သတင်း

ကလေးတွင် အရာရှိသုံးဦးအပါအဝင် အကျအဆုံးများပြီးနောက် စစ်တပ်က အင်အားဖြည့်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ရေရှင်ရွာအနီးတိုက်ပွဲတွင် အရာရှိအဆင့် သုံးဦးနှင့် ပျူစောထီးများအပါအဝင် ၂၀ နီးပါး ထိခိုက်သေဆုံးပြီးနောက် စစ်ကောင်စီတပ်က တပ်ကူအင်အား ဖြည့်တင်းလျက်ရှိသည်ဟု ဒေသခံ PDF က ဆိုသည်။

မကွေးတိုင်းအစပ် မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ရေရှင်ရွာအနီးတွင် အင်အား ၂၈၀ ခန့်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲ ချီတက်လာစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ဧပြီ ၂၂ တွင် တစ်နေကုန်နီးပါး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

နံနက် ၇ နာရီမှ ညနေပိုင်းအထိ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိအဆင့် သုံးဦးနှင့် ပျူစောထီးများအပါအဝင် ၂၀ နီးပါး ထိခိုက်သေဆုံးကြောင်း ကလေး PDF က ယမန်နေ့ (ဧပြီ ၂၃) တွင် ထုတ်ပြန်ထားသည့်နည်းတူ တာဝန်ရှိသူတစ်ဦးကလည်း ယနေ့ အတည်ပြုသည်။

“သုံးပွင့်ဗိုလ် တစ်ယောက်ပါတယ်။ … သူတို့က မိုင်းနဲ့ တအားထိသွားတာ။ တော်တော်လေး ခံလိုက်ရတယ်” ဟု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများခြင်းအပေါ် ကလေး PDF တာဝန်ရှိသူက Myanmar Now ကို ပြောသည်။​

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်က ၎င်းတို့အထိုင်ချ တပ်စွဲထားရာ ဟံသာဝတီရွာဘက်မှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ရေရှင်ရွာမှ လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် ပျက်စီးကြောင်းလည်း ကလေး PDF က ထုတ်ပြန်သည်။​ 

ကလေး – ဂန့်ဂေါလမ်းမကြီးပေါ်ရှိ ဟံသာဝတီရွာတွင် စစ်ကောင်စီတပ်က ယခင်ကတည်းက အထိုင်ချ တပ်စွဲနေခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ရာ ရေရှင်ရွာနှင့် သုံးမိုင်ကျော်သာဝေးသည်ဟု သိရသည်။ 

လွန်ခဲ့သော နှစ်ရက်က ရေရှင်ရွာတိုက်ပွဲတွင် စစ်တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ဒေသခံ PDF များဘက်မှ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်းလည်း ကလေး PDF ထုတ်ပြန်ချက်က ဆိုသည်။​

စစ်ကောင်စီကမူ နိုင်ငံ့အနှံ့တွင် ဖြစ်ပွားနေသော တိုက်ပွဲများနည်းတူ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ရွာတိုက်ပွဲတွင် အရာရှိအဆင့်များ ထိခိုက်သေဆုံးသော်လည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။ 

တိုက်ပွဲဖြစ်ပြီးနောက် ညပိုင်းတွင် ရေရှင်ရွာတစ်ဝိုက်ကို တိုက်လေယာဉ်တစ်စီးဖြင့် တစ်နာရီနီးပါးကြာ ပျံဝဲနေခဲ့ကြောင်း၊ ယမန်နေ့မှစ၍ ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းများဖြင့် တပ်ကူအင်အားဖြည့်တင်းနေသည်ဟုလည်း ကလေး PDF တာဝန်ရှိသူက ပြောသည်။​

ရေရှင်ရွာနှင့် အင်းကျွန်းရွာအနီး ဧပြီ ၂၃ ရက်နေ့တွင် တိုက်ပွဲဆက်ဖြစ်ကာ ယနေ့တွင်လည်း နတ်ချောင်း၊ နတ်မြောင်းဘက်မှတစ်ဆင့် စစ်ကောင်စီက ထပ်မံအင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။​

“ဒီနေ့တော့ မနက်ပိုင်းကစပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ စထိုးလာတယ်။ နတ်ချောင်း၊ နတ်မြောင်းဘက်က ရွာလေးရွာကိုတော့ ရှောင်ခိုင်းထားတယ်။ အားလုံးကတော့ Stand by (အဆင်သင့်) ပြင်ဆင်ထားတယ်။ ရေရှင်ဘက်ကို စစ်ကူသွားမလားတော့ မသိဘူး” ဟု ကလေး PDF တာဝန်ရှိသူက ပြောသည်။ 

စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် ရေရှင်၊ အင်းကျွန်းအပါအဝင် နတ်ချောင်း၊ နတ်မြောင်း၊ စည်သာ၊ ဟားခါးလေး စသည့်ကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ 

စစ်ကောင်စီကို အစောဆုံးလက်နက်ကိုင် ခုခံခဲ့သည့် ကလေးမြို့နယ်တွင် ကျေးရွာပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းတွင် နယ်မြေစိုးမိုးထားနိုင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button