပ်ဖွဲ့များကို လှည့်လည်စည်းရုံးနေသည်ကို ၎င်းတို့၏ တရားဝင်ထုတ်ပြန်ချက်များတွင် တွေ့နေရသည်။
မတ်လ ၂၇ ရက်နေ့ စစ်ရေးပြအခမ်းအနားတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က တပ်တွင်းစည်းလုံးမှု အရေးကြီးသည့်အကြောင်း အကြိမ်ကြိမ် ထည့်သွင်းပြောကြားသွားရာ တပ်တွင်းစည်းလုံးမှု ပျက်ပြားနေသည်ကို ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု လေ့လာသူတို့က သုံးသပ်ကြသည်။
စစ်သားတိုင်း မဖြစ်မနေရှယ်ယာထည့်ရသည့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၂၀၂၁ ခုနှစ်အတွက် ထုတ်ပေးရမည့် အမြတ်ငွေကို သတ်မှတ်ချိန်ထက် ၆ လနီးပါးကျော်သည်အထိ ခွဲပေးခြင်းမရှိခြင်းကလည်း စစ်တပ်အတွင်း မကျေမနပ်ဖြစ်နေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်ဟု သိရသည်။
တပ်မတော်ကြီးတစ်ခုလုံး ချက်ချင်းလက်ငင်းပြိုကွဲသွားမည့် အခြေအနေမျိုးမဟုတ်သေးသော်လည်း တပ်ပြိုကွဲစေမည့် အကြောင်းအရာများစွာ ပေါ်ပေါက်လာနေသည်ဟု NUG အစိုးရ၏ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက သုံးသပ်သည်။
ထိုအခြေအနေများထဲတွင် စစ်ခေါင်းဆောင်၏သားဖြစ်သူ ပိုင်ဆိုင်သည့် အောင်မြင့်မိုရ်မင်း အသက်အာမခံကုမ္ပဏီကို အရာရှိစစ်သည်တိုင်း ငွေသွင်းရခြင်း၊ ဦးပိုင်လီမိတက်ရှယ်ယာငွေ ခွဲမပေးခြင်းတို့လည်း ပါဝင်သည်ဟု သူက ဆိုသည်။
“တပ်ထဲမှာ လုပ်ပိုင်ခွင့်ရှိတဲ့သူက ရှိရင်ရှိသလို ခေါင်းပုံဖြတ်လို့ရတဲ့စနစ် ဖြစ်လာတယ်။ အဲဒီကိစ္စတွေအားလုံးကလည်း တပ်ထဲမှာ ပြိုကွဲဖို့ကို အားပေးလာတယ်” ဟု အာဏာမသိမ်းမီက နေပြည်တော် ထိပ်တန်းစစ်အရာရှိတချို့နှင့် မကြာခဏ တွေ့ဆုံခဲ့ဖူးသူ ဦးမိုးဇော်ဦးက ပြောသည်။
“မင်းအောင်လှိုင်ရဲ့သား အာမခံလုပ်ငန်းတွေဆိုရင် အာမခံကြေးတွေ ပေးနေရတာပဲ။ တကယ်တမ်းကျတော့ အဲဒီအာမခံကြေးတွေနဲ့ ပတ်သက်ပြီး ထုတ်ဖို့ကျတော့ ဟိုရွှေ့ဒီရွှေ့နဲ့ ပြောမယ်ဆိုရင် ခြင်းထဲက ကြက်လိုဟာမျိုး အပိုင်ကို လုပ်ချင်တိုင်းကို လုပ်တဲ့သဘောတွေ ရှိတယ်”
စစ်သားများထံမှ ငွေညှစ်ယူနေသည်ဆိုသည့် အဆိုပါ အသက်အာမခံကုမ္ပဏီနှင့် စစ်ခေါင်းဆောင်မိသားစု ဆက်စပ်မှုအကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လေ့လာသူအများအပြားက စစ်တပ်အခြေအနေမကောင်းဟု ဆိုကြသော်လည်း တရုတ်နိုင်ငံကမူ စစ်ခေါင်းဆောင်များဘက်မှ ရှိနေသည်။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဧပြီလဆန်းပိုင်းတွင် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ရာ တရုတ်က နိုင်မည့်မြင်းဘက်သို့ လောင်းကြေးထပ်ခြင်းဖြစ်သည်ဟု လေ့လာသူတချို့က ဆိုသည်။
တပ်တွင်းအခက်အခဲ ဖြေရှင်းမှု
ဒေသအသီးသီးကို စစ်မျက်နှာဖွင့်ထားရသော စစ်တပ်သည် နယ်မြေကျွမ်းကျင်သော ဒေသခံလက်နက်ကိုင်တို့ကို ရင်ဆိုင်ရာတွင် အကျအဆုံးများလာသည်။ စစ်ကိုင်းတိုင်းကဲ့သို့သော ခုခံမှုအားကောင်းသည့် ဒေသတွင် ပြည်သူ့စစ်အဖွဲ့များ အလျင်အမြန် လေ့ကျင့်ဖွဲ့စည်းပေးနေရာ လူအင်အားလိုအပ်ချက်၊ ဒေသတွင်း နှံ့စပ်နိုင်မှုတို့နှင့် ပတ်သက်သည့် စစ်တပ်၏ အခက်အခဲတို့ကို ဖြေရှင်းပေးနိုင်မည့် အစီအစဉ်တစ်ခုဖြစ်လာသည်။
စစ်ကိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူ့စစ်တပ်ဖွဲ့ ၇၇ ဖွဲ့ကို လက်နက် ၂၀၀၀ ကျော် တပ်ဆင်ပေးထားကြောင်း ဖေဖော်ဝါရီ ၁၃ နေပြည်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်ဟု ပြင်ပသို့ ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။
အရပ်သားများကမူ စစ်တပ်က လေ့ကျင့်ပေးထားသော ထိုအဖွဲ့ကို ပျူစောထီးဟု ခေါ်ကြသည်။
လူအင်အားလိုနေသည့် စစ်တပ်က အရပ်ဘက်အဖွဲ့များ၊ နိုင်ငံရေးပါတီများကို “ပြည်သူ့လုံခြုံရေးအဖွဲ့” ထဲ ထည့်မည်ဟု ပေါက်ကြားလာသည့် ညွှန်ကြားချက်တစ်စောင်တွင် ဖော်ပြထားရာ အသုံးချခံရမည့် အထဲတွင် မီးသတ်၊ ကြက်ခြေနီတို့ပင် ပါဝင်နေသည်။
နောက်တန်းတွင် စစ်တပ် အင်အားနည်းလာရာ ဒေသတချို့တွင် စခန်းကင်းစောင့်ရသည့် တာဝန်ကို စစ်သားဇနီးများက ယူနီဖောင်းဝတ်၊ သေနတ်ကိုင်ပြီး တာဝန်ယူနေရသည်။
ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း စသည့် တပ်သားသစ်အများအပြား ထွက်ပေါ်ရာ ဒေသများတွင် စစ်တပ်က အကြမ်းဖက်ခဲ့ခြင်း၏နောက်ဆက်တွဲအဖြစ် ဒေသခံတို့က တပ်ထဲဝင်လိုခြင်း မရှိတော့ပေ။
ထို့ပြင် ဗိုလ်သင်တန်းတက်လိုသူလည်း နည်းပါးလာသည်။
ဤအတောအတွင်း လေကြောင်းပစ်ကူနှင့် စစ်ဆင်နေစဉ်မှာပင် စစ်ကောင်စီတပ် အကျအဆုံးများနေပြီး သုံ့ပန်းဖြစ်သွားသူများ၊ ဘက်ပြောင်းသွားသူများထဲတွင် အရာရှိများပင် ပါဝင်လာသည်။
ဤသို့ တပ်ပျက်လုလုအခြေအနေများ ဖြစ်ပေါ်နေချိန်တွင် အာဏာသိမ်းခေါင်းဆောင်က လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ပြီး ဆွေးနွေးလိုသည်ဟု ငြိမ်းချမ်းရေးကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
လမ်းပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အကြမ်းဖက်ခံရပြီး တိုင်းရင်းသားအဖွဲ့များထံတွင် စစ်ပညာသင်ယူခဲ့ရုံသာမက ထိုအဖွဲ့များနှင့် ပူးတွဲစစ်ဆင်နေသည်ဆိုသည့် အချက်မှာ အများသိသော လျှို့ဝှက်ချက်ဖြစ်သည်။ စစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်မှာ အဆိုပါ ပူးတွဲစစ်ဆင်မှု၊ စစ်ပညာသင်ပေးမှု၊ လက်နက်ခဲယမ်းလမ်းကြောင်းတို့ကို ခွဲထုတ်လိုခြင်းကြောင့် ဖြစ်သည်ဟု အများအပြားက ယူဆနေကြသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ၏ ပြောရေးဆိုခွင့်ရှိသူကမူ ထိုကမ်းလှမ်းမှုသည် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် နည်းဗျူဟာဟောင်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။
“တစ်ဖက်ကို တိုက်ပြီးတော့ တစ်ဖက်ကို ငြိမ်းချမ်းရေးခေါ်မယ်။ ငြိမ်းချမ်းရေးခေါ်တဲ့နေရာမှာလည်း တကယ့်နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့ ငြိမ်းချမ်းရေးမဟုတ်ဘဲနဲ့ ရှင်းရှင်းပြောရရင်တော့ အညံ့ခံ၊ အရှုံးပေးရမဲ့ ငြိမ်းချမ်းရေးပဲ ဖြစ်တယ်ဆိုတော့ ဒါ အရင်က လုပ်လာခဲ့တဲ့ ပုံစံပဲပေါ့” ဟု တပ်မဟာ ၅ မှ ပဒိုမန်းမန်းက တုံ့ပြန်သည်။
နိုင်ငံအနှံ့ ခုခံသူတို့၏ အင်အားစုဖွဲ့မှု အားကောင်းလာသလို၊ ၎င်းတို့ကို စစ်သင်တန်းပေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်မှုများပြားလာသည့် အချိန်တွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း တော်လှန်ရေးကို အရှိန်ပိုမြှင့်မည်ဟု ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားသည်။
ဤသို့သော အခြေအနေများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် ဆက်လက်တည်မြဲရန် ပိုမိုအားနည်းလာလိမ့်မည်ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ယူဆသည်။
“သူတို့အနေနဲ့ ထုတ်သာမပြောတာ တော်တော်ကို ယိုင်နဲ့နဲ့ ဖြစ်နေပြီ။ အဓိက တပ်တွင်းစည်းလုံးညီညွတ်မှု တဖြည်းဖြည်းနဲ့ ပြိုကွဲလာတယ်။ ပြည်သူထောက်ခံမှုက လုံးလုံးကို မရှိတော့ဘူး” ဟု CDM ဗိုလ်ကြီးက ဆိုသည်။
“သူတို့အနေနဲ့ ဒီအခြေအနေကို ပြုပြင်နိုင်မဲ့အနေအထားလည်း မရှိတော့ဘူးဗျ။ သူတို့က အဆုံးအထိ မိုက်မဲမဲ့ ပုံစံပဲရှိတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)