
လွန်ခဲ့သည့် သုံးနှစ်က သွေးကင်ဆာရောဂါဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ဆေးသွားကုသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို လာဘ်ငွေပေးရသည်ဟု မူးယစ်မှုဖြင့် ထောင်ကျဖူးသည့် စီးပွားရေးသမား မောင်ဝိတ်က စွပ်စွဲထားသည်။
စစ်အာဏာရှင်အသိုင်းအဝိုင်းနှင့် ခေတ်အဆက်ဆက်ရင်းနှီးခဲ့သည့် မောင်ဝိတ်က ၂၀၁၉ ခုနှစ်အတွင်း ဒေါက်တာဇော်မြင့်မောင် ဘန်ကောက်သို့ ဆေးကုသွားစဉ် ဒေါ်လာ ၁ သိန်း၊ မန္တလေးသို့ ပြန်ရောက်စဉ် ကျပ်သိန်း ၆၅၀ ပေးရသည်ဟု စွပ်စွဲသည်။ စစ်ကောင်စီကလည်း ထိုအချက်ကို အခြေခံ၍ အမှုနှစ်ခုခွဲ၍ ဖွင့်သည်။
ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ တပ်ထားသည့် ထိုနှစ်မှုကို ၂၀၂၁ ဒီဇင်ဘာလမှစ၍ မန္တလေးအိုးဘိုထောင်အတွင်းရှိ တရားခွင်တွင် တိုင်းတရားသူကြီး ဦးခင်မောင်ထွန်းက စစ်ဆေးနေသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၈) တရားခွင်သို့ စွပ်စွဲသူ မောင်ဝိတ်က စစ်ကောင်စီဘက်မှ သက်သေအဖြစ် လာရောက်သော်လည်း မန္တလေးတိုင်းဝန်ကြီးချုပ်ကို ကိုယ်တိုင်ငွေပေးခဲ့ခြင်းမဟုတ်ဟု ထွက်ဆိုခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
လူရည်သန့်ပုံစံမြင်ရလေ့ရှိသည့် မောင်ဝိတ်မှာ ယနေ့တရားခွင်သို့ မုတ်ဆိတ်ရှည်၊ ယောဂီအင်္ကျီဖြင့် ရောက်လာပြီး တရားရုံးမှ ပြန်အထွက်တွင် ဒေါက်တာဇော်မြင့်မောင်ကို အတင်းထိုင်ကန်တော့သည်ဟု ၎င်းက ပြောသည်။
သို့သော် ဒေါက်တာဇော်မြင့်မောင်က လက်မခံဘဲ “ကျမ်းဆိုတာ စူးတတ်တယ်၊ သံသရာအထိခံရမှာ ကိုယ့်လူ”ဟု သတိပေးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီဘက်မှ သက်သေ ၅ ဦး၊ ၆ ဦး စစ်ဆေးပြီးသည့် ထိုအမှုနှစ်ခုတွင် စွပ်စွဲသူ မောင်ဝိတ်အပါအဝင် မည်သူကမျှ ဒေါက်တာဇော်မြင့်မောင်ကို ငွေပေးသည်ဟု သက်သေအခိုင်အမာထွက်ဆိုနိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
“တကယ်လည်း ဆရာ့ကို ဘယ်သူမှ ကိုယ်တိုင်ပေးခဲ့တာ လုံးဝမရှိသလို လုံးဝလည်းမယူခဲ့ပါဘူး။ တရားရုံးမှာလည်း စွပ်စွဲတဲ့အတိုင်း ဘယ်သူမှ မထွက်ဆိုနိုင်ကြပါဘူး။ ဆေးကုစရိတ်ကို ဆရာ့သားအကြီးနဲ့ NLD ကျန်းမာရေးကွန်ရက်က ကုန်ကျခံကုသတာပါ” ဟု အထက်ပါ တရားရုံးနှင့် နီးစပ်သူက ပြောသည်။
စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အလားတူစွပ်စွဲဖူးပြီး ၎င်း၏ ပြောဆိုချက်ကို အာဏာသိမ်းပြီး ၁ လအကြာ ၂၀၂၁ မတ်လတွင် စစ်ကောင်စီက ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ဖူးသည်။
၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင် တွေ့ဆုံရာ၌ စက္ကူအိတ်အတွင်း ဒေါ်လာများထည့်၍ ပေးအပ်ခဲ့ဖူးကြောင်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ သိန်းခွဲရှိကြောင်း မောင်ဝိတ်က ပြောထားသည်။
“အဲဒီလိုပေးတဲ့အချိန်တွေမှာ အနားမှာ ဘယ်သူမှမရှိပါဘူး” ဟု ထိုရုပ်သံတွင် မောင်ဝိတ်က ပြောခဲ့သလို စစ်ကောင်စီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိုကိစ္စဖြင့် အဂတိပုဒ်မတပ် အမှုဖွင့်သည်ကို မတွေ့ရသေးပေ။
မောင်ဝိတ်သည် ယခင်စစ်အစိုးရလက်ထက်တွင် အာဏာရှိ ဗိုလ်ချုပ်အချို့နှင့် ရင်းနှီးကျွမ်းဝင်ပတ်သက်ခဲ့သည့်ပြင် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်နှင့် နီးစပ်ခဲ့သူဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင် ၁၅ နှစ်ချခံခဲ့ရပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် မောင်ဝိတ် ပြန်လွတ်သည်။
မောင်ဝိတ်မှာ NLD အစိုးရအကြီးအကဲများကို ဖမ်းသည့် စစ်ကောင်စီကို အာဏာလွှဲပေးခဲ့သော ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ တူမနှင့် အိမ်ထောင်ဖက်ဖြစ်သည်။ ထောင်မှ ထွက်ထွက်ချင်း ဆောက်လုပ်ရေးကုမ္ပဏီတည်ထောင်ကာ အဆက်အသွယ် ဗိုလ်ချုပ်ဟောင်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည်ကို တွေ့ရသည်။
ဒေါက်တာဇော်မြင့်မောင်ကို မောင်ဝိတ်ကဲ့သို့ အလားတူစွပ်စွဲထားသည့် ဖွံ့ဖြိုးသစ်ကုမ္ပဏီမှ ဦးရဲမြင့်ဆိုသူ၏ ထွက်ဆိုချက်ဖြင့် အဂတိတစ်မှု၊ မြင်းခြံနှင့် ပြင်ဦးလွင် NLD ရုံးများ တည်ဆောက်ရာတွင် အဂတိမကင်းဆောင်ရွက်သည်ဆိုကာ နှစ်မှု၊ စုစုပေါင်း အဂတိပုဒ်မ ၅ ခုဖြင့် စစ်ကောင်စီက စွပ်စွဲထားသည်။
NLD ဒုတိယဥက္ကဋ္ဌဖြစ်သူ အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းပြီး တစ်နှစ်အတွင်း ပုဒ်မ ၃ ခုဖြင့် ထောင်လေးနှစ်ချပြီးဖြစ်သည်။
ထို့အတူ NLD အပြတ်အသတ် ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဆိုကာ ထောင် ၁ နှစ်ချနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၁၇၁ (စ)၊ ထောင် ၃ နှစ်ချနိုင်သည့် ပုဒ်မ ၁၃ဝ (က) ဖြင့်လည်း စစ်ကောင်စီက တရားစွဲထားသည်။
လက်ရှိတွင် ကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ ပုံမှန်ရှိနေသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)