သတင်း

လန်ဒန်သတ္တုဈေးကွက်တွင် ဝမ်ပေါင်ကြေးနီသတ္တုကို ရောင်းဝယ်ခွင့်ရပ်ဆိုင်း

စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဖက်ကမ်းရှိ တရုတ်သတ္တုတူးဖော်ရေးစီမံကိန်းများဖြစ်သည့် လက်ပံတောင်းတောင်၊ စံပယ်တောင်နှင့် ကြေးစင်တောင်တို့မှ ထွက်ရှိသော (A) အဆင့်ရှိ ကြေးနီသတ္တုများကို ဗြိတိန်နိုင်ငံအခြေစိုက် လန်ဒန်သတ္တုအိတ်ချိန်း (LME) တွင် ရောင်းဝယ်ခွင့်ရပ်ဆိုင်းလိုက်သည်။

အဆိုပါ ကြေးနီတူးဖော်ရေးစီမံကိန်းကို တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီ၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းတို့ အကျိုးတူထုတ်လုပ်နေခြင်းဖြစ်သည်။ 

အမှတ်(၁) သတ္တုတွင်းလုပ်ငန်းကို ဥရောပသမဂ္ဂ (အီးယူ)က အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက်ပြီးနောက် ထိုစီမံကိန်းများမှ ထွက်ရှိသည့် ကြေးနီကို လာမည့်မေလ ၂၄ ရက်မှစ၍ ရောင်းဝယ်ရန် အာမခံမပေးသလို ဂိုဒေါင်၌ ထားခွင့်မပြုကြောင်း LME ၏ ဖေဖော်ဝါရီ ၂၅ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

“အီးယူ Sanction (ဒဏ်ခတ်ပိတ်ဆို့မှု) ထဲ အမှတ်(၁) သတ္တုတွင်းပါလို့လေ။ အီးယူမှာ မှတ်ပုံတင်ထားတဲ့ ဘဏ်တွေ၊ လုပ်ငန်းတွေက Sanction ထိတဲ့အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်လို့ မရတော့လို့လေ” ဟု စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်သော သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign) အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

လန်ဒန်သတ္တုအိတ်ချိန်းတွင် ထိုသို့ ရောင်းဝယ်ခွင့်ရပ်ဆိုင်းခြင်းကြောင့် သတ္တုလုပ်ငန်းမှ စစ်ကောင်စီထံ စီးဆင်းသည့် ဝင်ငွေကို ထိခိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ပံတောင်းတောင်စီမံကိန်းတွင် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်းနှင့် ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ထုတ်လုပ်မှုအပေါ် အကျိုးခံစားခွင့်ရရှိနေသည်။

စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းတွင် ဦးပိုင်က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်၏ နောက်ထပ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် မြန်မာယန်စီက ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်သည်။

အဆိုပါ ကြေးနီတူးဖော်ရေးစီမံကိန်းများကို ဒေသခံများနှင့် ပြည်သူလူထုက အစိုးရအဆက်ဆက်တွင် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရန် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်နေစဉ်။ (ဓာတ်ပုံ – EPA/EFE) 

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီနှင့် ၎င်း၏ကုမ္ပဏီခွဲ နှစ်ခုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့သည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည်လည်း ပြီးခဲ့သည့်နှစ် မတ်လတွင် အမေရိကန်နှင့် ဗြိတိန်တို့၏ ဒဏ်ခတ်အရေးယူခြင်း ခံရသည်။ 

၁၉၉၄ ခုနှစ်တွင် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီ Ivanhoe (လက်ရှိ Turquoise Hill Resources) တို့ စတင်ပူးပေါင်း လုပ်ကိုင်ခဲ့သည့် ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ကြေးနီစီမံကိန်းကို ၂၀၀၀ ပြည့်နှစ်တွင် တရုတ် ဝမ်ပေါင်ကုမ္ပဏီက လွှဲပြောင်းရယူကာ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ရောင်းချရာတွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီသည် အရင်းအနှီးတစ်ကျပ်မျှ မစိုက်ထုတ်ရဘဲ နိုင်ငံတော်ကိုယ်စားပြုကာ စီမံကိန်းပိုင်ဆိုင်ခဲ့ကြောင်း ဩစတြေးလျအရပ်ဘက်အဖွဲ့အစည်းများ စုစည်းထားသည့် Publish What You Pay ဆိုသော အဖွဲ့၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။

ပိတ်ဆို့မှုများရှိသော်လည်း ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် တရုတ်တွင် ဈေးကွက်ဖြန့်ကြက်ခြင်းကြောင့် ထိခိုက်မှုနည်းနိုင်ကြောင်း အမည်မဖော်လိုသည့် လက်ပံတောင်းကြေးနီစီမံကိန်းဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။

သို့သော် စစ်အာဏာသိမ်းမှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဝန်ထမ်းအများအပြား ပြန်သွားသဖြင့် ကြေးနီထုတ်လုပ်မှု ကျဆင်းနေသလို တင်ပို့မှုလည်း နည်းနေကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်နိုင်တင်း ပထမလှိုင်းစတင်စဉ်က လက်ပံတောင်းစီမံကိန်းမှ တွဲကားများဖြင့် ရန်ကုန်မြို့ရှိ အေးရှားဝေါဆိပ်ကမ်းမှ တရုတ်ကို တင်ပို့ကြောင်း၊ စက်ရုံမှ ဆိပ်ကမ်းသို့ ပစ္စည်းပို့ဆောင်ရာတွင် ဦးတေဇ၏ ထူးကုမ္ပဏီက ထိခိုက်ဆုံးရှုံးမှုကို အာမခံ၍ ပို့ဆောင်ကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လက်ပံတောင်းတောင်စီမံကိန်းမှ ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းမှ ၁၈၇ သန်း စီးဝင်နိုင်ကြောင်း Publish What You Pay အဖွဲ့၏ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

အခြားတရုတ်စီမံကိန်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအထက်ပိုင်းရှိ တကောင်းတောင်နီကယ်စီမံကိန်းမှ ဒေါ်လာ ၁၂၁ သန်း စီးဝင်နိုင်သည်ဟု ဆိုသည်။

သတ္တုဈေးတက်လာမှုနှင့်အတူ စီပွားဖြစ်ထုတ်လုပ်နေသည့် ထိုမံကိန်းများသည် စစ်ကောင်စီကို ငွေအလုံးအရင်းဖြင့် ရရှိစေနိုင်ကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button