စစ်ကောင်စီကို ဆန့်ကျင်မှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ခြေပေါင်း ၃၀၀ နီးပါး ၂ ရက်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဝင်အင်အား ၈၀ ခန့်က ပုလဲ-ဂန့်ဂေါလမ်းမနှင့် ၂ မိုင်အကွာအဝေးရှိ နှောရိုးကျေးရွာကို မတ် ၁၀ တွင်လည်းကောင်း၊ မတ် ၁၁ တွင် သပြေအေးကျေးရွာကိုလည်းကောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြသည်ဟုဆိုသည်။
ထို့ကြောင့် နှောရိုးကျေးရွာမှ အိမ်ခြေ ၂၅၀ ကျော်၊ သပြေကုန်းရွာမှ အိမ်ခြေ ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
မတ် ၁၀ နံနက် ၈ နာရီခန့်တွင် နှောရိုးရွာမြောက်ဘက်သို့ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ ချဉ်းကပ်လာခဲ့ပြီး လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်၍ ဝင်ရောက်စီးနင်းကာ မီးရှို့ကြောင်း နှောရိုးကျေးရွာအလယ်ပိုင်းတွင် နေထိုင်သူ အသက် ၃၉ နှစ်အရွယ် ဒေသခံက ပြောသည်။
“သူတို့တပ်ထိုင်ပြီးတော့ ညပိုင်းကျတော့ မီးရှို့တော့တာ။ မီးရှို့တော့ကျတော့ ကျွန်တော်တို့ မဝင်ရဲဘူး။ ရွာရဲ့တောင်ဘက်မှာ သူတို့ လယ်ကွင်းထဲမှာ အိပ်ကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ ဒေသခံက ပြောသည်။
“အဲဒီအချိန်မှာ ကျွန်တော်တို့သွားကြည့်တော့ ပစ်တာနဲ့ ပြန်ဆုတ်ပြေးခဲ့ရတယ်”
နှောရိုးကျေးရွာကို စီးနင်းပြီးနောက် ဒေသခံ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုနေ့ည (မတ် ၁၀) တွင် ၄ ဦး ပြန်လွတ်လာကြောင်း၊ ကျန် ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နောက်တစ်နေ့ ညပိုင်း ပြန်လွတ်လာကြောင်း ၎င်းက ဆက်ပြောသည်။
ဒုတိယနေ့တွင် လွတ်မြောက်လာသူ ၄ ဦးမှာ ၆၅ နှစ်အရွယ် ဦးမှတ်ရှိန်၊ ၆၇ နှစ်အရွယ် ဦးသန်းဝင်း၊ ၅၂ နှစ်အရွယ် ဦးဌေးမောင်၊ အမည်မသိရှိသူ အသက် ၃၀ အရွယ် လူငယ်တစ်ဦးတို့ဖြစ်ကြောင်း နှောရိုးကျေးရွာဒေသခံများထံမှ သိရသည်။
ကျေးရွာအနီးရှိ ပုလဲ-ဂန့်ဂေါလမ်းမတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုများ၊ စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့များ စခန်းချထားသည့် ဇီးဖြူကုန်းကျေးရွာ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များကို အဓိကစစ်မေးခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူ ဒေသခံများကို ကိုးကားပြီး ၎င်းက ဆက်ပြောသည်။
“ဓားနဲ့ ဆတ်ဆတ်ဆတ်ဆတ်နဲ့ ထိုးပြီးတော့မှ ရွာမှာ ခေါင်းဆောင်တွေက ဘယ်သူတွေလဲဆိုပြီးတော့ သူတို့ကို မေးတယ်တဲ့။ အဲဒီလိုတော့ပြောတယ်။ နှိပ်စက်ပြီးတော့ လက်ပြန်ကြိုးတုပ်ထားတယ်။ မျက်လုံးကို ပဝါစည်းထားတယ်” ဟု နှောရိုးဒေသခံက ပြောသည်။
ထို့နောက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့သည် နှောကုန်းကျေးရွာနှင့် ၁ မိုင်အကွာရှိ သပြေအေးကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုး ချီတက်သွားခဲ့ကြသည်။
ချီတက်လာသူတို့ကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းနက်အဖွဲ့၊ ပုလဲ ဂျိုကာအဖွဲ့နှင့် ဗ.က.သ ကျောင်းသားများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း တူမီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှု ငြိမ်သက်သွားချိန် စစ်တပ်က ပြန်သွားပြီဟု ယူဆ၍ သပြေအေးကျေးရွာကို ချဉ်းကပ်ခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တရစပ်ပစ်ခတ်ခံရသဖြင့် ဆုတ်ခွာခဲ့ရကြောင်း ဒေါင်းနက်အဖွဲ့မှ ရဲဘော်ပေက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် သပြေအေးကျေးရွာ၏ မြောက်ဘက် ၆ ဖာလုံအကွာရှိ အိမ်ခြေ ၃၀၀ နီးပါးရှိ တုန်းကံကျေးရွာသို့ စစ်ကြောင်းထိုး ချီတက်သွားခဲ့ကြသည်။ တုန်းကံကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် မတ်လ ၁၂ ရက် နံနက်ပိုင်းမှစ၍ တပ်စွဲထားကြောင်းလည်း ဒေသခံတို့က ဆိုသည်။
“ကျွန်တော်တို့ အဲဒီလိုမျိုး လက်နက်ကြီးတွေနဲ့ ဝင်ပြီးတော့ ကာလိုက်ပစ်လိုက်တဲ့အတွက်ကြောင့် ချောင်းနားကို မရှို့ဘဲနဲ့ ပြန်သွားတာ” ဟုလည်း ရဲဘော်ပေက ပြောသည်။
သပြေအေးကျေးရွာ ယနေ့ ( မတ် ၁၂) နံနက်ပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သူ တော်ဝင်နဂါးတပ်တော် (MRDA) အဖွဲ့ဝင် အသက် ၄၅ အရွယ် အမျိုးသားက ပြောသည်။
“အိမ်ခြေ ၄၀ ကျော်လောက်ရှိတာ ၄ လုံးပဲ ကျန်တာ။ အကုန်လုံး မီးလောင်ပြီးစဟာလေးတွေကို မီးငြိမ်းပြီးမှ ပြန်လာခါစရှိသေးတယ်။ ဘုန်းကြီးကျောင်းကျန်တယ်။ အိမ် ၄ လုံးကျန်တယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ကြောင်းမှာ သပြေအေးကျေးရွာ၏ မြောက်ဘက် ၆ ဖာလုံအကွာအဝေးရှိ တုန်းကံကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာသူရွာသားများမှာလည်း တိမ်းရှောင်နေရသည်ဟုလည်း ဆိုသည်။
ပြည်သူ့ခုခံစစ်အားကောင်းသည့် ပုလဲ-ဂန့်ဂေါလမ်းမအနီးရှိ ကျေးရွာများကို စီးနင်းနိုင်ရန် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီကတည်းကပင် စတင်ကြိုးစားခဲ့သည်။
ဖေဖော်ဝါရီ ၄ ကလည်း ပုလဲ-ဂန့်ဂေါသွား လမ်းမအနီး ကိုင်းတွင်းရွာနှင့် လှော်ကားရွာများကို စစ်တပ်နှင့် အင်မထီးရွာခံ ပျူစောထီးများက အင်အားရာဂဏန်းဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။
အဆိုပါရွာများရှိ ပြည်သူတို့၏ ပစ္စည်းများကို ကား ၁၀ စီးဖြင့် သယ်ယူပြီးနောက် အိမ်များကို မီးရှို့ခဲ့ရာ အိမ်ခြေ ၈၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် ရွာလုံးကျွတ်မီးရှို့မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လုယက်မှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)