သတင်း

ပြည်မြို့တွင် ကျောင်းသားနှစ်ဦး၏အုတ်ဂူ၌ ပန်းခွေတွေ့၍ သုသာန်ဝန်ထမ်း အဖမ်းခံရ 

ပြီးခဲ့သည့်နှစ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအကြမ်းဖက်ဖြိုခွင်းခံရစဉ် သေဆုံးခဲ့သည့် ကျောင်းသားနှစ်ဦး၏ အုတ်ဂူများ၌ လွမ်းသူ့ပန်းခွေ တွေ့ရှိသည်ဆိုကာ ပဲခူးတိုင်း၊ ပြည်မြို့ရှိ အေးငြိမ်းရာသုသာန်မှ ဝန်ထမ်းတစ်ဦးကို ယမန်နေ့ (မတ် ၁၃) တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။​

သုသာန်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုထွန်းထွန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ယနေ့ပြောသည်။

“လွမ်းသူ့ပန်းခွေချတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ခုထိကို ပြန်မရောက်လာသေးဘူးလို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။

“ကိုထွန်းထွန်းက အေးငြိမ်းရာသုသာန်အစောင့်လို့ ပြောလို့ရတယ်။ မီးသင်္ဂြိုဟ်စက်အစောင့်ပေါ့။ မီးသင်္ဂြိုဟ်ရာမှာလည်း လုပ်ပေးတယ်။ အုတ်ဂူတွေနဲ့ ပတ်သက်လို့လည်း သန့်ရှင်းရေးဘာညာ လုပ်ပေးတယ်လို့ သိရတယ်” 

လွမ်းသူပန်းခွေချထားသည်ဆိုသော အုတ်ဂူများမှာ ပြီးခဲ့သည့်နှစ် မတ်လ ၁၃ ရက်က ဆန္ဒပြပွဲပစ်ခတ်ဖြိုခွင်းခံရစဉ် သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် ကိုထက်မြတ်အောင်နှင့် အသက် ၂၀ အရွယ် ကိုဖြိုးဝေယံကျော်တို့ဖြစ်သည်ဟု သိရသည်။ 

ပြည်မြို့ ခရမ်းကုန်းရပ်ကွက်တွင် ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းစဉ် ကိုထက်မြတ်အောင်မှာ ဦးခေါင်း၌လည်းကောင်း၊ ကိုဖြိုးဝေယံကျော်မှာ ဝမ်းဗိုက်၌လည်းကောင်း ကျည်ထိမှန်ကာ သေဆုံးခဲ့သည်။ ၎င်းတို့နှစ်ဦးကို အေးငြိမ်းရာသုသာန်တွင် ဘေးချင်းယှဉ်လျက် ဂူသွင်းမြှုပ်နှံထားခြင်းဖြစ်သည်။​

သုသာန်ဝန်ထမ်း ကိုထွန်းထွန်း၏ တာဝန်များတွင် ထိုကျောင်းသားနှစ်ဦး၏ အုတ်ဂူများအပါအဝင် အခြားအုတ်ဂူများကို သန့်ရှင်းရေးလုပ်ပေးလေ့ရှိသည်ဟု မိသားစုနှင့်နီးစပ်သူ အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။​

ကိုထွန်းထွန်း အဖမ်းအဆီးခံရခြင်းအပေါ် အသေးစိတ်မသိရသေးဘဲ မိသားစုဝင်များကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။ ထို့အတူ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။​

ဆန္ဒပြပွဲများ ပစ်ခတ်ဖြိုခွင်းခံရစဉ်အတွင်း သေဆုံးခဲ့သူများ၏ အုတ်ဂူများ ဖျက်ဆီးခံရမှုများ ရှိနေရာ ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာမြို့ဆန္ဒပြပွဲတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ ကဗျာဆရာကေဇဝင်း၏ အုတ်ဂူ ဖျက်ဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် မတ်လ ၃ ရက်က သေဆုံးခဲ့သူ ကဗျာဆရာကေဇဝင်း၏ အုတ်ဂူအပါအဝင် ၉ ဦး၏ မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်မှ ကျေးရွာတစ်ခုရှိ အုတ်ဂူများပေါ်တွင် ထည့်သွင်းထားသည့် ဓာတ်ပုံနှင့် ကြယ်နီအမှတ်အသားများ ဖျက်ဆီးခံရသည်ဟု ဆိုသည်။​

ကဗျာဆရာကေဇဝင်း ကျဆုံးသည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယခုလ ၃ ရက်တွင် လူငယ်တချို့ က အုတ်ဂူအနီး ကဗျာရွတ်ဆိုပွဲ ပြုလုပ်ပြီး နှစ်ရက်အကြာတွင် ထိုသို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။​

ပြီးခဲ့သည့် ဧပြီလအတွင်းက ပဲခူးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်တပ်နှင့် ရဲက ပစ်ခတ်ဖြိုခွင်းစဉ် သေဆုံးခဲ့သူများကို ဂုဏ်ပြုဆောက်လုပ်ထားသည့် အာဇာနည်ဂူဗိမာန်ကိုလည်း စစ်ကောင်စီက ဖျက်ဆီးခဲ့ဖူးသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲများကို စစ်ကောင်စီက အင်အားသုံးအကြမ်းဖက်ဖြိုခွင်းခဲ့ရာ စစ်ကောင်စီ၏ တပ်မတော်နေ့ဖြစ်သော ပြီးခဲ့သည့် မတ် ၂၇ ရက်တွင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button