သတင်း

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ထောင် ၂ နှစ်ချခံရ

ကမာရွတ်မီဒီယာ၏ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို ယနေ့ (မတ် ၂၁) တွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့် ထောင်ဒဏ်၂ နှစ် ကျခံရန် အင်းစိန်ထောင်အထူးတရားရုံးက အမိန့်ချလိုက်သည်။ 

ဖမ်းဆီးခံထားရသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော အသက် ၄၀ အရွယ် ကိုဟံသာညိန်းကို ထောင်ဒဏ်ချရာ၌ အမှုစစ်ဆေးစဉ်ကာလ ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုထားသည်ဟု ၎င်း၏ရှေ့နေဖြစ်သူက Myanmar Now ကို ပြောသည်။

“ဆန္ဒပြမှုတွေမှာ ကမာရွတ်မီဒီယာက လှုံ့ဆော်တယ်၊ စည်းရုံးတယ်ဆိုပြီး ပြောသွားတာပေါ့” ဟု ဆိုသည်။

“ဒီဘက်(ကိုဟံသာညိန်း)ကတော့ လှုံ့ဆော်တာ စည်းရုံးတာ မဟုတ်ဘူး။ သတင်းသမားဖြစ်တဲ့အတွက် သတင်းသမားကျင့်ဝတ်နဲ့ပဲ လုပ်ခဲ့တယ်ဆိုတာ ဖြေရှင်းချက်ပေးခဲ့ပါတယ်” 

ထောင်ချမည်ကို ကိုဟံသာညိန်းက မျှော်လင့်ထားပြီးဖြစ်၍ တရားရုံးစီရင်ချက်နှင့် ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပေးကြောင်း၊ ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း ၎င်းက ဆက်ပြောသည်။

ကိုဟံသာညိန်းသည် ယမန်နှစ် မတ် ၉ တွင် ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် အယ်ဒီတာချုပ် ကိုနေသန်မောင်နှင့်အတူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အင်းစိန်ထောင်တွင် သုံးလကျော်ကြာ ထိန်းသိမ်းပြီးနောက် အမေရိကန်နိုင်ငံသား ကိုနေသန်မောင်ကို စစ်ကောင်စီက ဇွန်လအတွင်း ပြန်လွှတ်ပေးခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် သတင်းမီဒီယာများကို ဆက်တိုက်ဆိုသလို ဖိအားပေး ခြိမ်းခြောက်ကာ သတင်းဌာနရုံးခန်းများကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။

ယမန်နှစ်က ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာနရုံးခန်းကို မတ် ၈ တွင်လည်းကောင်း၊ မတ် ၉ တွင် Mizzima မီဒီယာ၊ DVB နှင့် ကမာရွတ်မီဒီယာရုံးခန်းတို့ကိုလည်းကောင်း၊ ဧပြီ ၃ တွင် ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် The Hakha Post သတင်းဌာနကိုလည်းကောင်း၊ ဧပြီ ၂၂ တွင် စစ်ကိုင်းတိုင်းအခြေပြု မုံရွာမြို့ရှိ မုံရွာဂေဇက်သတင်းဌာနကိုလည်းကောင်း၊ မေ ၅ ညပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ရွှေဖီမြေသတင်းအေဂျင်စီရုံးကိုလည်းကောင်း စစ်ကောင်စီလက်နက်ကိုင်များက ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

Myanmar Now အပါအဝင် သတင်းဌာနများသည် ကြိုတင်ရွှေ့ပြောင်းထားခဲ့သဖြင့် ဖမ်းဆီးခံရသူ မရှိသော်လည်း ကမာရွတ်မီဒီယာကို စီးနင်းစဉ် အယ်ဒီတာ ၂ ဦး ဖမ်းဆီးခံရကာ ရုံးခန်းရှိ ပစ္စည်းများလည်း သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းခံခဲ့ရသည်။

၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောရေးတွင် လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူ ကိုနေသန်မောင်က သတင်းဌာနများကို ပြောပြထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ မှ ယနေ့အထိ သတင်းသမား ၁၃၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိအချိန်ထိ သတင်းသမား ၅၀ ကျော် အကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု အာဏာသိမ်းပြီးနောက် သတင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံရမှုအခြေအနေများကို စာရင်းပြုစုနေသည့် Detained Journalists Group အဖွဲ့က ထုတ်ပြန်ထားသည်။ 

ယင်းအဖွဲ့၏ မတ်လအထိစာရင်းအရ သတင်းသမား ၈၀ ခန့်သည် ပုဒ်မမျိုးစုံနှင့် တရားစွဲခံထားရသည်။

စစ်ကောင်စီကမူ သတင်းသမားများကို ဥပဒေအတိုင်းသာ ကိုင်တွယ်နေသည်ဟု တုံ့ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button