
စစ်တပ်က ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့သော စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ သပြေအေးရွာတွင် မီးရှို့ခံရသည့်နေအိမ် ၁၀၀ ကျော်နီးပါး ရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၈) တွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ပြီးနောက် စစ်သား ၆၀ နီးပါးကို ရဟတ်ယာဉ်ဖြင့် လာချသွားကြောင်း၊ ထိုစစ်သားများက ရွာရှိ လူနေအိမ်များကို စတင်မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ရွာအနောက်ခြမ်း လောင်သွားတာဆိုတော့ အိမ်ခြေ ၁၀၀ ကျော်လောက်တော့ လောင်လိမ့်မယ်။ အိမ်ခြေက ရွာမှာ ၂၀၀ ကျော်လောက် ရှိတာမှာ တစ်ခြမ်းလုံးကုန်တယ်ဆိုတော့ (မီးလောင်တာ) ၁၀၀ ကျော်လောက် မှန်းလို့ရမယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သပြေအေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အိမ်ခြေ ၂၃၀ ကျော်ရှိ သပြေအေးရွာတွင် စစ်တပ်က တပ်စွဲထားဆဲဖြစ်သောကြောင့် အတိအကျ မသိရသေးကြောင်း၊ ရွာအနီး သွားရောက်ကြည့်ရှုသူများ၏ ပြောဆိုချက်အရ ခန့်မှန်းသိရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ ယမန်နေ့ ညနေ ၆ နာရီကျော်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
“မနေ့ညကတော့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ ၆ နာရီ ၂၀ ကျော်လောက်မှာ တိုက်ပွဲတစ်ပွဲဖြစ်တယ်။ (စစ်တပ်ဘက်က) တဖောင်းဖောင်းနဲ့ ပြန်ပစ်တယ်။ ဒီဘက် (ဒေသခံကာကွယ်ရေးအဖွဲ့) က လက်နက်ကြီးနဲ့ ထုလိုက်တော့ ပြန်ငြိမ်သွားတယ်။ လက်နက်ကြီးသံတော့ တော်တော်ကြောက်တယ်” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
လက်ရှိတွင် ရွာအတွင်း စစ်တပ်ရှိနေသေးသဖြင့် မီးလောင်သည့် အိမ်အရေအတွက်နှင့် သေဆုံးသူ ဦးရေ အတိအကျ မသိရသေးကြောင်း သပြေအေးရွာခံ နောက်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထိုရွာမှ ၁၀ မိုင်အကွာ ချင်းပုန်းရွာကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ရွာကို ဝင်ရောက်စီးနင်းကာ မူကြိုအရွယ် ကလေးငယ်များအပါအဝင် ဒေသခံ ၁၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့ကြောင့် အနီးအနားရှိ သပြေအေးရွာအပါအဝင် ကျောက်ပြုတ်၊ မိုးကောင်း၊ အိုးဘိုရွာတို့မှ ထောင်နှင့်ချီသည့် ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်းမာပင်နယ်တစ်ဝိုက်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားနေသည့် သပြေအေးရွာကျောင်းဆရာတော်ကို ယမန်နှစ် ဧပြီ ၂ တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီး၍ နှိမ်နင်းရန် ကြိုးပမ်းခဲ့သည်။

ထိုစဉ်က သပြေအေးအပါအဝင် နီးစပ်ရာကျေးရွာများမှ ဒေသခံများက လက်လုပ်တူမီးဖြင့် ပြန်တိုက်ခိုက်ခဲ့ကြရာ “သပြေအေးတိုက်ပွဲ” ဟု လူသိများခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တော်လှန်ရေးများ အစပြုလာပြီးနောက်ပိုင်း သပြေအေးကျေးရွာတစ်ဝိုက်တွင်လည်း လက်နက်ကိုင်ခုခံသူများ ပေါ်ပေါက်လာသည်။
လက်နက်ကိုင် ပြန်ခုခံနေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှ မြို့နယ်များတွင် စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းကာ နေအိမ်များမီးရှို့ခြင်းကို အဓိကထားပြုလုပ်နေသည်။
စစ်တပ်၏ ထိုလုပ်ရပ်သည် ဒေသခံကာကွယ်ရေးအဖွဲ့များအား လူထုထောက်ခံမှုလျော့နည်းစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။
သပြေအေးရွာဒေသခံ နောက်အမျိုးသားတစ်ဦးကလည်း စစ်တပ်က အကြောက်တရားဖြင့် ခြိမ်းခြောက်နေခြင်းသာဖြစ်သည်ဟု ပြောသည်။
“စစ်တပ်က ဖက်ဆစ်စနစ်အတိုင်း အကြောက်တရားရိုက်သွင်းပြီးတော့ လူထုကို မွဲအောင်၊ စားစရာမရှိအောင် လုပ်ပြီးတော့ သွေးအေးသွားမဲ့စနစ်မျိုး ဖန်တီးနေတာဖြစ်တဲ့အတွက် လူထုအနေနဲ့ သူတို့ခြောက်တိုင်း ကြောက်မသွားဘဲနဲ့ တော်လှန်ပေးကြပါ။ ပြည်သူကနေ ပြည်သူအချင်းချင်း ကူညီရိုင်းပင်းပြီးတော့ တစ်ခုရှိရင် တစ်ဖဲ့စီစားတဲ့ စနစ်မျိုးနဲ့ ဆက်လက်တောင့်ခံပေးကြပါ” ဟု အထက်ပါ ရွာခံအမျိုးသားက တိုက်တွန်းသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ဆက်တွဲအခြေအနေများကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ဖေဖော်ဝါရီ ၂၄ အထိ ထုတ်ပြန်ထားသည့်အချက်အလက်အရ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များက မီးရှို့သည့်အတွက် နေအိမ် ၅၂၃၁ လုံး ပျက်စီးခဲ့ပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)