စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျောက်တိုင်ရွာတွင် ယမန်နေ့ (မတ် ၁) မွန်းလွဲပိုင်းက လေကြောင်းဖြင့် ချထားသည့် စစ်သားများက ရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ၆၀ ခန့်ကို ဖမ်းဆီး စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံလေးဦးထံမှ သိရသည်။
စစ်သား ၁၀၀ နီးပါးကို ရဟတ်ယာဉ်လေးစီးဖြင့် လာချခြင်းဖြစ်ကြောင်း၊ မန္တလေး – ရွှေဘို ကားလမ်းမှ ၈ မိုင်ခန့်အကွာရှိ ကျောက်တိုင်ရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
စစ်တပ်က ရွာပတ်ပတ်လည်တွင် ကင်းပုန်းများချထားပြီး ရွာအတွင်းရှိ နေအိမ်များကို လိုက်လံရှာဖွေကာ လူ ၆၀ ခန့်ကို ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးထားသည်ဟု စစ်သားများ ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ယနေ့ (မတ် ၂) ပြောသည်။
“ယောက်ျားတွေကတော့ တစ်ယောက်မှ မလွှတ်သေးဘူး။ အမျိုးသားတွေကို ရွာထဲက အိမ်တစ်အိမ်မှာ တစ်စုနဲ့ စာသင်ကျောင်းမှာ ဖမ်းထားတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံထားရသူများတွင် အသက် ၁၃ နှစ်ဝန်းကျင်မှ ၄၀ ဝန်းကျင်အရွယ်များဖြစ်ကြောင်း၊ အမျိုးသမီးများလည်း ပါဝင်ပြီး အရေအတွက် အတိအကျမသိရသေးကြောင်းလည်း Myanmar Now က ဆက်သွယ်မေးမြန်းသည့် ဒေသခံများက ဆိုသည်။
ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့် စစ်သားများသည် လက်နက်ကြီး နှစ်ချက်ပစ်ဖောက်ကာ ရွာအတွင်း ဝင်လာကာ တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု သိရသည်။
“ပိတ်ထားတဲ့အိမ်တွေကို ဖွင့်ပေး။ ဖွင့်မပေးရင် တံခါးဖျက်ပစ်ရမလား။ အိမ်ဖျက်ပစ်ရမလားဆိုပြီး အဲလိုခြိမ်းခြောက်ပြီးတော့ ပိတ်ထားတဲ့အိမ်တွေကို ဖွင့်ခိုင်းပြီးဝင်တယ်။ ရွာထဲကို ၆ နာရီ (ညနေ) မထိုးခင် မြန်မြန်ဝင်၊ ရွာပြင်မှာတွေ့ရင် အကုန်ပစ်သတ်မယ်ဆိုပြီး ဘုန်းကြီးကျောင်းထဲကို အကုန်ခေါ်သွားတယ်” ဟု အထက်ပါဒေသခံ အမျိုးသားက ပြောသည်။
စစ်တပ်က ရွာအတွင်း ဝင်ရောက်ပြီးနောက် တိုင်းလွှတ်တော်အမတ်ဖြစ်သူနှင့် အခြားသူတစ်ဦး၏ နေအိမ်များကို ဖျက်ဆီးသွားကြောင်းလည်း ရွာခံများက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ပထမအကြိမ်ဝင်ရောက်စီးနင်းခံရစဉ် ရွာခံများ အချိန်မီရှောင်တိမ်းနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ရဟတ်ယာဉ်များဖြင့် ရောက်လာသောကြောင့် ပိတ်မိသွားခြင်းဖြစ်သည်ဟု ဆိုသည်။
ကျောက်တိုင်ရွာတွင် စစ်တပ်က တပ်စွဲထားပြီး ရွာပတ်ပတ်လည်တွင် ကင်းပုန်းချထားသည့်ပြင် ဖုန်းများ အသိမ်းခံထားရသည့်အတွက် အဖမ်းခံရသူအရေအတွက်နှင့် မွှေနှောက်ဖျက်ဆီးခံရသည့် အခြေအနေကို အသေးစိတ် မသိရသေးကြောင်း ရွာခံတို့က ပြောသည်။
ပထမအကြိမ်ဝင်ရောက်စီးနင်းခံရစဉ် စစ်တပ်က နေအိမ်နှစ်လုံးကို ဖျက်ဆီးသွားသည့်ပြင် ငွေသား ကျပ်ခြောက်သိန်းခွဲ ယူဆောင်သွားသည်ဟုလည်း ကျောက်တိုင်ရွာသားတို့က ဆိုသည်။
ယခုရက်ပိုင်းအတွင်း၌ပင် စစ်ကိုင်းတိုင်းတောင်ပိုင်းရှိ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာကို စစ်တပ် ဝင်ရောက်စီးနင်းစဉ် မူကြိုကလေးငယ်များအပါအဝင် ဒေသခံ ၁၀၀ နီးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို စစ်ကောင်စီက လနှင့်ချီ တိုက်ခိုက်နှိမ်နင်းနေပြီး လတ်တလောတွင် ဒေသခံ PDF များရှိရာ ကျေးရွာများကို လေကြောင်းဖြင့်ပါ ဆက်တိုက်စီးနင်းလျက်ရှိသည်။
ထို့ပြင် ဒေသခံ ပျူစောထီးများကို ပြည်သူ့စစ်ခေါင်းစဉ်တပ်ကာ စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း ပြုလုပ်လျက် ကျေးရွာများကို တိုက်ခိုက်ရာတွင် အသုံးပြုလျက်ရှိသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်တပ်ဖွဲ့ ၇၇ ခုအထိ ဖွဲ့စည်းထားပြီးဖြစ်ကာ လက်နက် ၂၀၀၀ ကျော် တပ်ဆင်ထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က အာဏာသိမ်းခေါင်းဆောင်နှင့် ပြည်နယ်တိုင်းဝန်ကြီးချုပ်များ တွေ့ဆုံပွဲတွင် စစ်ကိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြခဲ့သည်။
ပေါက်ကြားလာသည့် ထိုအစည်းအဝေးမှတ်တမ်းအရ စစ်ကိုင်းတိုင်းအတွင်း ရာနှုန်းပြည့် လုံခြုံမှုမရှိသေးကြောင်း၊ အမျိုးသားဝန်ထမ်းများကို စည်းရုံးကာ လက်နက်တပ်ဆင်ပေးရန်လည်း စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကျော်က တောင်းဆိုထားသည်။