
မန္တလေး၊ ကျောက်ဆည်ခရိုင် ပလိပ်မြို့ရှိ အမှတ် ၁၄ ရဲတပ်ရင်းကို ယနေ့ (ဧပြီ ၁၄) နံနက်မိုးမလင်းမီ တိုက်ခိုက်ခဲ့သည်ဟု မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောသည်။
ပလိပ်-ကျောက်ဆည်လမ်းမကြီးဘေးတွင် ရှိသည့် ထိုရဲတပ်ရင်းကို သေနတ်၊ ဗုံးပစ်လောင်ချာများဖြင့် ၁၀ မိနစ်ခန့် တိုက်ခိုက်ရာတွင် ၎င်းတို့ဘက်မှ အကျအဆုံးမရှိဟု မြစ်ငယ် PDF အဖွဲ့ဝင်က ဆိုသည်။
ထိုတိုက်ခိုက်မှုကို တပ်ကုန်းနှင့် စဉ့်ကိုင် PDF အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းထံမှ သိရသည်။
“ဒီကောင်တွေဘက်က တစ်ချက်မှ ပြန်မပစ်နိုင်ဘူး။ မီးရောင်မြင်တဲ့နေရာ အကုန်ပစ်တာ၊ မီးတွေ အကုန်ပိတ်ပစ်ပြီး ငြိမ်နေကြတာ” ဟု မြစ်ငယ် PDF အဖွဲ့ဝင်က ဆိုသည်။
ရဲ ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားသည်ဟု PDF တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုအချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။
နံနက်အစောပိုင်းတွင် သေနတ်သံများ ကြားခဲ့ရကြောင်း ပလိပ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။
“မနက်အစောကြီးတုန်းက ဗုံးတွေနဲ့ ပစ်ခံရတယ်နဲ့ တူတယ်။ မနက်ကျတော့ အဲဒီရဲတပ်ရင်းရှေ့က ဖြတ်သွားရတဲ့ ပလိပ်-ကျောက်ဆည်လမ်းကို လုံးဝပိတ်ထားလိုက်တယ်၊ ပုံမှန်ဆို အသွားအလာရှိတဲ့ လမ်းလေ၊ နေ့လယ်လောက်အထိ သွားမရဘူး” ဟု ၎င်းက ပြောသည်။
အမှတ် ၁၄ ရဲတပ်ရင်း၏ ဦးစားပေးတာဝန်မှာ သင်တန်းပေးခြင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်ခြင်းတို့ဖြစ်သည်၊ လုံခြုံရေးတည်ငြိမ်သည့် ပုံမှန်အခြေအနေတွင် ရဲအင်အားရာဂဏန်း အခြေစိုက်လေ့ရှိသည့် တပ်ရင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ သိရသည်။
သို့သော် အာဏာသိမ်းပြီး နိုင်ငံအနှံ့ ခုခံမှုများတိုးနေချိန်တွင် လိုအပ်သည့် နေရာများသို့ လုံခြုံရေးတာဝန် ဖြန့်ခွဲယူရ၍ အမှတ် ၁၄ ရဲတပ်ရင်းရှိ လက်ရှိအင်အားမှာ ၃၀ ခန့်သာရှိမည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်အချို့က ခန့်မှန်းသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ခုခံမှုများ မြင့်တက်နေရာ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ဒေသများလည်း ပါဝင်နေသည်။ စစ်ကောင်စီက ရွာစဉ်လှည့်မီးရှို့၊ လက်နက်ကြီးနှင့် လေကြောင်းပါသုံး၍ အပြင်းအထန်နှိမ်နင်းနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)