သတင်း

တိုင်ကြားခံရသည့် စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း အဂတိလိုက်စားမှုအထောက်အထား မတွေ့ရဟုဆို

နေပြည်တော် – စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းကို တိုင်ကြားထားသည့် စာပါအချက်များကို စုံစမ်းစစ်ဆေးရာတွင် အဂတိလိုက်စားသည် ဟု ပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇွန်လ ၉ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

ဦးကျော်ဝင်းနှင့်ပတ်သက်သည့် အဂတိလိုက်စားမှုတိုင်ကြားစာကို ကော်မရှင်က မေလ ၃ ရက်နေ့တွင် လက်ခံရရှိပြီး ကော်မရှင်က ၁၆ ရက်ကြာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးတွေ့ရှိချက် ရလဒ်ကို ဇွန် ၉ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကျော်ဝင်း အဂတိလိုက်စားမှု မပေါ်ပေါက်ကြောင်း ထုတ်ပြန်ချက်မှာ တိုင်ကြားစာကို အခြေခံသည့် စုံစမ်းစစ်ဆေးမှုရလဒ်ကို ပြောကြားခြင်းဖြစ်ကြောင်း၊ အခြားသီးသန့်အကြောင်း အရာများနှင့်ပတ်သက်ပြီး တိုင်ကြားချက်တွင်မပါသည့်အတွက် မပြောနိုင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

“အခြားအဂတိလိုက်စားမှုတွေ ရှိလားမရှိဘူးလား ဆိုတာနဲ့ပတ်သက်ပြီးတော့ တိုင်တန်းချက်မှာ မပါတဲ့ကိစ္စတွေကို ကျွန်တော်တို့ စစ်ဆေးနိုင်ခြင်းမရှိဘူးလို့ ပြောကြားလိုပါတယ်”ဟု ၎င်းက ပြောသည်။

ဝန်ကြီးနုတ်ထွက်သွားခြင်းမှာ ကော်မရှင်၏စုံစမ်းစစ်ဆေးမှုများနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ဦးအောင်ကြည်က ပြောသည်။

ဦးကျော်ဝင်းကို စစ်ဆေးပေးရန် အချက်ရှစ်ချက်ပါသည့် တိုင်ကြားစာကို ကော်မရှင်က မေလ ၃ ရက်က လက်ခံရရှိခဲ့ပြီး တိုင်ကြားသူ၊ တိုင်ကြားခံရသူနှင့် သက်သေ စုစုပေါင်း ၂၂ ဦးကို မေလ ၇ ရက်မှ ၂၂ ရက်ထိ စစ်ဆေးခဲ့သည်။

သို့သော်လည်း မည်သူမည်ဝါက တိုင်ကြားသည်ဆိုသည်ကို ကော်မရှင်ဘက်က ဥပဒေအရ အကာအကွယ်ပေးရန် တာဝန်ရှိသောကြောင့် ထုတ်ဖော်ပြောကြားမည်မဟုတ်ဟု ဆိုသည်။

တိုင်ကြားမှုများအနက် ငွေကြေးခဝါချမှုနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်သို့ သွတ်သွင်းဖွဲ့စည်းခွင့်ပေးသည့်ကိစ္စရပ် နှစ်ချက်သည်သာ ကော်မရှင်နှင့်သက်ဆိုင်သည့်အတွက် စစ်ဆေးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခဲ့သည့် ကော်မရှင်အတွင်းရေးမှူး ဦးစိုးတင့်က ပြောသည်။

“ဒီနှစ်ချက်က ကျူးလွန်တယ်ဆိုတာမှန်လို့ရှိရင် အရေးယူနိုင်တဲ့ကိစ္စဖြစ်နေတာကြောင့် ကျွန်တော်တို့က စုံစမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းကပြောသည်။

ပုဂ္ဂလိကဘဏ်တစ်ဘဏ်၏ မတည်ရင်းနှီးငွေသည် ငွေကြေးခဝါချမှု ဥပဒေနှင့် ငြိစွန်းနေသည်ဟူသောအချက်ကို စုံစမ်းစစ်ဆေးရာတွင် အဆိုပါဘဏ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ဘဏ်လိုင်စင်ထုတ်ပေးခဲ့သည့်အတွက် ဦးကျော်ဝင်း တာဝန်မယူခင်က ကိစ္စသာဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှနေ၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်သို့ သွတ်သွင်းခြင်းကိစ္စမှာလည်း ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ကျန်ရှိသည့်အချက် ခြောက်ချက်တွင် သုံးချက်မှာ လူမှုရေးကိစ္စရပ်များဖြစ်ပြီး နှစ်ချက်မှာ မဟုတ်မမှန် တိုင်ကြားချက်နှင့် အခြားတစ်ချက်မှာ လုပ်ငန်းရှင်တစ်ဦးက ဝန်ကြီးဌာန အမည်ခံ ပြီး ဂေါက်သီးရိုက်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့သော်လည်း တစ်စုံတစ်ရာ ပေးကမ်းရယူခဲ့ခြင်းမရှိဟု စစ်ဆေးတွေ့ရှိရသည်ဟု ဆက်လက်ပြောကြား ခဲ့သည်။

ဦးကျော်ဝင်း အဂတိမလိုက်စားပါက မည်သည့်အကြောင်းကြောင့် နုတ်ထွက်ခဲ့ရသည်ကို Myanmar Now က နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံ ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း တုံ့ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်သူ အသက် ၇၀ အရွယ် ဦးကျော်ဝင်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

၎င်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းချိန်တွင် ၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသော စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ ဆိုသည်မှာ အမှန်တကယ်မရှိသည့် အမေရိကန်ရှိ တက္ကသိုလ်တစ်ခုထံမှ အွန်လိုင်းမှတစ်ဆင့် ရရှိခဲ့သည်ဟုဆိုသောကိစ္စ ပေါ်ပေါက်ခဲ့ပြီး အဝေဖန်ခံခဲ့ရသည်။

ဦးကျော်ဝင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမႈခံရပြီးနောက် မေလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်သွားခဲ့သည်။

Show More

Related Articles

Back to top button