ဆောင်းပါး

နှစ်ပတ်လည်လာသည့် PDF တို့၏ လက်နက်ကိုင် တိုက်ခိုက်မှု

၂၀၂၁ မတ်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်းမြို့တော် မုံရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြသူ ၉ ဦး သေဆုံးသွားသည်ကို ကိုနေထွန်းခ ကြုံလိုက်ရသည်။

ထိုဖြစ်ရပ်က တူမီးသေနတ်ကိုပင် သေချာမမြင်ဖူးသူ ၂၅ နှစ်အရွယ် ပရဟိတသမား ကိုနေထွန်းခကို လက်နက်ကိုင်တော်လှန်ရေးသို့ တွန်းပို့ခဲ့သည်။ 

“သပိတ်နဲ့တင်မရတော့ဘူး၊ အသက်ပေးပြီးတော့ သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ပြီး၊ ရအောင်ယူမယ်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု စာကြည့်တိုက်ဖွင့်ကာ ကျေးလက် ကလေးငယ်များကို ကွန်ပျူတာသင်ပေးခဲ့သူ ထိုလူငယ်က ပြောသည်။   

ဤသို့ဖြင့် တိုင်းရင်းသားဒေသများအပါအဝင် ယခင်က သေနတ်ဖောက်သံပင် မကြားရသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်ပါ ခုခံတွန်းလှန်မှု ပေါ်ပေါက်လာသည်၊ တော်လှန်ရေးနှစ်ပတ်လည်လာချိန်တွင် စစ်ကောင်စီ၏ ကြည်းကြောင်း၊ လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို ရင်ဆိုင်လာရသည့်တိုင် တော်လှန်ရေးအရှိန် လျော့ကျသွားမည်မဟုတ်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

လက်နက်ကိုင်တိုက်ပွဲသို့ ကူးပြောင်းခြင်း  

ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံအနှံ့အပြားတွင် ဆန့်ကျင်ကြရာ မတ် ၂၈ တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ဆန္ဒပြသူ ၅ ဦး ပစ်သတ်ခံရသဖြင့် ဒေသခံတချို့က အမဲလိုက်ရာတွင် အသုံးပြုသည့် ရိုးရာလက်လုပ်တူမီးကိုင်ပြီး စစ်ကောင်စီတပ်သားတို့ကို ရင်ဆိုင်ကြသည်။  

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုမြို့ကြီးမှ စတင်လိုက်သည့် လက်နက်ကိုင်တော်လှန်ရေးသည် မိုင် ၁၅၀ ကျော်အကွာရှိ ယင်းမာပင်မြို့နယ်သို့ ရက်ပိုင်းအတွင်း ကူးစက်သွားသည်။ 

ယင်းမာပင်ဒေသ ဆန္ဒပြခေါင်းဆောင် ဆရာတော် ဦးသောပါက ကျောင်းထိုင်သည့် သပြေအေးကျေးရွာကို ဧပြီ ၂ တွင် စစ်သားများ သွားရောက်ဖမ်းဆီးရာ အင်အား ရာထောင်ချီသည့် ဒေသခံတို့ ပြန်လည်ခုခံရာ စစ်တပ် ပြန်ဆုတ်သွားရသည်။ 

ထိုရင်ဆိုင်မှုအတွင်း အနည်းစုကသာ တူမီးကိုင်နိုင်ကြသည်ကို တွေ့ရပြီး ယခုအခါ ထိုသူတို့သည် စစ်ကောင်စီတပ်ယာဉ်တန်းကို ချုံခိုတိုက်နိုင်သူများ ဖြစ်လာကြသည်ဟု ယင်းမာပင်မြို့နယ်ဒေသခံ ကိုစိုင်းဝဏ္ဏက ပြောသည်။ 

“သပြေအေးတော်လှန်ရေးမှာတော့ လက်ထဲမှာတော့ တူမီးမရှိဘူး။ ဓားနဲ့ တုတ်နဲ့ ရေဘူးလိုက်ပေးရတဲ့အဆင့်ပေါ့” ဟု ကိုစိုင်းဝဏ္ဏက ပြောသည်။ 

“အဲဒီနောက်ပိုင်း လေးလပိုင်းကျော်တော့ လက်နက်ကိုင်ဖို့ ပြင်ဆင်လာတယ်။ တူမီးတွေ လုပ်ကြတယ်” 

သို့နှင့် စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်မှုသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မြန်မာနိုင်ငံအလယ်ပိုင်းမှ ဆုတ်ခွာအပြီး နှစ်ပေါင်း ၅၀ နီးပါးအကြာတွင် ဗမာအများစုနေထိုင်သော စစ်ကိုင်းတိုင်း၏ ၈၀ ရာခိုင်နှုန်းသို့ တစ်ဟုန်ထိုးပျံ့နှံ့သွားသည်။ 

မြို့နယ်အသီးသီးတွင် ပေါ်ပေါက်လာသော ပြောက်ကျားအဖွဲ့များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ အခြား ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များ (LDF)၊ မြေပြင်ပြောက်ကျားအင်အားစု (STF) ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နောက်ပိုင်းတွင် သတ်မှတ်လိုက်သည်ကို တွေ့ရသည်။

မေ ၅ တွင် NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်းလိုက်သည်။ 

PDF ၏ တပ်ရင်းတပ်ဖွဲ့များ၊ ပကဖ၊ LDF, STF တို့သည် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်၊ ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်လျက်ရှိသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်တွင် ပူးပေါင်းရမည်ဟု NUG အစိုးရက ကြေညာထားသည်။ ထိုသို့ ပူးပေါင်းသည့် အဖွဲ့များ NUG ထံ အကူအညီတောင်းနိုင်မည် ဖြစ်သည်။

လမ်းပေါ်ထွက်ငြိမ်းချမ်းစွာဆန္ဒပြမှုမှ လက်နက်ကိုင်ခုခံစစ်သို့ ပြောင်းလဲသွားချိန်တွင် အများပြည်သူက လက်နက်ကိုင်အဖွဲ့များအားလုံးကို PDF ဟုသာ နားလည်ထားကြသည်။

PDF ဖွဲ့ကြောင်း ကြေညာတော့မည့် အချိန်တွင် စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်တွင်လည်း နယ်မြေကျွမ်းကျင်သော၊ စိတ်ဓာတ်တက်ကြွနေသော လူငယ်များနှင့် မြို့နယ်အလိုက်၊ မျိုးနွယ်အလိုက် ဖွဲ့စည်းထားသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာသည်။ 

မေ တတိယပတ်တွင် ကယား (ကရင်နီ) ပြည်နယ်အတွင်း လက်နက်ကိုင်ခုခံမှု စတင်လာပြီးနောက် ထိုလကုန်ပိုင်းတွင် မြို့နယ်အသီးသီး၌ ပြန့်ကျဲနေသည့် လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့များကို ပေါင်းစုကာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အဖြစ် ဖွဲ့စည်းခဲ့သည်။ 

စက်တင်ဘာ ၇ တွင် ပြည်သူ့တော်လှန်ရေး စတင်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာလိုက်ပြီးနောက် တစ်နိုင်ငံလုံးနီးပါးတွင် လက်နက်ကိုင်တိုက်ခိုက်မှု သိသိသာသာမြင့်တက်လာသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေးတိုင်း) အဖွဲ့ဝင်တစ်ဦးအား ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက တွေ့ရစဉ်။ (Mandalay People’s Defence Force Fb page)

အာဏာသိမ်းစစ်တပ်ကလည်း ၎င်းတို့ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားသော NUG,  PDF တို့နှင့် ဆက်စပ်သည်ဟု ယူဆရသူအများအပြားကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့သည်။ 

ကျေးရွာများကို ဝင်ရောက်စီးနင်းကာ အရပ်သားတို့ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု၊ ရုပ်အလောင်းများကို အလောင်းဖျောက် မီးရှို့မှု၊ ဖမ်းဆီးထားသူတို့ကို မီးရှို့သတ်ဖြတ်မှု၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု စသည်တို့ကို ကျူးလွန်ခဲ့သည့် စစ်တပ်၏ လုပ်ရပ်များက စစ်ပွဲနှင့် အလှမ်းဝေးခဲ့သည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ ပြည်သူတို့ကို လက်နက်ကိုင်တိုက်ပွဲအတွင်းသို့ ပိုမို တွန်းပို့လိုက်ခြင်းဖြစ်သည်ဟု ရေစကြိုမြို့နယ်ဒေသခံ ကိုဝေကြီးအပါအဝင် အန်တုသူအများအပြားက ပြောသည်။ 

“ကျွန်တော်တို့က တောသူတောင်သားတွေ၊ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ နေလိုတယ်။ တင်းတိမ်ရောင့်ရဲနေနိုင်တယ်။ ကိုယ့်အိုးကိုယ့်အိမ် ရန်လာရှာရင် ငုံ့မခံချင်တဲ့စိတ်ကြောင့်ပဲ အညာသူအညာသားတွေလည်း တော်လှန်ရေးထဲ ပါဝင်လာတာ” ဟု ကိုဝေကြီးက ပြောသည်။ 

နိုင်ငံအနှံ့ လက်နက်ကိုင် အန်တုလာကြမည်ကို စစ်ခေါင်းဆောင်များက မျှော်လင့်မထားကြပေ။ ခုခံအန်တုမှုများကို ၎င်းတို့က အကြမ်းဖက်မှုများဟု တံဆိပ်ကပ်ထားသည်။

၂၀၂၁ ဒီဇင်ဘာလတွင် အာဏာသိမ်းခေါင်းဆောင်က အဖမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် “အကြမ်းဖက်ကိစ္စများနှင့်” ပတ်သက်ပြီး ရှေ့နေများမှတစ်ဆင့် “မှတ်ချက်များ ပေးနိုင်သည့် အခွင့်အရေးရှိကြောင်း” အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။ 

အာဏာသိမ်းမှုထောက်ခံသူတို့ကလည်း လက်နက်ကိုင်တိုက်ခိုက်ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒမဟုတ်ကြောင်း အင်တာနက်လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။

လက်နက်၊ လူအင်အားသာလွန်သည့် အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ခုခံနေကြခြင်းမှာ တစ်ဦးတစ်ဖွဲ့တစ်ပါတီအတွက်မဟုတ်ဟု မဟူရိုးမပြောက်ကျားတပ်ဖွဲ့က ပြောသည်။ 

“အခုအချိန်မှာတော့ အမေစု မဟုတ်ဘူး၊ သိကြားမင်းတားမယ်ဆိုရင်တောင် မထူးခြားလောက်တော့ဘူး။ အဆုံးထိသွားမဲ့သူတွေချည်းပဲ” ဟု ယင်းမာပင်ခရိုင်တွင် လှုပ်ရှားနေသည့် ထိုအဖွဲ့၏ ခေါင်းဆောင်က မှတ်ချက်ပြုသည်။

“NLD အတွက် လုပ်တာလည်း မဟုတ်ဘူး။ အမေစုအဖမ်းခံရလို့လည်း မဟုတ်ဘူး။ နိုင်ငံရဲ့လွတ်လပ်ခြင်းနဲ့ မျှတခြင်းအတွက် လုပ်နေတာ” 

ဒေသခံကာကွယ်ရေးအဖွဲ့များတွင် မီတာအနည်းငယ် အကွာအဝေးကိုသာ ပစ်ခတ်နိုင်သည့် လက်လုပ်တူမီးတချို့သာ ရှိခဲ့သော်လည်း လပိုင်းအကြာတွင် တစ်လုံးထိုးသေနတ်၊ စိန်ပြောင်း၊​ မိုင်းဗုံးများ ထုတ်လုပ်တိုက်ခိုက်လာကြသည်။ 

ထိုတိုက်ခိုက်မှုများက နှစ်ပေါင်း ၇၀ ပြည်တွင်းစစ်အတွေ့အကြုံရှိသော၊ ကာကွယ်ရေးအသုံးစရိတ် အများအပြားရရှိထားသော စစ်ကောင်စီကို အကျပ်ရိုက်စေသည်။  

ပြင်းပြင်းထန်ထန်ခုခံနေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို အနော်ရထာစစ်ဆင်ရေးအမည်ဖြင့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ထိုးစစ်ဆင်ခဲ့သည်။ 

ထိုစစ်ဆင်ရေးသည် လွတ်လပ်ရေးအလွန်ကာလတစ်လျှောက် တပ်က စစ်ဆင်ရေးနယ်မြေ အကျယ်ပြန့်ဆုံးနှင့် အင်အားအများဆုံး အသုံးပြုခဲ့သည့် စစ်ဆင်ရေးဖြစ်သော်လည်း ချင်းနှင့် စစ်ကိုင်းကို စစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်မှု မရှိသေးပေ။

နယ်မြေဒေသ တစ်ခုနှင့်တစ်ခု အချိတ်ဆက်ကောင်းသည့် ဒေသခံကာကွယ်ရေးအဖွဲ့များသည် မြို့တွင်းမြို့ပြင်ရှိ ကင်းစခန်းများ၊ ကင်းချရာနေရာများ၊ စစ်သားတို့ လှုပ်ရှားသွားလာသည့် နေရာများတွင် လက်လုပ်မိုင်းများနှင့် တိုက်ခိုက်လေ့ရှိသည်။ 

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်တစ်ဝိုက်လှုပ်ရှားသည့် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၏ သင်တန်းဆင်းပွဲတစ်ခုကို ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု FB page)

တူမီးသမားတို့ကို တုံ့ပြန်မှု

စစ်ကိုင်းတိုင်းအတွင်း နေ့စဉ်နီးပါး မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်တပ်သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ စစ်သားများ နေရာပြောင်းရွှေ့မှုအတွက် ရဟတ်ယာဉ်ကို ပိုမို အသုံးပြုလာသည်။  

ဒေသခံကာကွယ်ရေးအဖွဲ့များအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းမှ ကလေး၊ ရေဦး၊ ကျွန်းလှ၊ ဝက်လက်၊ ပုလဲ၊ ယင်းမာပင်၊ ကနီမြို့နယ်တို့မှ ကျေးရွာများနှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတို့ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စစ်တပ်က လေကြောင်းမှ ပစ်ခတ်ရာ အရပ်သားပြည်သူများ သေဆုံးခဲ့သည်။ 

ဇန်နဝါရီတွင် စစ်တပ်က လွိုင်ကော်ကို နေ့စဉ်ရက်ဆက်တိုက်ခိုက်စဉ် စစ်ရှောင်စခန်းပါမကျန် ဗုံးကြဲသည့်အတွက် ကလေးငယ်နှစ်ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့သည်။ 

လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေဦးမည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးညီသုတက ဇန်နဝါရီလတွင် မှတ်ချက်ပြုသည်။ 

“စစ်တပ်ကတော့ တရားတယ် မတရားဘူးအပေါ်မှာ အခြေခံပြီး စဉ်းစားတာ မဟုတ်ဘူး၊ အနိုင်ရရှိရေးအပေါ်မှာ စဉ်းစားတာဖြစ်တဲ့အတွက် သူတို့ကတော့ သူတို့ရှိတဲ့ဟာတွေ ထုတ်သုံးမှာပဲ” ဟု ညီသုတက ဆိုသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များတွင် စက်သေနတ်ကြီးများ၊ မြေပြင်မှဝေဟင်ပစ်ဒုံးများ (surface-to-air missiles) မရှိသေးသည့်အတွက် အရှိန်အဟုန်နှင့် ခပ်မြန်မြန်ဖြန့်ခွဲ လှုပ်ရှားတိုက်ခိုက်ခြင်း၊ အမှောင်ထုကို အားပြုပြီး ညဘက်နှင့် အရုဏ်တက်ချိန်တွင် တိုက်ခိုက်ခြင်းသည် လေကြောင်းတိုက်ခိုက်မှုကို အကောင်းဆုံးခုခံနိုင်သည့် နည်းလမ်းဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူ Anthony Davis က မှတ်ချက်ပြုသည်။ 

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်တစ်ဝိုက်လှုပ်ရှားသည့် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၏ သင်တန်းဆင်းပွဲတစ်ခုကို ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု FB page)

PDF ချေမှုန်းရေး အစီအစဉ်

ချင်းတောင်တွင် ခုခံသူတို့မှာ အခြားဒေသ PDF များကဲ့သိုပင် နယ်မြေကျွမ်းကျင်မှု၊ စိတ်ဓာတ်ပြင်းပြမှု စသည့် အားသာချက်များ ရှိသည်။ သို့သော်လည်း ၎င်းတို့ ရင်ဆိုင်နေရသူက လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကို အားပြုလာသောအခါ ဒေသတချို့တွင် တပ်ဖျောက်ပေး၊ နောက်ဆုတ်ပေးနေရသည်။ ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ တီးတိန်မြို့အနီး ဗျူဟာအရ အရေးပါသည့် သိုင်းငင်းစခန်းကို စွန့်ခွာခဲ့ရခြင်းပင်။ 

ချင်း၊ စစ်ကိုင်းဒေသများတွင် စစ်ဆင်ရေး အောင်မြင်မှုမရှိသည့်နောက်ပိုင်း ထိုဒေသများ၏ စစ်ရေးနယ်မြေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးနေရာကို စစ်ကောင်စီက လူစားထိုးလိုက်သည်။ တိုင်းမှူးအသစ်ကိုင်တွယ်သည့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရ မဟာဗျူဟာကျသည့် နေရာများတွင် တပ်အင်အား တိုးချဲ့ကာ စစ်မြှူလာနေသည်ဟု ထိုဒေသအခြေစိုက် PDF များက ဆိုသည်။ 

ပြောက်ကျားစနစ်ဖြင့် ပြန်လည်တိုက်ခိုက်သွားမည်ဟု ကနီမြို့နယ်တွင် လှုပ်ရှားသည့် မဟူရိုးမပြောက်ကျားတပ်ဖွဲ့၏ ခေါင်းဆောင်က ပြောသည်။ 

“ထိုးစစ်ဆင်တာကလည်း တော်လှန်ရေးကြီးတစ်ခုလုံးမဟုတ်ဘူး။ နောက်တစ်ခုက ဒီနယ်ကို ဖိရုံနဲ့တော့ တော်လှန်ရေးက ယိမ်းယိုင်သွားစရာမရှိဘူး။ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်သွားမှာပဲ” ဟု ဦးဘိုက ဆိုသည်။ 

လက်နက်လူအင်အားသာလွန်သည့် စစ်တပ်ကို ရင်ဆိုင်နေရသော်လည်း ပြည်သူလူထုထောက်ပံ့မှု၊ ကိုယ်ထူကိုယ်ထ ချွေးနှဲစာထည့်ဝင်မှုတို့နှင့် ရပ်တည်နေရသည့် PDF အဖွဲ့များအတွက် လက်လုပ်တူမီးသေနတ်ပင် လူတိုင်းစေ့ကိုင်နိုင်ရေး ရုန်းကန်နေရဆဲဖြစ်သည်။ 

လက်လုပ်သေနတ်နှင့် မိုင်းများထုတ်လုပ်ရေးအတွက် ကုန်ကြမ်းများ ရှားပါးလာရုံသာမက စျေးနှုန်းများ ကြီးမြင့်မှုကြောင့် တူမီး၊ ခွံထိုးလက်နက်ပင် အလုံအလောက်ထုတ်လုပ်နိုင်ရန် အခက်ကြုံနေရသည်။ 

ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ပုလဲ၊ ဆားလင်းကြီး၊ ဘုတလင်မြို့နယ်တို့တွင် အဓိကလှုပ်ရှားပြီး အင်အား ၃၀၀ နီးပါးရှိသည့် ရွှေတြိဂံအဖွဲ့တွင် တိုက်ပွဲဝင် မောင်းပြန်သေနတ် မရှိသေးဘဲ လက်လုပ်တူမီး၊ ခွံထိုးသေနတ် အလက် ၁၀၀ နီးပါးကို အလှည့်ကျကိုင် တိုက်ပွဲဝင်နေရကြောင်း ဒုတပ်ရင်းမှူး ကိုစိုင်းက ဖွင့်ဟသည်။ 

“ကိုယ့်ခြေကိုယ့်လက် ကိုယ့်ရှိတာလေးနဲ့တောင် ပြည်သူဆီကရတဲ့ ပစ္စည်းလေးနဲ့ ပြည်သူတွေက တစ်သောင်းလှူ၊ နှစ်သောင်းလှူ လှူတာလေးတွေနဲ့ ယမ်းလေးထည့်လိုက်၊ သံပိုက်လုံးလေးဝယ်လိုက်နဲ့ ကျွန်တော်တို့ အဲဒီလိုသွားနေရတာ” ဟု ကိုစိုင်းက ပြောသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကျောထောက်နောက်ခံရှိသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်အတွင်း လှုပ်ရှားသည့် အဖွဲ့များပင်လျှင် လက်လုပ်သေနတ်များကိုသာ အဓိကထားအားကိုးနေရဆဲသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသည့် လက်နက်အနည်းငယ်ကိုလည်း တိုက်ပွဲတွင် ပြန်လည်အသုံးပြုနေရသည်။ 

စစ်ကိုင်းတိုင်းတွင် လှုပ်ရှားသည့် ရွှေတြိဂံတပ်ရင်း သင်တန်းဆင်းပွဲတစ်ခုအား ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ − Golden Triangle Force Fb page)

မြို့ပြပြောက်ကျား

ဒေသခံကာကွယ်ရေးအဖွဲ့များက မြို့နှင့် ဝေးရာတွင် စခန်းချနိုင်ကြသော်လည်း မြို့ပြတွင်မူ အခြားပြည်သူများနည်းတူ တိုက်တာအဆောက်အအုံများတွင်သာ နေထိုင်ရသည့်အတွက် ပိုက်စိပ်တိုက် စစ်ဆေးချိန်တွင် ဖမ်းဆီးခံရနိုင်ခြေရှိသည်။

မြို့ပေါ် ပြောက်ကျားစစ်ဆင်ရာတွင် လက်နက်မပြည့်စုံခြင်း၊ အများပြည်သူ မတော်တဆထိခိုက်မည်စိုးသဖြင့် စစ်ဆင်ရေးဖျက်လိုက်ရခြင်းတို့မှာ အဓိကအခက်အခဲများထဲတွင် ပါဝင်သည်ဟု မုံရွာမြို့အခြေစိုက် Monywa Night King ခေါင်းဆောင် ကိုဘလက်ကီဆိုသူက ဆိုသည်။ 

ပြည်သူလူထုအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်သတိပေးချက်များကို လိုက်နာပေးရန် အသက် ၂၆ နှစ်အရွယ် ကိုဘလက်ကီဆိုသူက တောင်းဆိုသည်။ 

“ပြည်သူတွေ ကလေးတွေရှိရင် လုပ်ရကိုင်ရတာလည်း အဆင်မပြေဘူး။ ထိသွားရင် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရမှာ” ဟု ကိုဘလက်ကီက ပြောသည်။ 

မုံရွာမှ ကိုနေထွန်းခကလည်း စစ်ကောင်စီသွားနေကျလမ်းကြောင်းတစ်ခုကို မိုင်းဖြင့် တိုက်ခိုက်နိုင်ရန် ၎င်းတို့အဖွဲ့ ၂ ရက်နီးပါး ကြိုတင်ပြင်ဆင်ခဲ့ပြီးချိန်တွင် အလားတူအခက်အခဲ ကြုံခဲ့ရသည်ဟု ပြောသည်။

ကျွန်တော်တို့ မှန်းထားတဲ့အချိန် ကားက လာတယ်။ ထောင်ထားတဲ့မိုင်းကို ဖောက်ဖို့ ကြိုးစားတယ်။ ပြည်သူတွေ ဖြတ်သွားဖြတ်လာက မပြတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ မခွဲခဲ့ရဘူး” ဟု ကိုနေထွန်းခက ပြောသည်။ 

ကိုနေထွန်းခ၏ ပထမဆုံးစစ်ဆင်ရေးမှာ အထမမြောက်ခဲ့ပေ၊ ဗုံးကို သူကိုယ်တိုင် သက်မဲ့လုပ်လိုက်ရသည်။

မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းတွင် လက်နက်ကိုင်လှုပ်ရှားမှု အနည်းအကျဉ်းသာ တွေ့ရသည်။ 

မြစ်ချောင်းပေါများသော ဧရာဝတီသို့ ရေလမ်းကြောင်းဝင်ပေါက်များကို စစ်ကောင်စီက အလွတ်မပေးသလို ပင်လယ်ပြင်တွင်လည်း ရေတပ်၏ ရေယာဉ်များက စစ်ဆေးမည့်အန္တရာယ်လည်း ရှိသည်ဟု ဘိုကလေးမြို့နယ် ဧရာဗေဒါပြောက်ကျားတပ်ဖွဲ့က ပြောသည်။ 

“ကုန်းလမ်းကြောင်းကနေဆိုရင်လည်း ကားတွေ ရထားတွေကို ပိတ်ဆို့ စစ်ဆေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီကို ပစ္စည်းရောက်လာဖို့က အရမ်းအားနည်းတယ်။ အားနည်းတဲ့အခါကျတော့ ကျွန်တော်တို့ဆီမှာ အခြားတိုင်းနဲ့ ပြည်နယ်တွေလောက်ကို မလုပ်နိုင်ခဲ့ဘူးပေါ့” ဟု ထိုအဖွဲ့၏ တာဝန်ခံ ကိုထွန်းထွန်းက ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ပန်းနေသည့် ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်ကြား နားလည်မှုဖြင့် အပစ်ခတ်ရပ်စဲထားပြီး ရခိုင်ပြည်နယ်တွင် သေနတ်သံ ငြိမ်သက်လုနီးပါးဖြစ်သည်။ 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF စစ်ရေးလေ့ကျင့်နေမှုအား ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တွေ့ရစဉ်။ (ဓာတ်ပုံ − MPDF Fb Page)

NUG ၏ ခေါင်းဆောင်မှု

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်လိုသူတို့သည် တိုင်းရင်းသားအဖွဲ့များထံတွင် စစ်ပညာကို အချိန်တိုအတွင်း သင်ယူထားကြ၊ အဖွဲ့အများအပြားနှင့် ပူးပေါင်းစစ်ဆင်ရေး ဆင်းကြသည်။ 

ခုခံစစ်စတင်ကြောင်း NUG က ကြေညာပြီးနောက် တိုက်ပွဲအရေအတွက် ပိုမို များပြားလာသည်။ 

NUG နှင့်အတူ ရပ်တည်ကြောင်း အစောဆုံးကြေညာခဲ့သည့် ချင်းတိုင်းရင်းသားတပ်ဦး CNF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက NUG ထံမှ စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ မရရှိသေးဟု ပြောသည်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်က NUG က ကူညီခဲ့ကြောင်း၊ စစ်ရေးဆိုင်ရာ သဘောတူညီချက်အချို့ ရရှိထားကြောင်း ပြောသည်။  

“ကျွန်တော်တို့က သူတို့ကို အားကိုးနေတာတွေရှိတယ်။ ကျွန်တော်တို့ကို ထောက်ပံ့နေတာတွေရှိတယ်” ဟု သူက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF တို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of command) တည်ဆောက်ရန် ကြိုးပမ်းနေသော်လည်း မြေပြင်နှင့် ချိတ်ဆက်မှုတွင် အားနည်းချက်များရှိနေကြောင်း ထောက်ပြသည်။ 

PDF ဖွဲ့စည်းကြောင်း မကြေညာမီကပင် ပေါ်ပေါက်လာသည့် ဒေသကာကွယ်ရေးအဖွဲ့များ ရာနှင့်ချီရှိနေပြီး စစ်ရေးအရ၊ နယ်မြေအရ မဟာမိတ်ဖွဲ့ကာ ချိတ်ဆက်လှုပ်ရှားနေကြသည်။ ထိုအဖွဲ့ အများစုမှာ ကိုယ်ထူကိုယ်ထလှုပ်ရှားနေကြပြီး NUG နှင့် ချိတ်ဆက်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြတ်သားစွာမသိဘဲ စမ်းတဝါးဝါးလုပ်ဆောင်နေရသည်ဟု ကနီမြို့နယ် သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။  

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အပါအဝင် မြို့နယ် ၆ ခုတွင် လှုပ်ရှားနေသည့် ရွှေတြိဂံအဖွဲ့သည် လွှတ်တော်ကိုယ်စားလှယ်၏ ထောက်ခံချက်လက်မှတ်ဖြင့် တပ်ရင်းဖွဲ့စည်းရေးလျှောက်ထားသည်မှာ ၅ လကျော် ကြာမြင့်လာသော်လည်း NUG ထံမှ အကြောင်းပြန်ကြားချက် မရသေးဟု ဆိုသည်။ 

“ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်း မသိဘူး။ ဘယ်ဘုရားတန်ခိုးကြီးမှန်းလည်း မသိဘူး။ NUG အစိုးရ၊ ကိုယ့်အစိုးရ အဲ့လောက်ပဲ သိတယ်။ ကာကွယ်ရေးဝန်ကြီးက ဦးရည်မွန် အဲ့လောက်ပဲ သိတယ်။ ဘယ်ဟာလိုအပ်ရင် ဘယ်သူ့ဆီ တင်ရမယ်မှန်းတောင် မသိဘူး” ဟု ရွှေတြိဂံအဖွဲ့မှ ဒုတပ်ရင်းမှူး ကိုစိုင်းက ပြောသည်။ 

“ကျွန်တော်တို့ကို လက်တွဲခေါ်ပြီး ကူညီပေးမဲ့လူ မရှိဘူး။ ဒါပေမဲ့ သူတို့ ဘယ်သူ မကူညီ၊ မကူညီ တိုက်မှာက တိုက်မှာပဲ”

အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုစနစ်တည်ဆောက်ရန် ကြိုးပမ်းမှုသည် အားလုံးအတွက် အရေးပါသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့အများအပြားက လက်ခံသည်။ 

“(မတည်ဆောက်နိုင်ရင်) ပြည်သူတွေကတော့ တော်လှန်ရေးကို တော်လှန်ရေးအရ ဆက်သွားမှာပဲဗျ။ အဲဒီမှာ ဘာဖြစ်လာမလဲဆိုရင် NUG ပြည်သူ့နောက်က လိုက်ရမှာ။ ပြည်သူ့ယုံကြည်မှုတွေ ကျသွားနိုင်တာပေါ့” ဟု မြောင်မြို့နယ် ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM မှ လက်ထောက်တာဝန်ခံ ကိုမင်းခေါင်က မှတ်ချက်ပြုသည်။ 

လုံခြုံရေးဆိုင်ရာ အကြံပေး James Anthony က မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်နေသည့် PDF များသည် မော်စီတုန်း၏ ထင်ရှားသည့် တော်လှန်သောစစ်ပွဲအဆင့် ၃ ခုအနက် ပထမဆုံးအဆင့်ဖြစ်သည့် ပြောက်ကျားခုခံတိုက်ခိုက်ခြင်းအဆင့်တွင်သာ ရှိနေသေးကြောင်း မှတ်ချက်ပြုသည်။ 

“မတူညီတဲ့ဒေသတွေက PDF အဖွဲ့တွေကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့၊ မဟာဗျူဟာကျတဲ့ မူဘောင်တွေ တိုးတက်လာဖို့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်” ဟု James Anthony က သုံးသပ်သည်။ 

“ဗမာတိုင်းရင်းသားတွေရဲ့ အချက်အချာဒေသမှာတောင်မှ မဟာဗျူဟာကျတဲ့စီမံချက်တွေ မချထားနိုင်ဘူးဆိုရင် ဒီပဋိပက္ခက ဦးတည်ချက်ကင်းမဲ့ပြီးတော့ မအောင်မြင်နိုင်ဘူး” 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF စစ်ရေးလေ့ကျင့်နေမှုအား ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တွေ့ရစဉ်။ (ဓာတ်ပုံ − MPDF Fb Page)

စိတ်အားထက်သန်နေဆဲ ပြည်သူများ

လက်နက်ကိုင်တော်လှန်ရေး နှစ်ပတ်လည်လာချိန်တွင် ပြည်သူများက လိုအပ်သည့် စားနပ်ရိက္ခာမှအစ ငွေကြေးအဆုံး လျှို့ဝှက်ထောက်ပံ့သည့်နည်းများဖြင့် တက်တက်ကြွကြွပါဝင်နေဆဲဖြစ်သည်။ 

ပြင်းပြင်းထန်ထန်ခုခံတွန်းလှန်နေသည့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီတပ်ကလည်း မြို့ပြတွင် လုံခြုံရေးတင်းကျပ်ထားသည့် အနေအထားများကြောင့် မြို့ပေါ်တွင် လှုပ်ရှားရန် ခက်ခဲလာသည်ဟု Monywa Night King ခေါင်းဆောင်များက ပြောသည်။ 

တစ်ချိန်တည်းမှာပင် ၎င်းတို့ လှုပ်ရှားဝင်ထွက်နေသည့် ရွာများ မီးရှို့ခံရမှု၊ လုပ်ဖော်ကိုင်ဖက်များ စစ်ကြောရေးစခန်းတွင် သတ်ဖြတ် ဖျောက်ဖျက်ခံရမှုတို့ ရင်ဆိုင်နေရချိန်တွင် အလျှော့ပေးမည်လော၊ ဆက်လက်ကြံ့ကြံ့ခံမည်လောဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရသည့် အခြေအနေဖြစ်လာသည်။ 

မုံရွာမှ လူငယ်တစ်ဦးဖြစ်သည့် ကိုနေထွန်းခကမူ လေကြောင်းမှ တိုက်ခိုက်မှုများ၊ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများ အသုံးပြုမှုတို့ကို ကြုံတွေ့နေရသော်လည်း PDF များဘက်မှ ခုခံမှု လျော့ကျသွားမည်မဟုတ်ဘဲ လွတ်လပ်ခွင့်အတွက် ဆက်လက်တော်လှန်နေမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ 

“ခုခံမှုက ဘယ်တော့မှ ကျမှာမဟုတ်ဘူး။ လူတစ်ယောက်ကျန် တစ်ယောက်က တိုက်နေဦးမှာပဲ” ဟု မုံရွာမှ ပရဟိတသမားဘဝမှ လက်နက်ကိုင်တပ်သားဖြစ်လာသူက ပြောလိုက်သည်။

(ခင်ရီရီဇော်၊ ဇော်ရဲသွေး၊ မောင်ရွှေဝါ၊ ဟန်သစ်နှင့် အက်စတာဂျေတို့ ပူးပေါင်းရေးသားသည်။)

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button