စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၂၆) နံနက် ၉ နာရီခန့်က ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်(YMB PDF) သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် ရဟတ်ယာဉ် ၅ စင်း လာရောက်ပစ်ခတ်ပြီး စစ်သား ၅၀ ခန့် ထိုနေရာတွင် ချသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။
မုံရွာ-ကလေး-ယာကြီးလမ်းနှင့် ၅ မိုင်ခန့် အကွာရှိ အဆိုပါရွာ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခံနေရသည်ဟု ယင်းမာပင် PDF တပ်ဖွဲ့ ခေါင်းဆောင် ကိုဘိုဦးကလည်း အတည်ပြုသည်။
“စစ်အင်အားက ဟယ်လီကော်ပတာ ၅ စင်း ဆင်းတယ်။ MI 35 ပါတယ်။ တိုက်ခိုက်ရေးလေကြောင်းကူပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“သူတို့က ရွာကို ခုထိ မီးရှို့နေတယ်။ ကျွန်တော်တို့လည်း ရွာနားမကပ်နိုင်သေးဘူး။ ခေါင်းဆောင်တွေရဲ့ အခြေအနေကတော့ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပါ”
ထို့နောက် ရွာ၏အရှေ့ဘက်နှင့် အနောက်ဘက်တွင် ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသော ကွန်မန်ဒိုဟု ယူဆရသည့် စစ်သားများက အိမ်များကို မီးရှို့ကြကြောင်း၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရှိနေကြောင်း ၎င်းက ပြောသည်။
“လူအသေအပျောက်ကတော့ အခုထက်ထိ မကြားရသေးဘူ။ ပိတ်မိနေတဲ့ ကလေးတွေတော့ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတယ်။ ဒီလိုမျိုး ပိတ်မိနေတယ်၊ ရွာကို မီးတိုက်နေတယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ဘယ်လိုပဲဖြစ်ဖြစ် ပစ်ဝင်ရတော့မှာပဲ” ဟု ၎င်းက ဆက်ပြောသည်။
Myanmar Now က အဆက်အသွယ်ရခဲ့သူများထဲတွင် ထိုရွာမှ ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပါဝင်သည်။
စစ်တပ် စီးနင်းမှုတွင် လူလတ်ပိုင်း၊ လူငယ်ပိုင်းသာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီအချိန်ထိ မီးရှို့ပစ်ခတ်နေသည်ကို ရွာအပြင်ဘက်မှ မြင်တွေ့နေရကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။
“သင်တန်းဆင်းပွဲကို ဝိုက်ပြီးတော့ ဘေးပတ်လည်မှချပြီးတော့ ချမဲ့ကောင်တွေကို စောင့်ပေးတယ်။ နောက်ပြီးတော့ ဝေဟင်ကနေပြီး လေကြောင်းကနေ ပစ်ကူတယ်။ ပစ်ကူပြီးတော့ ဆင်းချလာပြီးတော့ ဝင်စီးတယ်ပေါ့” ဟု ၎င်းက ပြောသည်။
ရွာတွင် စစ်သားများ၊ ရဟတ်ယာဉ်များလည်း ရှိနေဆဲဖြစ်၍ လူအသေအပျောက်စာရင်းနှင့် မီးရှို့ခံရသည့် အိမ်အရေအတွက်ကို မခန့်မှန်းနိုင်သေးကြောင်း၊ ပိတ်မိနေသူများ၏ အသက်အန္တရာယ်ကို စိုးရိမ်ရကြောင်း ၎င်းက နေ့လယ်ပိုင်းတွင် ပြောသည်။
“မထင်မှတ်ဘဲနဲ့ ဝင်ပစ်လိုက်တော့ ပြေးချိန်တော့ရတာပေါ့ဗျာ၊ ဒါပေမဲ့ မူကြိုအရွယ်ကလေးတွေဗျ၊ သက်ကြီးရွယ်အိုတွေလည်း ပါတယ်၊ မူကြိုအရွယ်ကလေးတွေ ပိတ်မိနေတယ်ဆိုရင်တော့ ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် ထိုးဖောက်ပြီး ဝင်ကယ်ရမှာပဲဗျ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ ပေါ်ပေါက်နေပြီး မြန်မာပြည်အလယ်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားကောင်းသည့် မကွေးနှင့် စစ်ကိုင်းတိုင်းများရှိ ကျေးရွာများကို စစ်ကောင်စီတပ်များက ကြည်း၊ ရေ၊ လေ သာလွန်အင်အားအသုံးပြုကာ စီးနင်းတိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။
ထိုသို့ ပူးပေါင်းစစ်ဆင်ချိန် ဒေသခံတို့ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ရွာများ မီးရှို့ဖျက်ဆီးခံရခြင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ချက်မရှိပေ။
မီးရှို့မှုများမှာ အကြမ်းဖက်သမားတို့၏လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူက သတင်းဌာနတချို့ကို ပြောဆိုထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)