ပြည်သူ့ခုခံစစ်အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၂၃ မြို့နယ်ကို စစ်ကောင်စီက အင်တာနက်ဖြတ်ပြီးနောက် ဒီပဲယင်းမြို့ရှိ ကျေးရွာနှစ်ရွာကို ယနေ့ (မတ်၄) ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံ ၉ ဦး သေဆုံးသည်။
မုံရွာ- ဒီပဲယင်း လမ်းမအနီးရှိ မင်းဆွေနှစ်ကျေးရွာကို နံနက်ပိုင်းတွင်လည်းကောင်း၊ မိုင် ၃၀ ကျော်အကွာရှိ ရွှေဘိုနှင့် ဒီပဲယင်းနယ်စပ်၊ မူးမြစ်ကမ်းနံဘေးရှိ မူးကမ်းကြီးကျေးရွာကို မွန်းလွဲ ၂ နာရီခန့်တွင်လည်းကောင်း အင်အား ၁၀၀ ဝန်းကျင်ပါ စစ်တပ်က ဝင်စီးသည်ဟု PDF နှင့် ဒေသခံတို့က အတည်ပြုသည်။
မင်းဆွေနှစ်ကျေးရွာတွင် ကျေးရွာလုံခြုံရေးကင်းစောင့်နေသည့် ဒေသခံ ၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ကလေးငယ်နှစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားသည်ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။
“ကိုယ့်ကျေးရွာလုံခြုံရေးအတွက် ကာကွယ်ကြတဲ့ အဖွဲ့ပေါ့။ သာမန်ပြည်သူလို့ ပြောလို့ရတာပေါ့ဗျာ။ သွားပြီးတော့ ကြည့်ခဲ့တဲ့ကလေးကတော့ လူပုံတွေပါ မပီတော့ဘူး (မည်သူမည်ဝါခွဲခြားရန် ခက်ခဲ)။ မီးရှို့သွားတာလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသူများမှာ မင်းဆွေနှစ်ကျေးရွာသား ကိုအောင်သူ၊ ကိုဖိုးမဲ၊ ကိုချမ်းမြေ့ဇော်၊ ကိုဘုန်းနိုင်၊ ကိုပြည့်ဖြိုးအောင်နှင့် အမည်အတည်မပြုနိုင်သေးသည့် မြင်းသူကြီးကျေးရွာမှ နှစ်ဦး၊ ကြာခတ်ကျေးရွာမှ တစ်ဦးနှင့် ကျေးရွာပင် အတည်မပြုနိုင်သေးသူတစ်ဦးဖြစ်သည်ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်တပ်က ဖမ်းသွားသည့် အမျိုးသမီးမှာ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကိုအောင်သူ၏ ဇနီး မမြင့်မြင့်ဝင်းနှင့် အသက် ၁ နှစ်နှင့် ၅ နှစ်အရွယ် ကလေးနှစ်ဦးဖြစ်သည်ဟု ထိုသူ့ထံမှ သိရသည်။
“(ကျေးရွာလုံခြုံရေးက) ရွာအဝင်မှာ ဂိတ်ကြီးချထားပြီးနေတာ မဟုတ်ဘူး။ တဲလေးတွေထိုးပြီးတော့ ကျေးရွာလုံခြုံရေးဆိုပြီး စောင့်ရှောက်နေကြတာပေါ့။ အောင်သူနေတဲ့ ငှက်ပျောခြံနဲ့က ဆက်ရက်ဆိုတော့ အောင်သူရဲ့ မိန်းမကိုပါ ဖမ်းသွားခေါ်သွားကြတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
အိမ်ခြေ ၄၀၀ နီးပါးနှင့် လူဦးရေ ၅၀၀၀ ကျော်ရှိသည့် မင်းဆွေနှစ်ကျေးရွာခံများမှာ စစ်တပ်၏ ဝင်ရောက်စီးနင်းမှုအန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ဒေသခံအချို့ထံမှ သိရသည်။
မင်းဆွေနှစ်ကျေးရွာတွင် သေဆုံးခဲ့ရသူများမှာ စစ်တပ်က ဖမ်းပြီး ကြိုးတုပ်၊ ပစ်ခတ်သတ်ဖြတ်သွားသည့်ပုံမျိုး တွေ့ရှိရကာ အလောင်းများကို မိုင်းဖြင့် ခွဲသွားခြင်းဖြစ်သည်ဟု အလောင်းကောက်ရာတွင် ပါဝင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“စခန်းငယ်လေးတစ်ခုမှာရှိတဲ့ ရဲဘော်တွေကို လာပြီးတော့ ပစ်ခတ်သွားတယ်ပေါ့။ မိုင်းတွေကို အောက်မှာ ထားပြီးတော့ အလောင်းတင်တယ်။ အလောင်းတင်ပြီးတော့ မိုင်းခွဲတယ်။ မိုင်းခွဲပြီးတော့ မီးရှို့တယ်ပေါ့” ဟု ၎င်းက ပြောသည်။
မူးကမ်းကြီးကျေးရွာကို ထိုစစ်ကြောင်းက မွန်းလွဲပိုင်းတွင် ထပ်မံဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များက ခုခံတိုက်ခိုက်နေကြောင်း PDF အဖွဲ့များနှင့် နီးစပ်သူ ၎င်းက ပြောသည်။
“ရွာအလယ်ထိ ရောက်နေပြီးတော့ ရဲစခန်းနဲ့ စာသင်ကျောင်းတွေမှာ နေရာယူထားပါတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တွေကတော့ တစ်ဦးမှတော့ မကျသေးပါဘူး။ ရင်ဆိုင်တိုက်ပွဲတွေတော့ ရှိနေပါတယ်” ဟု ညနေ ၄ နာရီတွင် Myanmar Now ကို တယ်လီဖုန်းမှတစ်ဆင့် ၎င်းက ဆက်ပြောသည်။
စစ်တပ်က မူးမြစ်တစ်ဖက်ကမ်းရှိ ရွှေဘိုမြို့နယ်၊ ရေကြည်ဝကျေးရွာမှ လက်နက်ကြီးများဖြင့် မူးကမ်းကြီးရွာကို ပစ်ခတ်နေသည်ဟု ဒီပဲယင်းမြို့အရှေ့ပိုင်းတွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
ထိုဖြစ်စဉ်ကြောင့် မူးကမ်းကြီး၊ ဖုတ်ထန်းတော၊ မိချောင်းအိုင်၊ လက်လှုပ်ကျေးရွာများမှ ဒေသခံ ၁ သောင်းမှ ၂ သောင်းကြားထိ တိမ်းရှောင်နေရသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသည့် ဒီပဲယင်းဒေသခံ နောက်တစ်ဦးက ပြောသည်။
မူးကမ်းကြီးကျေးရွာ ရင်ဆိုင်တိုက်ပွဲ၏ ယနေ့ညပိုင်းအခြေအနေများနှင့် မင်းဆွေနှစ်ကျေးရွာတွင် ဖြစ်ပျက်သည့် အသေးစိတ်အချက်အလက်များကို အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် ဒေသခံများထံမှ လက်ခံရရှိခြင်း မရှိပါ။
ယနေ့ (မတ် ၄) ညနေပိုင်းအထိ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ပြည်သူ့ခုခံစစ်အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားကို အကန့်အသတ်မရှိ အင်တာနက်ပိတ်ပင်ရန် မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီများကို ယမန်နေ့ (မတ် ၃) ညပိုင်းတွင် စစ်ကောင်စီက ညွှန်ကြားထားသည်။
MPT ၊ Telenor ၊ Mytel နှင့် Ooredoo မိုဘိုင်းအော်ပရေတာများသို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့် ညွှန်ကြားစာတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ၂၃ မြို့နယ်တွင် မိုဘိုင်းအင်တာနက်ဖြတ်တောက်ရန် ညွှန်ကြားထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)