ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းရှိ လေးကေ့ကော်မြို့ကို စစ်ကောင်စီက ယမန်နေ့ (ဧပြီ ၁၄) ညသန်းခေါင်တွင် ထိုးစစ်ဆင်သော်လည်း အောင်မြင်မှုမရှိဟု ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် ကော်ဘရာစစ်ကြောင်းက ပြောသည်။
“မနေ့ညက ကျွန်တော်တို့စစ်ကြောင်းတာဝန်ယူထားတဲ့ တောင်ကုန်းတွေပေါ်ကို စကစ (စစ်ကောင်စီတပ်) က တက်ဖို့ ကြိုးစားတယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ ကင်းအဖွဲ့နဲ့ စပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ သူတို့ဘက်ကတော့ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးတယ်” ဟု ကော်ဘရာစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
အင်အားတိုးချဲ့သည့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည်ကို သတင်းရရှိထားပြီး မိမိတို့ဘက်ကလည်း ပြင်ဆင်မှုများပြုလုပ်နေသည်ဟုလည်း သူက ဆက်ပြောသည်။
ည ၁၁ နာရီမှ နံနက် ၃း၃၀ အထိ ကြာမြင့်သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်အသုံးအဆောင်များ၊ ကျည်ဆန်များ သိမ်းဆည်းရမိကြောင်းလည်း ကော်ဘရာစစ်ကြောင်းအဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီထိန်းချုပ်ထားသော သတင်းစာများတွင် “ငြိမ်းချမ်းရေးပြယုဂ်တစ်ခုဖြစ်သော လေးကေ့ကော်မြို့သစ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်” ဟု ထိုနေ့မှာပင် ဖော်ပြပြီးနောက် တိုက်စစ်ဆင်လာခြင်းဖြစ်သည်။
လေးကေ့ကော်တိုက်ပွဲများ၏ အစ
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေးကေ့ကော်မြို့သို့ ဝင်ရောက်ကာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ၃၂ ဦးကို ဖမ်းဆီးခဲ့သည်။ နောက်တစ်နေ့တွင် ထိုမြို့အတွင်း KNU/KNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့သည်။
PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များလည်း KNU တပ်များနှင့်အတူ ရှိနေရာ ထိုဒေသရှိ အဆိုပါ ပူးပေါင်းတပ်ဖွဲ့မှာ ကော်ဘရာစစ်ကြောင်းဟု ထင်ရှားသည်။
ဒီဇင်ဘာ ၁၅ ရက်မှ ဧပြီလ ဒုတိယပတ်အထိ လေးကေ့ကော်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးသည်ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သို့သော် အဆိုပါ အချက်နှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။
ဧပြီလ ၁၀ ရက် လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့သည်။ ထိုနေ့တိုက်ပွဲအတွင်း KNU/KNLA ပူးပေါင်းအဖွဲ့က လက်နက်တချို့ ရရှိခဲ့သလို တပ်မ ၄၄ မှ ဗိုလ်ကြီးတင်လင်းခိုင်ကိုပါ ဖမ်းဆီးမိခဲ့သည်။ မတ် ၂၅ တိုက်ပွဲတွင်လည်း ခမရ ၅၈၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်သည် KNU/KNLA ပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းသွားသည်။
ပြီးခဲ့သည့်မတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၂၉ ယောက် သေဆုံးပြီး ၂၆၀ ဒဏ်ရာရရှိသည်ဟု KNU က ဧပြီလ ၅ ရက်တွင် ထုတ်ပြန်သည်။
KNU ဘက်မှ ၂၂ ဦးကျဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာရသည်ဟု ဆိုသည်။
စစ်ကောင်စီ၏ တုံ့ပြန်ချက်
လေးကေ့ကော်တိုက်ပွဲအတွင်း “တပ်မတော်မှ အရာရှိစစ်သည်အချို့ ထိခိုက်ဒဏ်ရာရှိခဲ့သည်”၊ ဧပြီ ၁၀ တွင် လေကြောင်းပစ်ကူဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားသည်ဟု ဧပြီ ၁၄ စစ်ကောင်စီသတင်းစာများတွင် ဖော်ပြသည်။
“အချို့လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) သဘောတူညီချက်များအပေါ် ကျူးလွန်ဖောက်ဖျက်လျက်ရှိသည့်ပြင် ထာဝရငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်ရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိသည်” ဟု စစ်ကောင်စီသတင်းစာက ဆိုသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ NCA သဘောတူညီချက်များကို ဖျက်ဆီးနေသူမှာ စစ်ကောင်စီသာဖြစ်ကြောင်း Myanmar Now ကို ဖေဖော်ဝါရီလအတွင်းက ပြောဆိုထားသည်။
ဒေသအတော်များများတွင် တိုက်ပွဲများဖြစ်နေခြင်း၊ ရပ်ရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို စစ်ကောင်စီက ကျူးလွန်ခြင်းမှာ NCA စာချုပ်ပါ အချက်များကို ချိုးဖေါက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။
ယခင်က ငြိမ်းချမ်းရေးမြို့တော်ဟု တင်စားခဲ့ကြပြီး ယခု စစ်ဖြစ်နေသည့် လေးကေ့ကော်မြို့သည် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း တည်ရှိသည်။ ရပ်ကွက် ၆ ခု၊ အိမ်ခြေ ၆၀၀ ကျော်နှင့် လူဦးရေ ၃,၀၀၀ ကျော်ခန့် နေထိုင်ခဲ့သည့် အဆိုပါမြို့ကို ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့က ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့သည်။
စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများက လေးကေ့ကော်မြို့နှင့် ပတ်သက်၍ ဖော်ပြရာတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။
သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှစ၍ KNU/KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှုများပါဝင်သည့် တိုက်ပွဲများကြောင့် ဒေသခံများ တိမ်းရှောင်နေခဲ့ရပြီးဖြစ်ကြောင်း KNU တာဝန်ရှိသူတို့က သတင်းဌာနများကို ပြောထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားသုံးထိုးစစ်ဆင်ခြင်းကြောင့် KNU အုပ်ချုပ်သည့် နယ်မြေအတွင်း နေထိုင်ကြသည့် ပြည်သူပေါင်း ၁၀၀,၀၀၀ ကျော်မှာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း KNU က ဧပြီ ၅ တွင် သတင်းထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)