သတင်း

ချောင်းဦးဆန္ဒပြ ခေါင်းဆောင်ကို ထောင်ဒဏ် ၂ နှစ်ချ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဆန္ဒပြပွဲခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမာန်ဇာမြေမွန်ကို မုံရွာထောင်တွင်းတရားရုံးက ယနေ့ (မတ် ၃၀) တွင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) ဖြင့် ထောင် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၉ နှစ်အရွယ် ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ဇွန် ၈ ရက်နေ့က ရှမ်းထူးကျေးရွာတွင် စစ်တပ်က ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က) အမှုပေါင်း ၅ မှုဖွင့်ပြီး  ၁၀ လဝန်းကျင်အကြာတွင် ၁ မှုကို စီရင်ခြင်းဖြစ်သည်။

“ထောင်တွင်းတရားရုံးက ဒီနေ့ အမိန့်ချတာပါ။  ၅၀၅(က) နဲ့ ကျန်တဲ့ ၄ မှုကတော့ ဆက်ရင်ဆိုင်ရဦးမှာပေါ့“ ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ 

တရားလို ရဲမှူးအောင်သန်းမြင့်က စွဲဆိုထားသော အမှုအမှတ် ၆၅/ ၂၀၂၁ တွင် အခြားအမှုတွဲ ၂ ဦးနှင့်အတူ ထောင်ချခံရခြင်း ဖြစ်ကြောင်း၊ ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ပြုကြောင်း ရှေ့နေများကို ကိုးကား၍ ထိုသူက အတည်ပြုသည်။

ဆက်လက် ရင်ဆိုင်ရမည်မှာ အမှုအမှတ် ၆၈/၂၀၂၁ ဖြင့် တရားလို ရဲအုပ်နှင်းမောင်လွင်၊ ၇၄/၂၀၂၁ ဖြင့် ဒုရဲအုပ်မောင်ဇော်ဦး၊ ၇၆/၂၀၂၁ ဖြင့် ဦးအောင်ဘော်၊ ၇၇/၂၀၂၁ ဖြင့် ရဲမှူးအောင်သန်းမြင့်တို့ စွဲဆိုထားသော အမှုများဖြစ်သည်။

အလွတ်တန်းသတင်းထောက် ကိုမာန်ဇာမြေမွန်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA)၊ စစ်ကိုင်းတိုင်း၏ သဘာဝသယံဇာတဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးလုပ်ငန်း (EITI) တို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူလည်းဖြစ်သည့် ၎င်းမှာ ချောင်းဦးမြို့နယ်ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်စဉ် စစ်ကောင်စီက ၂၀၂၁ ဧပြီ ၁၇ တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ်လ ၃၀ မှတ်တမ်းအရ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ ၉၉၉၁ ဦးထက်မနည်း ရှိကာ ၎င်းတို့အနက်မှ ၈၈၆ ဦးကို ထောင်ချပြီးဖြစ်သည်ဟု သိရသည်။  

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button