အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရသည့် FDA ညွှန်ချုပ်ကို ပထမဆုံးအကြိမ် ရုံးထုတ်

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မေ ၄ ရက်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ရုံးထုတ်တွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအရာရှိ ဦးသန်းဇော်ဝင်းကို တရားသူကြီးက စစ်ဆေးခဲ့ပြီး တရားကြားနာမှု မပြီးပြတ်ခြင်း၊ သက်သေတင်သွင်းသော စာရွက်စာတမ်းများ လိုအပ်ချက်ရှိနေခြင်းများကြောင့် အမှုကို စွဲချက်တင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဒုတိယရုံးချိန်းအဖြစ် လာမည့် မေ ၁၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင်လည်း တရားလိုဖြစ်သူကိုသာ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ တရားလိုပြသက်သေ ၃၆ ဦး တင်သွင်းထားကြောင်း  မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ တရားရုံး သတင်းပြန်ကြားရေး အရာရှိဖြစ်သူ ဒေါ်ခင်ခင်ချိုက ပြောသည်။

ဒေါက်တာသန်းထွဋ် ကို နေပြည်တော် FDA ဓာတ်ခွဲခန်းအဆောက်အအုံ(၂)လုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရုံး(၁၂)ခုအား ဆောက်လုပ်ခွင့် တင်ဒါရရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီများထံမှ ကျပ်ငွေ သိန်းတစ်ထောင့်ငါးရာကျော် တန်ဖိုးရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အသုံးအဆောင်ပစ္စည်းများကို လက်ခံရယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ဧပြီလ ၂၇ က တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရနိုင်ပြီး၊ ငွေဒဏ်ပါ ချမှတ်နိုင်သည်။ လွန်ခဲ့သည့်လက ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button