မေးမြန်းခန်း

“စစ်ကောင်စီဘက်က စိုးမိုးနယ်မြေဆိုတာ … သူတို့ရဲ့ တပ်ထဲမှာပဲရှိတယ်” − အင်တာဗျူး

လက်နက်ကိုင်ခုခံသူတို့ထံ သတင်း၊ ရိက္ခာ၊ လူအင်အား၊ ရန်ပုံငွေ စသည့် အရင်းအမြစ် ၄ မျိုး မရောက်စေရန် လမ်းကြောင်းမှန်သမျှ ပိတ်ဆို့ဖြတ်တောက်ခြင်း (ဖြတ် ၄ ဖြတ်) လမ်းစဉ်ကို စစ်ကောင်စီက ချမှတ်ကျင့်သုံးနေသော်လည်း အလုပ်ဖြစ်မည်မဟုတ်ဟု ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ၏ အတွင်းရေးမှူး Timmy က ပြောသည်။ 

CJDC သည် ချင်းဒေသတွင်း တော်လှန်ရေးအဖွဲ့များ စုစည်းထားသည့် အင်အားစုဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း Myanmar Now က ဆက်သွယ်မေးမြန်းစဉ် CJDC အတွင်းရေးမှူးက နယ်မြေစိုးမိုးနိုင်မှု၊ လက်နက်ဆိုင်ရာ မူဝါဒ၊ လူထုထောက်ခံမှုတို့အကြောင်း ပြောပြထားသည်။

မေး  −  အခုနှစ်ဆန်းကစပြီး စစ်ကောင်စီက ထိုးစစ်ပြန်စနေတဲ့ ချင်းပြည်နယ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ  −  အဓိကက ခရီးသွားတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် သွားလို့မရ၊ အခုနောက်ပိုင်းဆိုရင် မီးတွေကအစ အကုန်လုံးဖြတ်ထားတဲ့အခါကျတော့ ဆက်သွယ်ရေးပိုင်းမှာ လုံးဝ အဆင်မပြေဘူး၊ ဖုန်းလိုင်းမရတော့ အကုန်လုံးအတွက် ရတဲ့ Information (သတင်းအချက်အလက်) က တော်တော်လေးကို ခက်ခဲတယ်။

ပလက်ဝဘက်မှာဆိုရင် သူတို့ တော်တော်လေးကို ဖြတ်လေးဖြတ်လုပ်ထားတော့ ဆီဈေး၊ ဆန်ဈေး အဓိက အခြေခံအသုံးအဆောင်ပစ္စည်းတွေက ဈေးနှစ်ဆလောက် တက်နေတယ်။ ဒါ မြေပြင်မှာ ကြုံတွေ့နေရတဲ့ ဟာပေါ့။

ပြည်သူတွေအနေနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ တော်လှန်ရေးသမားတွေပဲဖြစ်ဖြစ် ဒါကတော့ ပြင်ဆင်ပြီးသား။ အဆိုးဆုံးအထိအတွက်လည်း ကျွန်တော်တို့ပြင်ဆင်ထားတယ်။

မေး − ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှု အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သက်ပြီး ပြောပါဦး။

ဖြေ − စစ်အုပ်ချုပ်ရေး သူတို့ မလည်ပတ်နိုင်ဘူး။ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်လည်း ချင်းပြည်က အခုထိ ဘယ်အုပ်ချုပ်ရေးမှ သူတို့ မလုပ်နိုင်ဘူး။ စီးပွားရေးလည်း မလည်ပတ်နိုင်ဘူး။ ဘယ်အရာမှ သူတို့ ကျွန်တော်တို့ချင်းတောင်မှာ လည်ပတ်နိုင်တာ မရှိဘူး။

ကျေးလက်ဒေသလုံခြုံရေးကအစ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေကပဲ တာဝန်ယူထားရတယ်ဆိုတော့ လူဦးရေအရပဲဖြစ်ဖြစ်၊ နေရာဒေသအရပဲဖြစ်ဖြစ် သူ့ထက် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးဘက်ကပဲ စိုးမိုးနိုင်တယ်။

စစ်ကောင်စီဘက်က စိုးမိုးနယ်မြေဆိုတာ မြို့ထဲမှာတောင်မှ သူတို့ရဲ့ တပ်ထဲမှာပဲရှိတယ်။ တခြားနေရာမှာဆိုရင်တော့ ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးတယ်။

မေး − ဒါဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေ တစ်နှစ်အတွင်းမှာ ရခဲ့တဲ့ နယ်မြေစိုးမိုးမှုက ဘယ်လောက်ရှိပြီလို့ ပြောလို့ရနိုင်မလဲ။

အခု ကျွန်တော်တို့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းတော့ ထိန်းချုပ်လို့ရပြီလို့တော့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ပေါ်တော်တော်များများကို ကြည့်လိုက်ပါ၊ မြို့ပေါ်မှာတောင်မှ ရုံးတော်တော်များဟာ မလည်ပတ်နိုင်တာများတယ်။ နောက်ပြီးတော့ မြို့ပေါ်မှာနေထိုင်တဲ့ လူဦးရေနဲ့ ကျေးလက်မှာနေထိုင်တဲ့ လူဦးရေက ပိုများတယ်။

အခု မင်းတပ်တို့ ဘာတို့ဆိုရင် ကိုယ့်အုပ်ချုပ်ရေးကိုယ် အကောင်အထည်ဖော်တယ်၊ နောက်ပြီးတော့ ကျောင်းတွေရော ကျန်းမာရေးလည်း လည်ပတ်နေပြီ။ ဟားခါးမှာဆိုလည်း ဒီအတိုင်းပဲ၊ ထန်တလန်မှာဆိုလည်း ဒီအတိုင်းပဲ။

မေး − CJDC အနေနဲ့ ဒီနှစ်အတွက်ထားတဲ့ တော်လှန်ရေးပန်းတိုင်နဲ့ ပတ်သက်ပြီးလည်း ပြောပြပါဦး။

ပြင်ဆင်မှုတွေလည်း လုပ်ထားတဲ့အခါကျတော့ ၂၀၂၂ ကိုတော့ အနည်းဆုံး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းကိုတော့ လွတ်မြောက်နယ်မြေဖြစ်ဖို့ ပန်းတိုင်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် ဒါတွေအကုန်လုံးကို ကျွန်တော်တို့ စိုးမိုးနယ်မြေဖြစ်ရမယ်ဆိုပြီးတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရည်မှန်းချက်ထားတယ်။ အဲဒီထားတဲ့အတိုင်းပဲ တစိုက်မတ်မတ်လုပ်တယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ပြင်ဆင်မှုတွေ တော်တော်လေးကို လုပ်မှာဖြစ်တယ်။

ဒီနွေရာသီကာလကတော့ စစ်ကောင်စီတပ်ကလည်း တော်တော်လေးကို အရက်စက်ဆုံးနည်းနဲ့ လေကြောင်းလည်း သုံးလို့ရတယ်၊ ကြည်းကြောင်းလဲ သုံးလို့ရတယ်။ ဒါပေမဲ့ မိုးတွင်းရောက်ရင်တော့ ကျွန်တော်တို့ဘက်က တစ်ဖန်အသာစီးနိုင်မဲ့အနေအထားတွေ အများကြီးရှိတယ်။ 

သူတို့ကလည်း မတရားနည်းနဲ့ လုပ်မှာပဲ။ အရက်စက်ဆုံးနည်းနဲ့ သူတို့က သုံးမှာပဲ။ ကျွန်တော်တို့ဘက်ကတော့ လုံးဝ နောက်ဆုံးမှာမဟုတ်ဘူး။ ပြည်သူတွေကလည်း ရာနှုန်းပြည့် ကျွန်တော်တို့ဘက်မှာ ရှိတဲ့အတွက်ကြောင့်မို့ နောက်ဆုတ်မှာ မဟုတ်ဘူး။ 

မေး − အဖွဲ့တွေမှာ လုံလောက်တဲ့ လက်နက်ရော ရှိပြီလား။  

ဖြေ − ဘယ်သူမဆို ဘယ်အဖွဲ့တွေပဲဖြစ်ဖြစ် လက်နက်လိုအပ်မှုကတော့ အများကြီးရှိမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အခု စစ်တိုက်လာတာ တစ်နှစ်လောက်ရှိနေပြီဆိုတော့ လက်နက်ရှိမှ တိုက်မယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ စစ်ပွဲဆိုတာက တစ်ဖက်ကနေ ဗျူဟာပဲ၊ ရှိတဲ့ဟာနဲ့ပဲ ဘယ်လိုဗျူဟာလုပ်မလဲဆိုတာပဲ ပိုအရေးကြီးပါတယ်ဆိုတော့ ကျွန်တော်တို့ လက်နက်လိုအပ်ချက်တွေတော့ အများကြီးရှိမှာပဲ၊ NUG ဘက်ကလည်း ပြည်သူတွေဘက်ကလည်း အားလုံးကြိုးစားပြီးတော့ ကျွန်တော်တို့ ပြည်သူလူထုရဲ့ တိုက်ပွဲဖြစ်တယ်။

လောလောဆယ် လက်နက်ကိုင်ဖြစ်ကြတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ပဲ မဟုတ်ဘူး၊ ပြည်သူတစ်ရပ်လုံးရဲ့ တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့် အားလုံး ဒါ တညီတညွတ်တည်းနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဒီလက်နက်တွေ ရရှိအောင် ငွေရေးကြေးရေးကအစ လုပ်ဆောင်ကြရအောင်လို့ ပြောချင်ပါတယ်။

၂၀၂၂ မှာ ပြင်ဆင်ထားတယ်ဆိုတာသည် ဒီလက်နက်ဆိုတဲ့အပိုင်းလည်း ပြင်ဆင်ထားပါတယ်၊ ဒါကြောင့်လည်း လွတ်မြောက်နယ်မြေဖြစ်ဖို့ ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button