သတင်း

တပ်တွင်းစည်းလုံးညီညွတ်ရေး စစ်ခေါင်းဆောင် သတိပေးနေရ

နိုင်ငံအနှံ့ ခုခံတော်လှန်မှုများနှင့် အဆင့်မြင့်အရာရှိများပါ တပ်ကို စွန့်ခွာလာမှုကြောင့် စစ်ကောင်စီအနေဖြင့် တပ်ရင်းတပ်ဖွဲ့များကို မကြာခဏ လိုက်လံစည်းရုံးနေရသည့်ပြင် ယနေ့ (မတ် ၂၇) ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင်လည်း တပ်တွင်းစည်းလုံးမှုအကြောင်း စစ်ခေါင်းဆောင်ကိုယ်တိုင် သတိပေးပြောဆိုလိုက်သည်။​

ခုခံတော်လှန်သူများက ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် လက်ခံထားသည့် မတ် ၂၇ ရက်တွင် စစ်ကောင်စီက နေပြည်တော်၌ တပ်မတော်နေ့အခမ်းအနား ကျင်းပရာတွင် အာဏာသိမ်းခေါင်းဆောင် တက်ရောက်ပြီး အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသည်။​

“ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးအင်အားစုတွေဟာ ဒို့တပ်မတော်ကို ပြိုကွဲအောင် ဖြိုခွဲဖို့ ပြည်တွင်းပြည်ပမှ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက် ကျစ်လျစ်ခိုင်မာတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေး အမြဲရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နာရီဝက်နီးပါးကြာ သူ၏မိန့်ခွန်းတွင် နိုင်ငံကာကွယ်စောင့်ရှောက်နေသည့် ခိုင်မာအားကောင်းမှုအရှိဆုံး အဖွဲ့အစည်းအဖြစ် စစ်တပ်ကို ထည့်သွင်းရည်ညွှန်းရာတွင် တပ်တွင်းညီညွတ်ရေးကိစ္စမှာ မည်သို့မည်ပုံအရေးကြီးသည်ကို သုံးကြိမ်တိုင်တိုင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုသည်။

စစ်သည်တော်ကျင့်ဝတ်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ စစ်သားနှင့် စစ်သည်မိသားစုများ ရဲဘော်ရဲဘက်စိတ်ထားကာ စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် လိုအပ်သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်က ထိုသို့ ပြောခြင်းမှာ ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း တပ်ကို စွန့်ခွာသူများနေကာ တပ်တွင်းစည်းလုံးမှု ယိုယွင်းနေသည်ဟု ဝန်ခံလိုက်ခြင်းပင်ဖြစ်သည်ဟု ဝေဖန်သူတို့က ဆိုသည်။

“အဓိက အောက်ခြေအရာရှိ စစ်သည်တွေက သူတို့အထက်ခေါင်းဆောင်တွေရဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေက ဘာတွေလဲဆိုတာ သိလာတယ်ပေါ့နော်။ (အမိန့်တွေက) တပ်အတွက်ကော နိုင်ငံအတွက်ကော မဟုတ်တာကို သူတို့(စစ်သည်) တဖြည်းဖြည်းနဲ့ သိလာတဲ့ ပုံစံမျိုး၊ အုပ်ချုပ်မှုဖြစ်စဉ်တွေ စွန့်ခွာမှုတွေက တဖြည်းဖြည်းများလာတယ်” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။ 

စစ်တက္ကသိုလ် အပတ်စဉ် ၅၄ ဆင်း ထိုဗိုလ်ကြီးမှာ အာဏာသိမ်းပြီးနောက် တပ်ကို အစောဆုံးစွန့်ခွာလာသည့် စစ်အရာရှိများတွင် ပါဝင်သည်။​

လက်ရှိတွင် ကြည်း၊ ရေ၊ လေ စစ်သား CDM အရေအတွက် ၃၀၀၀ ခန့်ရှိနေပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ သုံးဦးပါဝင်ကြောင်း၊ တပ်ကို အစုလိုက်အပြုံလိုက်စွန့်ခွာမှုများပင် မြင်တွေ့ရနိုင်သည့် အခြေအနေရှိနိုင်ကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

စစ်ခေါင်းဆောင်၏ ယနေ့မိန့်ခွန်းပါ အထက်ပါအချက်အလက်များကို ကြည့်လျှင် တပ်တွင်းမညီညွတ်မှုဖြစ်နေသည်မှာ သိသာထင်ရှားသည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီခေတ်တွင် စစ်တပ်ကို အာခံသည့် တော်လှန်ရေးသမားအဖြစ် ၁၅ နှစ်ခန့် အတွေ့အကြုံရှိသည့် နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်ကလည်း သုံးသပ်သည်။

“ဘာကို ဝန်ခံလိုက်သလဲဆိုတော့ သူ့တပ်တွင်းမှာ ပြိုကွဲမှုတစ်စုံတစ်ရာရှိနေတယ်၊ မညီညွတ်မှုတစ်စုံတစ်ရာရှိနေတယ်။ အဲဒါတွေကို သူက အခုလို အကြိမ်ကြိမ် အထပ်ထပ်ပြောရင်းနဲ့ ဝန်ခံလိုက်တယ်လို့ ကျွန်တော်တို့က သဘောပေါက်ပါတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းသည်ကို ဆန္ဒပြကန့်ကွက်လျှင်ပင် စစ်ကောင်စီက သေနတ်ဖြင့် ပစ်နေချိန်တွင် နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် ခုခံနေကြရာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်ကဲ့သို့  တော်လှန်မှုအရှိန်မြင့်သည့် နေရာများတွင် စစ်ဆင်ရေးအထူးအဖွဲ့မှူးများပါ အပြောင်းအလဲလုပ်နေရသည်ကို ကြည့်လျှင် တပ်၏ မတည်ငြိမ်မှုကို တွေ့နိုင်သည်ဟု ဦးသန်းစိုးနိုင်က ထောက်ပြသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ် (လေ) မှအစ တပ်ထိပ်ပိုင်းရာထူးများ မကြာခဏ အပြောင်းအလဲဖြစ်နေခြင်း၊ စစ်သားသစ်စုဆောင်းရန် ခက်သည့် အခြေအနေကြောင့် စစ်မှုထမ်းဟောင်းနှင့် ရဲများကိုပါ တိုက်ခိုက်ရေးတွင် သုံးရန် စစ်ကောင်စီက ပြင်ဆင်နေရသည်တို့ကို ကြည့်လျှင်လည်း ယနေ့ ကြုံနေရသည့် တပ်၏ အခက်အခဲကို မြင်သာသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ခေါင်းဆောင်၏ ယနေ့မိန့်ခွန်းတွင် ၎င်းတို့ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းများကို အကြမ်းဖက်အဖြစ် အမည်တပ်ကာ ဆွေးနွေးရန်မရှိ၊ နှိမ်နင်းမည်၊ တိုင်းရင်းသားလက်နက်ကိုင်များ (EAO) မကူညီကြရန်၊ ရှိရင်းစွဲ EAO များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှေ့ဆက်မည် စသဖြင့် ထည့်သွင်းပြောဆိုသည်။

အပစ်ရပ်လက်မှတ်ထိုးထားပြီးသော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် စစ်တပ်နှင့် တိုက်ပွဲများဖြစ်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ စစ်ကောင်စီ ၏ ငြိမ်းချမ်းရေးစကားပြောဆိုမှုမှာ ရယ်ဖွယ်သာဖြစ်သည်၊ PDF နှင့် မပတ်သက်ရန် ခြိမ်းခြောက်မှုမှာ အလုပ်ဖြစ်မည်မဟုတ်ဟု ပြောသည်။

“PDF (ဒေသအလိုက် ခုခံရေးအဖွဲ့များ) ပေါက်ဖွားလာတဲ့ အကြောင်းရင်းက မင်းအောင်လှိုင် ရူးရူးမိုက်မိုက် အာဏာသိမ်းလို့ပဲ။ သတ်တာ၊ ဖြတ်တာတွေ လုပ်လို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ပေါ်လာတာ။ သူတို့ကို မကူနဲ့ဆိုရင်တောင် သူတို့ဘာသူတို့ ရပ်တည်နိုင်တယ်ဆိုတာ ထင်ရှားနေပြီ။ တစ်နှစ်ကျော်လာပြီလေ” ဟု ၎င်းက ပြောသည်။

စစ်ခေါင်းဆောင်က ၎င်းကို ဆန့်ကျင်သူများကို အကြမ်းဖက်အဖြစ် သတ်မှတ်ပြောဆိုခြင်းသည် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူတစ်ရပ်လုံးကို ရည်ညွှန်းသကဲ့သို့ ဖြစ်နေကြောင်း ဦးသိန်းစိုးနိုင်ကလည်း ထောက်ပြသည်။

“အခုပြောလိုက်တဲ့ မိန့်ခွန်းရဲ့ အဓိပ္ပာယ်ကတော့ သူတို့ဆက်ပြီးတော့ သူတို့အကြမ်းဖက်လို့ သဘောထားတဲ့ သူတို့ကို တုံ့ပြန်ဆန့်ကျင်နေတဲ့ ပြည်သူတွေကို ဆက်လက်ပြီးတော့ အမြောက်နဲ့ပစ်မယ်၊ လေကြောင်းတိုက်ခိုက်မှုလုပ်မယ်၊ အိမ်တွေဖျက်ဆီးမယ်၊ ပစ္စည်းတွေလုယက်မယ် စသည်အားဖြင့် ဆက်လုပ်သွားမယ်ဆိုပြီး ကြွေးကြော်ဖော်ထုတ်ပြလိုက်တာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံအနှံ့သို့ စစ်အင်အားများ ပို့လွှတ်ကာ ၎င်းတို့ကို ဆန့်ကျင်သူများကို စစ်တပ်က နှိမ်နင်းရာတွင် ရွာစဉ်လှည့်မီးရှို့မှုများ၊ စစ်ဘေးရှောင်များခိုလှုံရာ ဘာသာရေးအဆောက်အအုံများကိုပါ မချန် ပစ်ခတ်၊ လေကြောင်းပါ သုံး၍ တိုက်ခိုက်သည်အထိ ပြုမူနေခြင်းဖြစ်သည်။

ထိုသို့ နိုင်ငံအနှံ့ခုခံမှုများကို မည်သို့ နိုင်နင်းစွာ နှိမ်နင်းမည်၊ တပ်ကို စွန့်ခွာမှုအခြေအနေ မည်သို့ရှိသည်တို့ကိုမူ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ၏ မိန့်ခွန်းတွင် ရှင်းလင်းစွာ မပြောခဲ့ပေ။

နေပြည်တော်၌ ယနေ့ပြုလုပ်သည့် အခမ်းအနားမှာ အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်ပြုလုပ်သည့် စစ်ရေးပြပွဲဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button