သတင်း

ရိုက်တာ သတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာပေးဖို့ သမ္မတအား မေတ္တာရပ်ခံမည်

ရန်ကုန်— နိုင်ငံတော်အစိုးရ၏ “လျှို့ဝှက်”စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသဖြင့် အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီး ချမှတ်ခံလိုက်ရသည့် ‘ရိုက်တာ’ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ယောက်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နိုင်ငံတော်သမ္မတထံသို့ မေတ္တာရပ်ခံစာ ပေးပို့မည်ဟု ဦးဆောင်လှုပ်ရှားနေသည့် သတင်းထောက် အချို့က ပြောသည်။

‘ရိုက်တာ’သတင်းဌာန၏ ရန်ကုန်အခြေစိုက်သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင် နှင့် ကိုကျော်စိုးဦးတို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့တွင် ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ကာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေပုဒ်မအရ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြစ်ဒဏ်ချက်မှတ်သည့်အပေါ် ဥပဒေကြောင်းအရ ကာယကံရှင်တို့ဘက်က အယူခံတင်သွင်းသည်နှင့်အပြိုင် လုပ်ငန်းတူသတင်းသမားများကလည်း ၎င်းတို့ကို လွတ်ငြိမ်းချမ်း သာခွင့်ပေးဖို့ သမ္မတထံ မေတ္တာရပ်ခံစာ ပေးပို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထိုမေတ္ထာရပ်ခံစာတွင် အချက် ကိုးချက် ထည့်သွင်းဖော်ပြထားပြီး အဆိုပါမေတ္တာရပ်ခံစာကို မြန်မာနိုင်ငံအနှံ့ သတင်းထောက်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးကွန်ရက် နှင့် ပြည်သူများ၏ ဆန္ဒသဘောတူလက်မှတ်ကို စတင်ကောက်ခံနေသည်ဟု ဦးဆောင်သူအဖွဲ့တွင်ပါသည့် ပြည်မြို့အခြေစိုက် မြေလတ်ဂျာနယ်လစ် ကွန်ရက်အတွင်းရေးမှူး ကိုဆလိုင်းကောင်းမြတ်မင်းက ပြောသည်။

သမ္မတထံပေးစာတွင် နိုင်ငံ့ခေါင်းဆောင်များမှ နိုင်ငံသူ နိုင်ငံသားများအပေါ် မေတ္တာထားကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်များလည်း ရှိခဲ့ကြောင်း၊ ယခင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင်လည်း နိုင်ငံတွင်းမှ သစ်သယံဇာတများခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို ပြစ်ဒဏ်ချမှတ်ပြီး ခုနစ်ရက်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးကြောင်းကိုလည်း ထည့်သွင်းရေးသားထားသည်။

ယခုလို သမ္မတဆီသို့ စာတင်ရခြင်းမှာ ယခင်ကလည်း သတင်းထောက်များ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ဖူးသည့် သာဓကများ ရှိခဲ့ကြောင်း၊ အပြောင်းအလဲဖြစ်ထားသည့် ယခုသမ္မတသည် အမှန်တကယ် ပြည်သူ့ဘက်မှ ရပ်တည်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်မည့်သမ္မတ ဖြစ်သည်ဟုယူဆသောကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမှုကို လေ့လာကြည့်ပါကလည်း ပြည်ထဲရေးက ထောင်ချောက်ဆင် ဖမ်းဆီးကြောင်း ထင်ရှားသဖြင့် သမ္မတဦးဝင်းမြင့်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကိုဆလိုင်းကောင်းမြတ်မင်းက ပြောသည်။

“ကျွန်တော်တို့ ယူဆထားတာ လက်ရှိမှာ ပြည်ထဲရေးနဲ့တရားရေးနဲ့ပေါင်းပြီးတော့ သတင်းထောက်တွေကို နောင်ကြဉ်သွားအောင် (လုပ်လိုက်တယ်လို့မြင်တယ်)” ဟု ၎င်းကပြောသည်။

ပြည်မြို့ရှိ ဗိုလ်ချုပ်ကျောက်ရုပ်တွင် မနက်ဖြန် စက်တင်ဘာလ ၄ ရက်နေ့ မနက် ၁၀ နာရီမှစ၍ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင်ကို ဆန္ဒပြမည်ဖြစ်ပြီး လာရောက်ပါဝင်သူများ၏ ဆန္ဒသဘောထား လက်မှတ်များလည်း တစ်ပါးတည်း ကောက်ယူသွားမည်ဖြစ်ကြောင်း ပြောသည်။

“များများပါနိုင်အောင်လို့ ကြိုးစားပြီးကောက်မယ် တစ်ပတ်ပြည့်တာနဲ့ ရတဲ့လက်မှတ်အရေအတွက်နဲ့ ချက်ချင်းတင်ဖို့ရှိပါတယ်” ဟုပြောသည်။

သမ္မတက ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးပါက သတင်းစာလွတ်လပ်ခွင့်နှင့် ပတ်သက်သည့်လှုပ်ရှားမှုများ ဆက်ဆက်လုပ်ဆောင်သွားမည်ဟု ဆက်လက်ပြောသည်။

ယခုဖြစ်ပျက်ခဲ့သည့်ကိစ္စသည် မြန်မာနိုင်ငံတွင် သတင်းစာလုပ်ငန်း လုပ်ကိုင်နေသူများအားလုံးကို ထိခိုက်နစ်နာကြောင်းနှင့် “ဒါတွေက ကျွန်တော်တို့ကို ခြိမ်းခြောက်နေတယ်လို့ ခံစားရတယ်”ဟု ၎င်းက ပြောသည်။

အဖမ်းခံရခြင်း

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် မနှစ် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် မောင်တောခရိုင် အင်းဒင်ကျေးရွာ၌ မွတ်စလင်အမျိုးသား ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဥပဒေပ သတ်ဖြတ်ခဲ့သည့် ကိစ္စကို စုံစမ်းထောက်လှမ်းနေစဉ်အတွင်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အမှတ် ၃ လမ်းအတိုင်း လျှောက်လာစဉ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာမှ နိုင်ငံတော် လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးက ထုတ်ပြန်သည်။ ကာယကံရှင်နှစ်ဦးကမူ ၎င်းတို့ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သတင်းပေးစရာရှိသဖြင့် လာတွေ့ရန် ထိုမြို့နယ်ရှိ ‘ဆောင်းရိပ်မွန်’ ဘီယာဆိုင်သို့ ချိန်းဆိုပြီး လက်ထဲသို့ စာရွက်လိပ်တစ်လိပ်ကို ထည့်ပေးကာ အိမ်ရောက်မှကြည့်ရန် မှာကြားခဲ့ကြောင်း၊ ထိုဆိုင်မှအထွက်တွင် အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ရုံးတော်သို့ထွက်ဆိုခဲ့သည်။

ထောင်ချောက်ဆင်ခြင်းလား

ထိုသို့ ထိန်းသိမ်းခံရသည့် ဖြစ်ရပ်မှာ ထောင်ချောက်ဆင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ရဲအရာရှိတစ်ဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ထိုသို့ ထွက်ဆိုပြီး မကြာမီ ထိုရဲအရာရှိသည် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်တစ်နှစ် ကျသွားသည်။

အာဏာရပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း ဤအမှုသည် ရိုးသားမှု မရှိဟု ပြောဖူးသည်။

‘‘အဲဒီလို အဖမ်းခံရတာတော့ မကောင်းဘူး။ ကျွန်တော်ထင်တာကတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ” ဟု ဦးဝင်းထိန်က သတင်းသမားတို့ စတင်ထိန်းသိမ်းခံရပြီး ရက်များမကြာမီ တွင် ပြောခဲ့သည်။

အခြား ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း သတင်းစုံစမ်းထောက်လှမ်းနေသော ထိုသတင်းသမားနှစ်ဦး၏ လုပ်ရပ်သည် ပြစ်မှုမြောက်ခြင်းမရှိကြောင်း သတင်းဌာနများကို မှတ်ချက်ပေးသည်။

အစိုးရကမူ ထိုဝေဖန်ချက်များနှင့် ပတ်သက်ပြီး လူသိရှင်ကြား တုံ့ပြန်ခြင်း မရှိပေ။

အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်နှစ်ဦးသည် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်သည့်အတွက် ထိန်းသိမ်းခံရခြင်းဖြစ်သည်ဟု NHK သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တွင် ပြောလိုက်သည်။ သူတို့ အပြစ်ရှိမရှိ ဆိုသည်ကို မိမိတို့ မပြောနိုင်သေးကြောင်း၊ ထိုသို့ ဆုံးဖြတ်ရန်မှာ တရားရုံး၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Show More

Related Articles

Back to top button