
ရန်ကုန်— တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂ၏ ငယ်ရွယ်သူကလေးစစ်သားများ အသုံးပြုသည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှဝါနာ ဘာဂီနာ (Ms. Christine Schraner Burgener) ကို လက်ခံတွေ့ဆုံစဉ်တွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် ကလေးစစ်သားများအသုံးပြုသည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟုသာ ပါရှိပြီး အသေးစိတ်အချက်အလက်များ မပါရှိပေ။
ကလေးစစ်သားများနှင့်ပတ်သက်ပြီး အစိုးရ၏ ဆောင်ရွက်ချက်များကို ကြိုဆိုပြီး ကလေးစစ်သားများ လုံးဝကင်းစင်ရန်နှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရန် များစွာလိုအပ်နေသေးသည်ဟု လူ့အခွင့်အရေးကိစ္စများ လှုပ်ရှားဆောင်ရွက်နေသည့် ‘ညီမျှခြင်းမြန်မာ’အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
ကလေးစစ်သားပြဿနာကို ဖြေရှင်းရာတွင် လွတ်လပ်စွာ တိုင်ကြားနိုင်မည့် ယန္တရား၊ ကလေးစစ်သားဟောင်းများကို ပြန်လည်အရေးမယူရန်နှင့် ၎င်းတို့၏ဘဝ ပြန်လည်တည်ဆောက်ရန် အစိုးရအနေဖြင့် အကူအညီပေးရေး လိုအပ်နေသည်ဟု ၎င်းကပြောသည်။
“အစိုးရဘက်က တချို့သော ကြိုးပမ်းမှုကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကလေးစစ်သား လုံးဝကင်းစင်ဖို့အတွက် ဒီထက်ပိုပြီး ကြိုးပမ်းဖို့တော့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။
ကလေးစစ်သားများ ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကလေးစစ်သား ၈၇၇ ဦးကို ၎င်းတို့ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးခဲ့သည် ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ဖြေကြားထားကြောင်း ဧပြီလထုတ် ‘ကြေးမုံ’သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သည်။
ကလေးစစ်သားစုဆောင်းသူ တပ်မတော်သား ၄၇ ဦးကိုလည်း အရေးယူထားသည်ဟု ပါရှိသည်။ သို့သော်လည်း မည်သို့ အရေးယူထားသည်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။
ထို့ပြင် တပ်မတော်သို့ ဝင်ရောက်စဉ်တွင် အသက် ၁၈ နှစ် မပြည့်သူများ မပါရှိစေရန် အရိုးဓာတ်မှန်ရိုက်ခြင်းဖြင့် အသက်အရွယ်ပိုင်းခြားသည့် စနစ်ကို အသုံးပြုနေပြီး ကလေးစစ်သား ပပျောက်ရေးအတွက် တိုင်းစစ်ဌာနချုပ်များအစီအစဉ်ဖြင့် နှစ်လတစ်ကြိမ် သင်တန်းဖွင့်လှစ်သင်ကြားနေပြီး သင်တန်းတက်ခဲ့သူ တပ်မတော်သား ဦးရေ ၂၉,၅၈၀ ရှိပြီဟု ပါရှိသည်။
ကလေးစစ်သားများကို နုတ်ထွက်ခွင့်ပြုပြီးနောက်မှာလည်း ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည် ပြောဆိုမှုကြောင့် အရေးမယူသင့်ကြောင်း၊ ၎င်းတို့ရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်များကို ပွင့်ပွင့်လင်းလင်းပြောဆိုတင်ပြခြင်းမှာ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတစ်ရပ်ဖြစ်ပြီး ကလေးစစ်သားပပျောက်ရေးအတွက် အသိပညာပေးရာလည်း ရောက်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
မိမိ ကလေးစစ်သားဘဝအတွေ့အကြုံများအကြောင်း လွတ်လပ်သောအာရှအသံ (RFA) သတင်းဌာနကို ဖြေကြားခဲ့သည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်က တရားစွဲဆိုခဲ့သည်။ ယခုအချိန်တွင် အသက် ၂၇နှစ် ရှိနေပြီဖြစ်သည့် ကိုအောင်ကိုထွေးမှာ တစ်နှစ်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ယခုနှစ် မတ်လတွင် ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်ခံခဲ့ရသည်။
“ကလေးစစ်သားဟောင်းတွေကို စစ်တပ်က ပြန်နုတ်ထွက်ခွင့် ပေးရုံတင်မကဘူး။ ဘယ်လိုနည်းနဲ့မှ ပြန်ပြီးတော့ အရေးယူတာမျိုး မဖြစ်သင့်ပါဘူး။ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ပြောပြလို့ အရေးယူတာက နောက်ထပ် ကလေးစစ်သားဟောင်းတွေကို ခြိမ်းခြောက်ရာကျပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ထို့ပြင် ခြောက်နှစ်ကြာ ကလေးစစ်သားအဖြစ် အထိန်းသိမ်းခံခဲ့ရပြီး တပ်မတော်မှ နုတ်ထွက်ခွင့်တောင်းခံသူ ကိုမျိုးလင်းအောင်ကို ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းက တပ်ရင်းက တပ်ပြေးအဖြစ် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း BBC မြန်မာပိုင်းသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ပါရှိသည်။
မစ္စ ခရစ္စတင်း ရှဝါနာ ဘာဂီနာသည် ဇွန် ၁၃ ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးအပါအဝင် နိုင်ငံတွင် ရင်ဆိုင်နေရသော အခက်အခဲများအကြောင်း ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။