
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး ယမန်နေ့ (မတ်လ ၂၉) နံနက်က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA/KNU) တို့ တိုက်ပွဲဖြစ်ရာ ခရီးသည် ကလေး ၂ ဦး သေဆုံး၊ လူကြီး ၁ ဦး ဒဏ်ရာရသွားသည်ဟု မျက်မြင်တွေ့သူ ၂ ဦးက အတည်ပြုသည်။
ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး လမ်းဘေးတွင် ရပ်ထားသည့် သုံးဘီးကားပေါ်မှ အသက် ၉ နှစ်အရွယ် ကလေးမှာ ပွဲချင်းပြီး၊ ၆ နှစ်အရွယ် ကလေးမှာ သထုံဆေးရုံသို့ ရောက်ပြီး မကြာမီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ နှစ်ဦးစလုံး ယောက်ျားလေးများဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် အခြားကားတစ်စီးထဲမှ အသက် ၄၀ အရွယ် ခရီးသွားအမျိုးသား ဆီးခုံ ကျည်ထိမှန်ဒဏ်ရာရသဖြင့် သထုံပြည်သူ့ဆေးရုံတွင် ကုသနေသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
“(၉ နှစ်) ကလေးက လက်နက်ကြီးမှန်တာ ထင်တယ်။ ဘာလို့လဲဆိုတော့ လက်တွေလည်း စုတ်ပြတ်သတ်ပြီးတော့ ခြေထောက်လည်း စုတ်ပြတ်သတ်ပြီး အူတွေထွက်နေတာ။ ကျွန်တော်တို့ရောက်တဲ့အချိန် အသက်မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့က တိုက်ပွဲပြီးမှ ရောက်တာလေ။ ဘယ်သူပစ်လဲ ကျွန်တော်တို့ အတိအကျ ပြောလို့မရဘူး”
၄၅ မိနစ်ခန့်ကြာသည့် ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃ ယောက် ခြေထောက်တွင် ဒဏ်ရာရခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။
ဘီးလင်းမှ သထုံဘက် မောင်းနှင်လာသည့် အစီးရေ ၃၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းပေါ်မှ စစ်သားများက လမ်းဘေးဝဲယာသို့ ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသား ကျည်ထိဒဏ်ရာရသွားကြောင်း မျက်မြင်တွေ့သူ ခရီးသွားအမျိုးသားတစ်ဦး၏ အဆိုအရ သိရသည်။
“မင်းတို့ကောင်တွေ ဝပ်နေ ဝပ်နေ၊ တစ်ကောင်မှ ခေါင်းမဖော်နဲ့ ဘာညာပေါ့။ အဲဒါလည်းပြီးရော (ခရီးသွားယာဉ်တန်း) အနောက်ဘက်ခြမ်းလည်းရောက်ရော ပစ်လိုက်တာ၊ ကားတံခါးလက်ကိုင်ကနေ ဖောက်ပြီးဝင်သွားတာ။ ဖောက်ပြီးတော့ ဆီးခုံထိသွားတာ” ဟု ၎င်းက ပြောသည်။
“ပုံမှန်ဆိုရင် မကြုံရင် မသိဘူး၊ သူတို့ ရမ်းပစ်တယ် ရမ်းပစ်တယ်ဆိုတာ။ ရွာတွေမှာ သူတို့ ရမ်းသန်းပစ်သွားတယ်၊ အဲလိုမျိုး အသံတွေကြားရတယ်။ ရမ်းသန်းဘယ်လိုပစ်လဲ မသိဘူးပေါ့။ အခုကြုံတော့ သိသွားတယ်”
ကလေးနှစ်ဦး သေဆုံးသည့် ဖြစ်စဉ်ကိုမူ ထိုသူက မျက်မြင်တွေ့ခဲ့ရခြင်း မရှိပေ။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် KNU တို့ထံမှ မှတ်ချက်တစ်စုံတစ်ရာ မရသေးပါ။
ယခုရက်ပိုင်းတွင် KNU တပ်မဟာ ၆၊ တပ်မဟာ ၁ ဒေသများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ယာဉ်တန်းများ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရသည်။
မတ်လ ၁၀ ရက်နေ့မှစ၍ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တို့ ပါဝင်သော တပ်မဟာ ၁ နယ်မြေတွင် စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်က ကျေးရွာ လူနေအိမ်များဘက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်သည့် ဖြစ်စဉ်များရှိခဲ့သည်။
စစ်ကောင်စီက ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေသည့် ကော့ကရိတ်-မြဝတီ လမ်းမကြီးနှင့် မြဝတီ-ဝေါလေ လမ်းမကြီးကို မတ်လ ၂၇ မှစ၍ ခရီးသွားပြည်သူများ အသုံးမပြုကြရန် KNLA/ KNU တပ်မဟာ ၆ က သတိပေးထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)