သတင်း

PDF သံသယအကျဉ်းသူ၏ ၂ နှစ်သမီး သံတွဲထောင်အတွင်း သေဆုံး

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့သည်ဟု စွပ်စွဲ ထိန်းသိမ်းခံထားရသည့် အမျိုးသမီးတစ်ဦး၏ ၂ နှစ်သမီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၇) ညပိုင်းက ထောင်တွင်း၌ သေဆုံးခဲ့သည်။ 

၂ နှစ်နှင့် ၄ လအရွယ် မရွှေယွန်းအိမ်သည် မွေးရာပါ စအိုပေါက်မပါ၍ ခွဲစိတ်ကုသမှု ခံယူပြီးနောက် သံတွဲထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မိခင်ဖြစ်သူထံ ပို့ဆောင်ထားစဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ထိုမိသားစုနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးထံမှ သိရသည်။

“ဒီမနက် ၆ နာရီလောက်က ကလေးဆုံးတယ်ဆိုပြီးတော့ လာပြီးတော့ ပြောလို့ သိရတာပါ။ ကျန်တာတွေ ကျွန်မလည်း မသိပါ။ ထောင်ထဲမှာ ဆုံးတယ်လို့ ပြောတယ်။ ကလေးကို ရွာမှာပဲ သင်္ဂြိုဟ်တယ်လို့ သိရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

အော့အန်သေဆုံးသည့် ထိုကလေး၏ အလောင်းကို မိသားစုဝင်များက ယနေ့ (ဖေဖော်ဝါရီ ၁၈) နံနက်ပိုင်းတွင် သံတွဲမြို့ပြည်သူ့ဆေးရုံတွင် သွားရောက်ယူဆောင်ခဲ့ရကြောင်း ၎င်းထံမှ သိရသည်။

မိခင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိဖြိုးကျော်ကို စစ်ကောင်စီက PDF ထောက်ပံ့မှုသံသယနှင့် ယမန်နှစ် နိုဝင်ဘာ ၄ ကတည်းက အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထားသည်။

ကလေးသေဆုံးကြောင်းကို နာရေးကူညီမှုအသင်းနှင့် ထောင်ဝန်ထမ်းများမှတစ်ဆင့် ကြားသိခဲ့ရကြောင်း သံတွဲမြို့မှ လူမှုရေးပရဟိတလုပ်ငန်း လုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“အဲဒီကလေးက အအေးများပြီးတော့ ထောင်ထဲမှာဆိုတော့ သိတဲ့အတိုင်းပဲလေ အရမ်းအေးတာ။ အောက် (သမံတလင်း)လည်း အေးတယ်၊ အပေါ်လည်း အေးတယ်။ အေးတဲ့ဒဏ်နဲ့ ချွဲကျပ်တာ၊ ချွဲကျပ်ပြီးတော့ အသက်ရှူမဝဘဲ ဆုံးသွားတဲ့သဘောမျိုးရှိတယ်” ဟု ဆိုသည်။ 

အဆိုပါကလေးမှာ မွေးရာပါအခြေအနေရ ဆီးသွားခြင်းနှင့် အလေးသွားခြင်းတို့အတွက် ဝမ်းဗိုက်တွင် ပိုက်တပ်ထားရသည်ဟု အကြမ်းအားဖြင့် သိထားကြောင်း ဆက်ပြောသည်။

“ဥပမာ အမိက ကလေးနဲ့ အတူနေချင်လို့ ခေါ်တာလား။ ကလေးကို အမိနဲ့ထားမှ အဆင်ပြေမယ်ဆိုတဲ့ အတွက်ကြောင့်မို့ ခေါ်ထားတာလား။ ကျွန်မတို့မသိဘူးပေါ့” ဟု အထက်ပါအမျိုးသမီးက မှတ်ချက်ပြုသည်။

“ကျန်းမာရေးမကောင်းတဲ့ ကလေးလေးတစ်ယောက်ကို ဘာဖြစ်လို့ ထောင်ထဲလိုနေရာမျိုးမှာ ဘာဖြစ်လို့ ခေါ်ထားရတာလဲ။ ကျွန်မအနေနဲ့ မခေါ်ထားသင့်ဘူးလို့ ထင်ပါတယ်။ ထောင်ဆိုတဲ့ အရပ်က ဒီကလေးလေးဟာ သူရှင်သန်ပြီး ကြီးပြင်းလာရင်တောင်မှ ထောင်ထဲမှာ ရောက်ခဲ့တယ်ဆိုတာမျိုး မဖြစ်သင့်ဘူး” 

ကလေးငယ်ကို မိခင်ထံ မည်သည့်အတွက်ကြောင့် ပို့ဆောင်ထားခဲ့ကြောင်း အသေးစိတ် မသိရှိရသေးသလို မိသားစုဝင်များကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

ကလေး၏ အဖိုးဖြစ်သူ ဦးကျော်လွင်က ထောင်အတွင်းရှိနေသည့် ကလေးမိခင်နှင့် တွေ့ခွင့်မရသေးကြောင်း ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနသို့ ပြောဆိုထားသည်။

ယမန်နှစ် နိုဝင်ဘာ ၃ တွင် ဒေါ်ငြိမ်းအိဖြိုးကျော်အပါအဝင် ဆယ်တန်းကျောင်းသူ ၁၇ နှစ်အရွယ် မသိမ့်အေးထွန်းနှင့် ၂၈ နှစ်အရွယ် ဒေါ်တင်စန္ဒာဝင်း စသည့် အမျိုးသမီး ၃ ဦးတို့သည် PDF ကို ငွေကြေးထောက်ပံ့သည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသည်။ 

ရခိုင်တောင်ပိုင်း သံတွဲဒေသသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အားကောင်းသည့်ဒေသဖြစ်သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ မရှိသလောက်ဖြစ်နေသည်။ 

သို့သော်လည်း စစ်ကောင်စီက ယမန်နှစ် အောက်တိုဘာလမှစ၍ ရခိုင်ပြည်နယ်မှ ၈ ဦးခန့်ကို PDF နှင့် ဆက်စပ်သည်ဟု ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနှင့် အမှုဖွင့်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

Show More

Related Articles

Back to top button