သတင်း

ဗိုလ်ချုပ်များ လက်နက်ပွဲစားများကို အနောက်နိုင်ငံများ ထပ်မံအရေးယူ

မြန်မာစစ်တပ်ကို လက်နက်ဝယ်ယူပေးနေသည့် ပွဲစားများနှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်အချို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အပါအဝင် ကနေဒါနှင့် ဗြိတိန်တို့နိုင်ငံတို့က မတ် ၂၅ တွင် ထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ကို ပစ်မှတ်ထားကာ အဆက်မပြတ် ဒဏ်ခတ်နေသော အမေရိကန်၏ ၁၃ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုစာရင်းတွင် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦး၊ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မ ၆၆၊ လက်နက်ပွဲစားများဖြစ်သည့် နိုင်ထွဋ်အောင်၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နှင့် ၎င်းတို့ပိုင်ကုမ္ပဏီများ ပါဝင်လာသည်။

ထို့ပြင် နာမည်ကြီးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုနှင့် AGD ဘဏ်ကိုလည်း ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းတွင် အမေရိကန်က ထည့်သွင်းထားသည်။

ပြည်မြို့တောင်ဘက် အင်းမအခြေစိုက် တပ်မ ၆၆ သည် ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ပြီးခဲ့သည့် ခရစ္စမတ်ကာလအတွင်းက ဖြစ်ပွားခဲ့သော ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် လူပေါင်း ၃၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု အမေရိကန်က ဆိုသည်။

မြန်မာစစ်တပ်သည် လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့သည်ဟု အမေရိကန်နိုင်ငံ၏ ကြေညာချက်တွင် ဖော်ပြသည်။

ဗြိတိန်နိုင်ငံ၏ ကြေညာချက်တွင်မူ ဗိုလ်ချုပ်ထွန်းအောင်အား ယူကေအစိုးရက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟုဆိုသည်။ စစ်အစိုးရအတွက် လက်နက်ရောင်းဝယ်ဖောက်ကားရာတွင် ပါဝင်ဆောင်ရွက်သူများဖြစ်သည့် ဒေါက်တာအောင်မိုးမြင့်နှင့် အောင်လှိုင်ဦးတို့၏ ယူကေနိုင်ငံသို့  ခရီးသွားလာခွင့်ကို ပိတ်ပင်တားမြစ်လိုက်ပြီး ပိုင်ဆိုင်မှုများကိုလည်း ကန့်သတ်လိုက်သည်ဟု ပါရှိသည်။

အလားတူ ဦးအောင်မိုးမြင့် ဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် Dynasty International Company Ltd နှင့် ဦးအောင်လှိုင်ဦး ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသည့် Myanmar Chemical and Machinery Company Ltd တို့ကိုလည်း အရေးယူမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ၏ ကြေညာချက်တွင် ဖော်ပြသည်။

အဆိုပါ လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများသည် မြန်မာစစ်အာဏာရှင်ကို စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များဟုလည်း ဗြိတိန်က ဆိုသည်။

“ကျွန်မတို့ ယူကေအစိုးရအနေဖြင့် စိတ်တူသဘောတူနိုင်ငံတွေနဲ့ လက်တွဲပြီး လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုရှိရေးတို့ကို ကာကွယ်သွားမှာဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်ပြီး ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်ကို အရေးယူနိုင်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး Amanda Milling က ပြောသည်။

အလားတူ ကနေဒါနိုင်ငံကလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးစီးပွားရေးစည်းမျဉ်းများအရ ပစ်မှတ်ထားအရေးယူကြောင်း ထုတ်ပြန်သည်။

“စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများကို ကျွန်ုပ်တို့ ဆက်လက် ထောက်ခံအားပေးနေကြောင်းနှင့် စစ်တပ်ကို အပြည့်အဝတာဝန်ခံခိုင်းရန် ကျွန်ုပ်တို့ သံန္နိဋ္ဌာန်ချမှတ်ထား” သည်ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လာနီ ဂျိုလီ၏ မတ်လ ၂၅ ရက် ကြေညာချက်တွင် ဖော်ပြသည်။

ပြည်သူများအပေါ် ဆိုးရွားယုတ်မာသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး ပြည်သူများ၏ ဒုက္ခများကို လျစ်လျူရှုထားဆဲ ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။

မြန်မာပြည်သူလူထုအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများရပ်တန့်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုဖိအားပေးရန်လည်း ကနေဒါနိုင်ငံက တောင်းဆိုထားသည်။

“စစ်လက်နက်ပစ္စည်းကိရိယာများနှင့် နည်းပညာအထောက်အပံ့များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထောက်ပံ့ခြင်း၊ ရောင်းချခြင်း (သို့) လွှဲပြောင်းပေးအပ်ခြင်း” မလုပ်ကြရန်လည်း ကနေဒါက တိုက်တွန်းထားသည်။

စစ်ကောင်စီအဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ် ၂၂ ဦးနှင့် အဖွဲ့အစည်း ၄ ခုကိုလည်း ဥရောပသမဂ္ဂက ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထပ်မံ၍ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သေးသည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူများတွင် စစ်ကောင်စီအစိုးရအဖွဲ့ဝင်များအားလုံး၊ စစ်ကောင်စီအစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဦးတေဇပိုင် ထူးကုမ္ပဏီ၊ ဦးနေအောင် ပိုင်ဆိုင်သော IGE (International Group of Entrepreneurs)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ ပါဝင်သည်။

“ဒီမိုကရေစီကို ထိခိုက်စေသော၊ လူ့အခွင့်အရေးများကို ဆိုးရွားစွာချိုးဖောက်သော လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်မှုအတွက်” ဟု ဆိုကာ ဥရောပသမဂ္ဂက ပြစ်ဒဏ်ခတ်အရေးယူမှု စုစုပေါင်း လူပုဂ္ဂိုလ် ၆၅ ဦးနှင့် အဖွဲ့အစည်း၁၀ ခုရှိပြီဟုလည်း သိရသည်။

ပြည်သူများကို သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းအတွက် တာဝန်ရှိသူမှာ PDF များသာ ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သားတို့က ကျူးလွန်ခြင်းမဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးများက တုံ့ပြန်လေ့ရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button