မကွေးတိုင်း လောင်းရှည်မှ ချင်းပြည်နယ် ကျင်ဒွေးသို့ စစ်ကူနှင့် ရိက္ခာပို့ရန် သွားရောက်သည့် စစ်ယာဉ်တန်းကို အသွားအပြန်ခရီးတွင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ဆိုသည်။
စစ်ထရပ်ကား ၁၆ စီးနှင့် စစ်သား ၁၅၀ ခန့်ပါသည့် ထိုယာဉ်တန်းမှာ ၃၃ မိုင် ကွာဝေးသည့် လောင်းရှည် – ကျင်ဒွေးလမ်းကို အသွားအပြန် ၉ ရက် အချိန်ယူ၍ ဖြတ်သန်းခဲ့ရသည်ဟု CDF တာဝန်ရှိသူအချို့ထံမှ သိရသည်။
လောင်းရှည်မှ ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ထွက်ခွာလာပြီး ကျင်ဒွေးတွင် ရိက္ခာနှင့် စစ်သားအချို့ ချခဲ့သည့် ထိုယာဉ်တန်းသည် ဖေဖော်ဝါရီ ၂၇ ရက်တွင်မှ လောင်းရှည်နှင့် ၅ မိုင်ခန့်အကွာ ဆွဲလွဲကျင်းရွာအနီး ပြန်လည်ရောက်ရှိကာ တပ်စွဲနိုင်သည်ဟု CDF ဘက်က ပြောသည်။
ထိုစစ်ကောင်စီယာဉ်တန်းကို အသွားအပြန်ခရီးနှစ်ခုလုံးတွင် ချင်းဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃၀ ကျော်သေ၍ အများအပြား ဒဏ်ရာရသည်ဟု ဆိုသည်။
“ကျွန်တော်တို့ဘက်က ပစ်ကွင်းကောင်းကောင်းကို ရှာပြီးတော့ကို တိုက်တာပဲ။ ဒီလို စိတ်ရှည်လက်ရှည်တိုက်လို့ သူတို့(စစ်ကောင်စီ)ဘက်က ပိုပြီး ကျဆုံးမှုများသွားတာ” ဟု CDF-ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုတိုက်ပွဲများကို ကန်ပက်လက် CDF နှင့် လောင်းရှည်၊ မကွေးတိုင်း ဆောမြို့နယ် PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်သည်ဟု ထိုအဖွဲ့များထံမှ သိရသည်။
ချင်း-မကွေးနယ်စပ် မဆာတွီနှင့် ဆွဲလွဲကျင်းရွာတို့အကြားတွင် ဖေဖော်ဝါရီ ၂၇ ရက်က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး တစ်ရက်တည်းတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရသွားသည်ဟု CDF-ကန်ပက်လက်အဖွဲ့က ဖေဖော်ဝါရီ ၂၈ တွင် ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်သားများကို တောင်ယာတဲတစ်ခုတွင် ထည့်၍ စုပြုံမီးရှို့ကာ အနီးအနားရှိ တဲများကိုလည်း စစ်ကောင်စီက မီးလောင်တိုက်သွင်းသွားသည်ဟု လောင်းရှည်-PDF ပြောခွင့်ရသူကလည်း ဆိုသည်။
စစ်ယာဉ်တန်းဖြတ်သန်းရာ လောင်းရှည်-ကျင်ဒွေး တစ်လျှောက်တွင် ချင်းပြည်နယ်မှ မောချောင်း၊ မဆာတွီနှင့် ဆိုင်ဒုတ်ရွာသစ်နှင့် ဆိုင်ဒုတ်ရွာဟောင်းတို့မှ ဒေသခံ ၈၀၀ ကျော် စစ်ရှောင်ခဲ့ရကြောင်း၊ မောချောင်းရွာရှိ နေအိမ် ၄လုံးကို စစ်တပ်က မီးရှို့သွားကြောင်း CDF-ကန်ပက်လက် ပြောခွင့်ရသူက ဆိုသည်။
အလားတူပင် မကွေးတိုင်းရှိ ဆွဲလွဲကျင်း၊ နတ်ကောင်းကျင်းနှင့် ရင်းကဲရွာများမှ ဒေသခံများလည်း တိမ်းရှောင်ခဲ့ရသည်ဟု လောင်းရှည် PDF တာဝန်ရှိသူက ပြောသည်။
ထို့ပြင် ဆွဲလွဲကျင်းရွာခံ ၆ ဦးကို စစ်တပ်က ဖမ်းကာ ယနေ့ (မတ် ၁) မွန်းလွဲပိုင်းတွင် လောင်းရှည်သို့ ပြန်ရာခရီးတွင် လူသားဒိုင်းသဖွယ် သုံးသည်ဟု ၎င်းက ဆက်ပြောသည်။
“ဖမ်းသွားသူတွေထဲက နှစ်ယောက်တော့ ပြန်လွတ်တယ် ကြားတယ်၊ ကျန်တဲ့သူတွေကတော့ အခုထက်ထိ သတင်းအစအနမရသေးဘူး” ဟု လောင်းရှည် PDF တာဝန်ရှိသူက ဆိုသည်။
အထက်ပါ ဖြစ်စဉ်များ၏ အသေးစိတ်ကို မသိရသေးသလို ဒေသခံများထံမှ သီးခြားအတည်ပြုချက် မရသေးပေ။ စစ်ကောင်စီကိုလည်း မေး၍မရသေးပါ။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်နေပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းရှိ အထက်ပါဒေသများလည်း အပါအဝင်ဖြစ်သည်။
စစ်ကောင်စီကလည်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ ထိုဒေသတွင်း၌ စစ်ဆင်ရေးများ တောက်လျှောက်လုပ်နေသည်။ မကွေးမှဖြတ်၍ ချင်းသို့ လူသူ၊ လက်နက် ပို့ဆောင်လေ့ရှိသဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)