သတင်း

PDF ထောက်ပံ့မှု သံသယနှင့် သံတွဲမှ အမျိုးသမီးသုံးဦး ထောင် ၁၀ နှစ်စီချခံရ

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အား ငွေကြေးထောက်ပံ့သည်ဟူသော စွပ်စွဲချက်နှင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၃ ဦးကို ယမန်နေ့ (မတ် ၃၁) တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ထောင် ၁၀ နှစ်စီ ချလိုက်သည်။

သံတွဲမြို့၊ ဇီးဖြူကုန်းရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိဖြိုးကျော်၊ အမှတ်(၁) ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် မတင်စန္ဒာဝင်းနှင့် အသက် ၄၀ အရွယ် ဒေါ်စန်းချိုသိုက်တို့ကို သံတွဲခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အယူခံတက်မတက် မသိရသေးကြောင်း ၎င်းအမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးထွန်းဝင်းမောင်က Myanmar Now ကို ယနေ့ ပြောသည်။

“မိသားစုတွေကတော့ အမိန့်ချပြီးတဲ့နောက်ပိုင်း လာပြီးတော့ မဆက်သွယ်သေးပါဘူး။ အယူခံတက်မယ် မတက်ဘူးဆိုတာကို လာပြီးတော့ ဆွေးနွေးတာတိုင်ပင်တာ မရှိသေးဘူး” ဟု ဆိုသည်။

ယမန်နှစ် နိုဝင်ဘာ ၃ ၌ ထိုအမျိုးသမီးသုံးဦးမှာ PDF ထောက်ပံ့သူ သံသယဖြင့် ဖမ်းဆီးခံထားရပြီး နောက်တစ်နေ့တွင် သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုပြုလုပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၀ (ည) ဖြင့် အမှုဖွင့်ခဲ့သည်။

“သူတို့ကို နိုဝင်ဘာလ ၃ ရက်၊ ၄ ရက်နေ့တို့မှာ စဖမ်းတယ်။ အဲဒီကနေပြီး သူတို့ကို စစ်ဆေးရက် ရမန်ကာလကုန်တော့ ဆက်တိုက်တရားစွဲတယ်။ တရားစွဲပြီးတော့ အခု အမိန့်ချမှတ်တဲ့နေ့အထိ သူတို့ အချုပ်ထဲမှာပဲ နေရပါတယ်” ဟု ဦးထွန်းဝင်းမောင်က ဆိုသည်။

“ပထမသတင်းပေးတိုင်ချက်မှာ CRPH, NUG, PDF တွေကို အကြမ်းဖက်အဖွဲ့လို့ နိုင်ငံတော်က ကြေညာထားတယ်။ အဲဒီအကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီးတော့ စွပ်စွဲချက်နဲ့ တရားစွဲတာပါ။ ဒါကြောင့်မို့လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ တရားစွဲတာ”

ထောင်ချခံလိုက်ရသည့် ထိုအမျိုးသမီး သုံးဦးနှင့် ပတ်သက်၍ ၎င်းတို့၏ မိသားစုဝင်များကို မေးမြန်းနိုင်ရန် ကြိုးစားနေသော်လည်း အဆက်အသွယ် မရသေးပေ။ 

မူလဖမ်းဆီးခံရစဉ်က ပါဝင်သော ၁၀ တန်းကျောင်းသူတစ်ဦးမှာ ထိုအမှုတွင် ပါဝင်လာခြင်း မရှိတော့ပေ။ 

ထောင်ချခံလိုက်ရသည့် အမျိုးသမီးသုံးဦးအနက် ဒေါ်ငြိမ်းအိဖြိုးကျော်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် သံတွဲမြို့နယ်ကိုယ်စားပြုကာ NLD ပါတီမှ အနိုင်ရရှိခဲ့သည့် အမတ်တစ်ဦး၏ ညီမဖြစ်ပြီး သံတွဲထောင်တွင် ထိန်းသိမ်းခံရသည်။

၎င်း၏ ၂ နှစ်ကျော်အရွယ် သမီးငယ်မှာလည်း ထောင်တွင်းရှိ မိခင်ထံ ပို့ဆောင်ထားစဉ် အော့အန်၍ နာမကျန်းဖြစ်ကာ ဖေဖော်ဝါရီလအတွင်းက သေဆုံးခဲ့သည်။ 

ရခိုင်တောင်ပိုင်း သံတွဲဒေသသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အားကောင်းသည့် ဒေသတစ်ခုလည်းဖြစ်သည်၊ ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော် (AA) ၏ လှုပ်ရှားမှုများသာရှိပြီး PDF လှုပ်ရှားမှု မရှိသလောက်ဖြစ်သည်။ 

သို့ရာတွင် ယမန်နှစ် အောက်တိုဘာလအတွင်းမှစ၍ PDF နှင့် ဆက်စပ်မှုသံသယဖြင့် လူ ၁၀ ဦးခန့် ဖမ်းဆီးခံထားရသည်။ 

ဖမ်းဆီးခံထားရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါ ခေါ် ကိုအောင်မြင့်နိုင်ကိုလည်း PDF ကို ငွေကြေးထောက်ပံ့သည်၊ လှုံ့ဆော်သည်ဟု ဆိုကာ ဖေဖော်ဝါရီ ၂၅ တွင် ပုဒ်မ ၅၀(ည) ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

သံတွဲမြို့နယ်မှ လူငယ်နှစ်ဦးလည်း ဖမ်းဆီးခံရပြီး တစ်ဦးမှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နှင့် အမှုဖွင့်ခံထားရကာ အခြားတစ်ဦးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် ထောင် ၁ နှစ်၊ ခွင့်ပြုချက်မဲ့ဆန္ဒပြသည်ဟုဆိုကာ ငြိမ်းစုစီဥပဒေဖြင့် ထောင် ၁ လ ချခံထားရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button