သတင်း

မတ္တရာတွင် ရွာမီးရှို့ပြီးပြန်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး လိုက်ပါလာသည့် ကား ၂ စီးကို ယနေ့ (ဧပြီ ၁၉) နံနက်၌ မိုင်းဆွဲတိုက်ခိုက်ရာ ၁ စီး ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် တိုက်ခိုက်သည့်အဖွဲ့များက ဆိုသည်။

သဖန်းကိုင်းကျေးရွာအတွင်းမှ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည်ထွက်ခွာလာသော စစ်ကား ၂ စီး ယနေ့ နံနက် ၄ နာရီကျော်ခန့်တွင် မြောင်းသစ်ကျေးရွာအနီး မိုင်းခွဲတိုက်ခိုက်ကြသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော နဂါးညီနောင်ပြောက်ကျားအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“မိုးတွေ လေတွေကြားထဲကနေပဲ တိုက်ခိုက်မှုလုပ်ခဲ့ရပါတယ်။ ကားနှစ်စီးမှာ တစ်စီးက လုံးဝ ပျက်စီးသွားခဲ့ပါတယ်”ဟု  ၎င်းက Myanmar Now ကို ယနေ့ မွန်းလွဲပိုင်း၌ ပြောသည်။

မတ္တရာမြို့နယ်သည် မန္တလေးမြို့မြောက်ဘက် ၂၄ မိုင်အကွာတွင်ရှိပြီး ဒေသတွင်းကာကွယ်ရေးအဖွဲ့များ အားကောင်းသောဒေသ ဖြစ်သည်။ 

စစ်သား ၂၀ ခန့် သေဆုံးနိုင်သည်ဟု ယူဆရပြီး ထိုတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ PDF) နှင့် ဇာမဏီပြောက်ကျားအဖွဲ့တို့လည်း ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထိုသူက ဆိုသည်။ 

ထိုကား ၂ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သည် ဧပြီ ၁၈၊ နံနက် ၉ နာရီခန့်က သဖန်းကိုင်းကျေးရွာသို့ ရောက်ရှိလာပြီး ရွာသားတစ်ဦးကို ဖမ်းဆီးကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ၏ နေအိမ်များကို ပြသခိုင်းခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ထို့နောက် နောက်တစ်နေ့ နံနက်  ၃ နာရီခန့်တွင် ထိုကျေးရွာမှ နေအိမ်များကို မီးရှို့ပြီး သဖန်းကိုင်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုအောင်ကျော်စိုးဆိုသူကို ဖမ်းဆီးခေါ်ဆောင်ကာ ပြန်ထွက်ခွာလာစဉ် မိုင်းခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

စစ်သားများ၏ ကားနှစ်စီးကို ၁၂ လုံးပါ အတွဲလိုက်ဖောက်ခွဲရသော ပဒေသာမိုင်းနှင့် လက်လုပ်စိန်ပြောင်းကျည် ၄ လုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ တိုက်ခိုက်မှုပြီးချိန်တွင် ကားမှန်ကွဲများ၊ ထိခိုက်ပျက်စီးသွားသည့် ကားအစိတ်အပိုင်းအချို့ကို တွေ့ရှိခဲ့ကြောင်း PDF အဖွဲ့များထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်သည် မတ္တရာမြို့နယ်အရှေ့ပိုင်းမှ ကျေးရွာများကို မကြာခဏ နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိပြီး သဖန်းကိုင်း၊ ကင်း စသည့်‌ကျေးရွာများမှ လူနေအိမ်များကို မကြာခဏ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

မတ္တရာ PDF နှင့် ပူးပေါင်းအဖွဲ့များကလည်း ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကြာခဏ မိုင်းဆွဲတိုက်ခိုက်နေသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး စစ်အာဏာသိမ်းခဲ့သည်မှာ ၁ နှစ်နှင့် ၂ လ ကြာမြင့်နေပြီဖြစ်သော်လည်း ဒေသအများအပြားတွင် လက်နက်ကိုင်ခုခံတိုက်ခိုက်မှု အားကောင်းနေဆဲ ဖြစ်သည်။ 

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ခဲ့သည့် ၆ လပြည့်အဖြစ် မတ် ၁၅ က ထုတ်ပြန်ခဲ့သည့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် PDF များ၏ စိုးမိုးမှုနယ်မြေကို အခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအာဏာကို တည်ထောင်ထားနိုင်ပြီဟု ပြောထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button