အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက်ဆိုသလို စီးနင်းဝင်ရောက်နေရာ ယမန်နေ့ (မတ် ၈) က ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင် ၁၁ ဦး သေဆုံးကာ အရပ်သားသုံးဦးလည်း သတ်ဖြတ်ခံရသည်။
မြို့မှ ၁၅ မိုင်အကွာရှိ သိမ်တော်ကျေးရွာကို မွှေနှောက်ရှာဖွေနေသည့် အင်အား ၄၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ရွှေဘိုနှင့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပ.က.ဖ အဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။
အကာအကွယ်မရှိသည့် လယ်ကွင်းပြင်ဖြစ်သည့်ပြင် လက်နက်အင်အား ကွာဟမှုကြောင့် အကျအဆုံးများခြင်းဖြစ်ကြောင်း ယနေ့ (မတ် ၉) တွင် အလောင်းသွားကောက်သည့် PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“နှစ်ဖက်ပစ်ခတ်မှုက ငါးမိနစ်၊ ၁၀ မိနစ်လောက်ပဲ ကြာလိုက်တာလို့ ပြောတယ်။ မောင်းပြန်နှစ်လက် ကျည်ကုန်သွားတော့ နောက်ဆုတ်ပေးရတဲ့ သဘောပေါ့။ လယ်ကွင်းပြင်ဆိုတော့ အကာအကွယ်မဲ့တာပေါ့။ (စစ်တပ်က) ၄၄ မမတွေနဲ့ ဆက်တိုက်ပစ်ပြီး ဒဏ်ရာရသူတွေကို ပစ်သတ်သွားတာ” ဟု ၎င်းက ပြောသည်။
ယမန်နေ့ နံနက် ၉ နာရီတွင် စတင်သော တိုက်ပွဲတွင် ပ.က.ဖ အဖွဲ့ဝင်များက လက်လုပ်သေနတ်အများစုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဘက်က AK (မောင်းပြန်ရိုင်ဖယ်) နှစ်လက်ပါတယ်။ ကျန်တဲ့ဟာတွေအကုန် တစ်လုံးထိုးသေနတ်တွေချည်းပဲ။ ထိပ်တိုက်ရင်ဆိုင်တဲ့အချိန်မှာ သူတို့က လက်နက်ကြီး ဆက်တိုက်ထုတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ရာနေရာ၌ စစ်တပ်က အသုံးပြုခဲ့သော ၄၄ မမ ဗုံးသီးအခွံ အလုံး ၃၀ ကျော် ကျန်ရှိသည်ဟု ဆိုသည်။
ကျဆုံးခဲ့သော ရဲဘော်များကို လယ်ကွင်းတစ်နေရာတွင် အစုလိုက်တွေ့ခဲ့ရသည့်ပြင် မီးသင်္ဂြိုဟ်ထားသည့် စစ်သားရုပ်အလောင်းတစ်လောင်းနှင့် ဆေးပစ္စည်းများ တွေ့ရသည်ဟု ဆိုသည်။
ယမန်နေ့က တိုက်ပွဲတွင် ကျဆုံးခဲ့သူများမှာ ရွှေဘိုမြို့နယ် သရက်ပင်ဝင်းကျေးရွာမှ ပ.က.ဖ အဖွဲ့ဝင် ၆ ဦး၊ မှန်တောရွာမှ ပ.က.ဖ အဖွဲ့ဝင် နှစ်ဦး၊ သိမ်တော်ရွာမှ ပ.က.ဖ အဖွဲ့ဝင် သုံးဦးဖြစ်သည်ဟု သိရကြောင်း အလောင်းသွားကောက်ရာတွင် ပါဝင်ခဲ့သူ အထက်ပါဒေသခံက ပြောသည်။
မတ်လ ၇ ရက်တွင် ကျွန်းလည်ရွာမှ ဖမ်းဆီးလာသည့် အရပ်သားသုံးဦ၏ အလောင်းကိုလည်း အဆိုပါနေရာ၌ပင် စစ်တပ်က စုပုံထားခဲ့ကြောင်း ၎င်းက ပြောသည်။
“အများစုကတော့ အရှင်ဖမ်းမိပြီးမှ သတ်ခံရတာ ဖြစ်ဖို့များတယ်။ မောင်းပြန်ကိုင်တဲ့ကလေးကတော့ ခန္ဓာကိုယ်တစ်ခုလုံး ညိုမည်းနေတာပဲ။ ခေါင်းတွေကိုလည်း တစ်ခြမ်းတွေ ပစ်ဖွင့်ထားတယ်။ ကျွန်းလည်က အရပ်သားသုံးယောက်ကတော့ လက်ပြန်ကြိုးပါတုပ်ထားတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ် ပြန်ထွက်သွားချိန်တွင် အလောင်းများကို သွားရောက်ကောက်ယူကာ ယနေ့တွင် သင်္ဂြိုဟ်ပေးခဲ့ကြောင်း၊ အလောင်းအများစုတွင် ဒဏ်ရာများ တွေ့ရှိရကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ မတ်လ ၅ ရက်နေ့ကတည်းက ရေဦးမြို့နယ်မှ ထွက်ခွာလာကြောင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ မှန်တောနှင့် ဒါန်းကုန်း ကျေးရွာများကို ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၁၀၀ ကျော်ကို မီးရှို့ကာ အရပ်သားသုံးဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းသည့် ဒေသခံ ပ.က.ဖ အဖွဲ့ဝင်များထံမှ သိရသည်။
ထို့နောက် ဒါန်းကုန်း၊ မှန်တော၊ ကျွန်းလည်၊ အင်ပေါက် စသည့်ရွာများကို တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းခဲ့ပြီး မတ်လ ၇ ရက်တွင် ညောင်ပင်ကြီးစုရွာ၌ တပ်စွဲခဲ့ခြင်းဖြစ်သည်။
အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှာ ညောင်ပင်ကြီးစုရွာ၌ တပ်စွဲပြီးနောက် မိုင်ဝက်ခန့် အကွာအဝေးရှိ မူးသာနှင့် သိမ်တော်ကျေးရွာတို့ကို အင်အား ၄၀ စီခွဲကာ စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယမန်နေ့တွင် မူးသာရွာသို့ သွားရောက်စီးနင်းသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း သက်ပေးကျေးရွာတွင် ခုခံတိုက်ခိုက်ရာ ဒေသခံ ပ.က.ဖ အဖွဲ့ဝင်များ ကျဆုံးမှုမရှိသော်လည်း နေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း အခြားဒေသခံ ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများတွင် စစ်ကောင်စီစစ်ကြောင်းများကို ခုခံတိုက်ခိုက်နေသော်လည်း လက်လုပ်သေနတ်များကိုသာ အားပြုနေရသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အကျအဆုံးများလျက်ရှိသည်။
ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ မြို့သစ်ရွာတွင် ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ပွဲအတွင်း ဒေသခံ ပ.က.ဖ အဖွဲ့ဝင် ၁၄ ဦးအထိ သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်က သရက်ကန်ရွာတိုက်ပွဲတွင် ငါးဦး ထပ်မံသေဆုံးခဲ့သည်။
ကျေးရွာကာကွယ်ရေးအဖွဲ့အချင်းချင်း ချိတ်ဆက်မှု အားနည်းခြင်းကြောင့် ခင်ဦးမြို့နယ်တွင် အကျအဆုံးများနေသည်ဟု သိမ်တော်တိုက်ပွဲအတွင်း ကျဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို သွားရောက်ကောက်ယူရာတွင် ပါဝင်ခဲ့သူ နောက်တစ်ဦးက ပြောသည်။
“တိုက်ပွဲတွေမှာ စနစ်တကျစီစဉ်နိုင်ဖို့၊ တိုက်နိုင်ဖို့ လိုအပ်တာပါ။ စည်းကမ်းရှိရှိ အမိန့်နာခံမှ တိုက်လို့ရတာ။ စည်းကမ်းမဲ့ တိုက်နေရသလို ဖြစ်နေတာ” ဟု ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ၎င်းက ပြောသည်။
ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းတွင် လှုပ်ရှားနေသည့် ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးကလည်း လက်နက်မရှိဘဲ စိတ်ဆန္ဒတစ်ခုတည်းဖြင့် တိုက်ပွဲမဖော်သင့်ကြောင်း မှတ်ချက်ပြုသည်။
“အဓိကတော့ လက်နက်ပြဿနာပဲ။ လက်နက်လမ်းကြောင်း ထိရောက်မှု ရှိမရှိ မှန်းဆတဲ့နေရာမှာ တော်တော်လိုအပ်နေတယ်။ သူတို့ (စစ်တပ်) မောင်းပြန်ရဲ့ (ထိရောက်မှု) အကွာအဝေး၊ ကျွန်တော်တို့ တူမီးရဲ့ ခုခံမှုတွေပေါ့ဗျာ။ ပြောက်ကျားဖြစ်တဲ့ မိုင်းခွဲမှုလမ်းစဉ်တွေကို ကျော်လွန်ပြီး ရှော့ဂန်းတွေနဲ့ တိုက်ခိုက်တာတွေ စိတ်ဆန္ဒတွေပြင်းထန်တာတွေက အကျအဆုံးများစေတာပဲ”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)