သတင်း

မန္တလေးတိုင်းမှ စစ်တက္ကသိုလ်တက်ရန် လျှောက်သူ ၂၂ ဦးသာရှိခဲ့

နှစ်စဉ် ဗိုလ်လောင်းသင်တန်းသား အနည်းဆုံး ၅၀၀ မှ ထောင်ဂဏန်းအထိ ခေါ်ယူလေ့ရှိသော ပြင်ဦးလွင်စစ်တက္ကသိုလ်၌ ပြီးခဲ့သည့်နှစ်တွင် မန္တလေးတိုင်းမှ လျှောက်ထားသူ ၂၂ ဦးသာရှိသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ အရာရှိတစ်ဦးထံမှ သိရသည်။

စစ်တက္ကသိုလ်အပတ်စဉ်တိုင်းတွင် အများဆုံးဖြစ်လေ့ရှိသော မန္တလေးတိုင်းမှ တက်ရောက်သူ နည်းသွားခြင်းမှာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်သည်ဟု လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် စစ်တပ်ကို စွန့်ခွာလာသူ လေတပ်ဗိုလ်ကြီးဇေသူအောင်က Myanmar Now ကို ပြောသည်။​

စစ်တပ်ကို စွန့်ခွာခြင်းမပြုမီ ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်သို့ စစ်ဘက်ဆိုင်ရာ သင်တန်းတစ်ခုသွားတက်ချိန်တွင် ဗိုလ်သင်တန်းတက်ရောက်သူ နည်းပါးသည်ကို သိရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။

“အဲဒီတက်နေတဲ့အချိန်မှာပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဗိုလ်လောင်းလာပို့တာပေါ့။ မန္တလေးတိုင်းအတွက် ၂၂ ယောက်ပဲရှိတယ်တဲ့” ဟု အသက် ၃၅ နှစ်အရွယ် စစ်တက္ကသိုလ်အပတ်စဉ် ၅၀ ဆင်း ဗိုလ်ကြီးဇေသူအောင်က ဆိုသည်။​

လေတပ်တွင် ဗိုလ်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဇေသူအောင်မှာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဇာတိဖြစ်ပြီး ဖေဖော်ဝါရီလလယ်ပိုင်းတွင် မိသားစုနှင့်အတူ ကယားပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်သည်။

“တကယ်တမ်းဆိုရင် ဗိုလ်လောင်းတွေ ကြည့်လိုက်ရင် မန္တလေးသားတွေများတယ်။ အရာရှိတွေထဲမှာလည်း မန္တလေးသားက အရမ်းများတယ်လေ။ မိတ္ထီလာ၊ မန္တလေး၊ ရမည်းသင်း၊ တောင်သာ ဒီတစ်ကြောလုံးက အများကြီးပဲ။ အခုလည်းကျရော ၂၂ ယောက်ပဲရှိတယ်” ဟု ဗိုလ်ကြီးဇေသူအောင်က ဆိုသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၅၁ တွင် လူ ၃၀၀၀ ခေါ်ယူခဲ့ရာ သင်တန်းဆင်းချိန်၌ ၂၅၀၀ ကျော်သာရှိပြီး အများဆုံးမှာ မန္တလေးတိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့ဖြစ်သည်ဟု CDM ဗိုလ်ကြီးတစ်ဦးဖြစ်သူ နေမျိုးသက်ကလည်း ပြောသည်။​

“မန်းကတော့ များတယ်။ လူအုပ်တောင့်တယ် DSA မှာဆို။ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ နေရာဒေသတွေက ဝင်တာနည်းတယ်။ မရှိသလောက်ပဲ” ဟု စစ်တက္ကသိုလ်အပတ်စဉ် ၅၁ ကျောင်းဆင်း ၎င်းက ပြောသည်။​

စစ်တက္ကသိုလ်အပတ်စဉ်တိုင်းတွင် မန္တလေးတိုင်းမှ လျှောက်ထားသူ အများဆုံးဖြစ်သည်ဆိုသော အချက်ကို CDM ဗိုလ်ကြီးတစ်ဦးဖြစ်သူ လင်းထက်အောင်ကလည်း အတည်ပြုသည်။

“ဘယ်ဒေသက ဘယ်လောက်ဆိုတာတော့ အရေအတွက်တော့ မသိခဲ့ဘူးဗျ။ မန္တလေးတိုင်းကတော့ အများဆုံး”

၂၀၂၁ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သော စစ်တက္ကသိုလ်အပတ်စဉ် ၆၃ ကျောင်းဆင်းပွဲ။ (ဓာတ်ပုံ – ကကကြည်း)

၎င်းတက်ရောက်ခဲ့သော အပတ်စဉ် ၅၄ တွင် ဗိုလ်လောင်းဦးရေ ၁၃၀၀ နီးပါး ခေါ်ယူခဲ့သော်လည်း သင်တန်းဆင်းချိန်တွင် ၁၂၄၅ ဦးသာရှိတော့ကြောင်းလည်း ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။​

စစ်တက္ကသိုလ်အသီးသီးတွင် နံပါတ်တစ်ဦးစားပေးဖြစ်သော ပြင်ဦးလွင်အခြေစိုက် DSA (Defense Service Academy) တွင် နှစ်စဉ်ခေါ်ယူသည့်အရေအတွက်ကို အတိအကျသတ်မှတ်ထားခြင်း မရှိဘဲ လိုအပ်ချက်အလိုက် ခေါ်ယူခြင်းဖြစ်သည်ဟု အထက်ပါ CDM အရာရှိများနှင့် စစ်တပ်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် ထောင်နှင့်ချီသော စစ်တပ်ကို စွန့်ခွာလာသူများတွင် ယခုနောက်ပိုင်း ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိများအထိ ပါဝင်လာသည်။

စစ်တက္ကသိုလ်အသီးသီးတွင် သတ်မှတ်သင်တန်းသားဦးရေ မပြည့်မီ၍ ပြီးခဲ့သည့်နှစ်တွင် လျှောက်လွှာပိတ်ရက် အကြိမ်ကြိမ်နောက်ဆုတ်ခဲ့သည့်နည်းတူ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သော စစ်တက္ကသိုလ်အပတ်စဉ် ၆၃ ကျောင်းဆင်းပွဲတွင် ယခင်နှစ်များထက် ကျောင်းဆင်းဗိုလ်လောင်းဦးရေ နည်းပါးသည်ကို တွေ့ရသည်။​

လေးနှစ်တက်ရသည့် စစ်တက္ကသိုလ်ပြီးဆုံးချိန်တွင် ခေါ်ယူချိန်ကထက် အရေအတွက်လျော့နည်းခြင်းမှာ သင်တန်းကာလအတွင်း ဆေးကျခြင်း၊ ထွက်ပြေးခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခြင်းများကြောင့် ဖြစ်သည်ဟု ဗိုလ်ကြီးနေမျိုးသက်က ဆိုသည်။

စစ်တပ်ကို စွန့်ခွာလာသူ အပတ်စဉ် ၅၂ ကျောင်းဆင်း အခြားဗိုလ်ကြီးတစ်ဦးဖြစ်သူ ထက်မြတ်ကလည်း မန္တလေးတိုင်းတစ်တိုင်းလုံးတွင် ဗိုလ်သင်တန်းတက်သူ ၂၂ ဦးသာရှိတော့ခြင်းမှာ လုပ်ရပ်အမှားများကြောင့် လူငယ်များကိုယ်တိုင် စစ်တပ်ကို ဖယ်ကြဉ်ခြင်း၊ မိဘများက တားဆီးခြင်းများကြောင့်ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“အခုလို သေဖို့များနေတဲ့အချိန်မှာ ဘယ်မိဘမှတော့ ကိုယ့်သားသမီးကို အလကားအသေခံခိုင်းမှာ မဟုတ်ပါဘူး။ အပြင်က ပြည်သူတွေရဲ့ အမုန်းတရားကိုလည်း မခံနိုင်ပါဘူး။ ဒါကြောင့် ပြောရရင် အာဏာရှင်တွေ ကျဆုံးဖို့ နီးလာပြီလို့ပဲ ယူဆမိပါတယ်” ဟု အသက် ၃၂ နှစ်အရွယ် ဗိုလ်ကြီးဟောင်းက ပြောသည်။  

သို့သော် တပ်ရင်းများတွင် တပ်ခွဲ၊ တပ်စိတ်၊ တပ်စုအလိုက် အရာရှိနှင့် အောက်ခြေစစ်သားအချိုးမှာ တစ်ဖက်စောင်းနင်းဖြစ်နေပြီး အရာရှိအရေအတွက်မှာ ဖွဲ့စည်းပုံထက်ပင် ကျော်လွန်နေသည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။​

“အရာရှိတွေက တကယ့်ကို ဒုနဲ့ဒေး။ အရင်ကတည်းက ဒါမျိုး နိုင်ငံတော်အပြောင်းအလဲ တစ်ခုခုဖြစ်ပြီဆိုရင် အစားထိုးဖို့ဆိုပြီးတော့ ခေါ်ခဲ့တာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

တပ်ရင်းတစ်ခုတွင် ဖွဲ့စည်းပုံအရ အင်အား ၁၂၀ ရှိပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးဆောင်ကာ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၆ ဦး၊ ဗိုလ်အဆင့် ၄ ဦး၊ ဒုဗိုလ်အဆင့် ၂ ဦး စသဖြင့် အရာရှိ ၁၅ ဦးအထိ ပါဝင်ပြီး အောက်ခြေစစ်သား ၁၀၅ ဦး ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အောက်ခြေစစ်သည်အရေအတွက်မှာ လူသစ်မရတော့၍ ဖွဲ့စည်းပုံပြည့်မီခြင်း မရှိကြောင်း၊ အရာရှိ ၁၅ ဦးအထိ အပြည့်ပါဝင်နေသော်လည်း စစ်သားအဆင့် ၇၀ ခန့်သာ ရှိတော့ကြောင်းလည်း ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button