နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအရ အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခံလိုက်ရသည့် ‘ရိုက်တာ’သတင်းထောက်နှစ်ဦး အမှုကိုစစ်ဆေးနေစဉ်တုန်းက ဂျပန်သတင်း ဌာန NHK နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့နှစ်ဦးအပေါ် ပေးသည့် မှတ်ချက်ကြောင့် အလွန် “စိတ်မကောင်း၊ ဝမ်းနည်း”ရသည်ဟု သတင်းထောက်တစ်ဦးဖြစ်သူ ကိုဝလုံး၏ ဇနီး မပန်းအိမွန်က ပြောသည်။
‘ရိုက်တာ’သတင်းထောက်နှစ်ဦး ထောင်ဒဏ် ခုနစ်နှစ်စီ အပြစ်ပေးခံရခြင်းနှင့် ပတ်သက်ပြီး ယနေ့ညနေပိုင်းက ရန်ကုန်မြို့ အောခစ်ဟိုတယ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။
ဇွန်လ ၈ ရက်နေ့က ဖော်ပြခဲ့သည့် NHK ရုပ်သံသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် NHK သတင်းထောက်က ‘ရိုက်တာ’သတင်းထောက်နှစ်ဦး ရခိုင်ပြည်နယ် အရေးအခင်း ကိစ္စ သတင်းလိုက်ရင်း ဖမ်းဆီးခံရသည့် ဖြစ်စဉ်အပေါ် နိုင်ငံတကာ၏ဝေဖန်မှုများကို မည်သို့ တုံ့ပြန်ချင်သလဲဟု မေးသည့်အခါ ၎င်းက သတင်းထောက်နှစ်ယောက်သည် “ရခိုင်ကိစ္စကို သတင်းယူလို့ အဖမ်းခံရတာမဟုတ်ပါဘူး။ သူတို့ဟာ နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေကို ချိုးဖောက်လို့ အဖမ်းခံခဲ့ရတာပါ” ဖြေကြားခဲ့ခြင်းဖြစ်သည်။
“(ဒေါ်အောင်ဆန်းစုကြည်က) အဲဒီလိုမျိုးဖြေလိုက်တဲ့အခါမှာ တော်တော်ကို စိတ်လည်းမကောင်းဘူး။ ဝမ်းလည်းနည်းတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အစ်မတို့ အရမ်းကို အထင်ကြီး လေးစားခဲ့ရတဲ့ပုဂ္ဂိုလ်။ ဘယ်လောက်ထိ ကိုယ်တွေက သူ့အပေါ်မှာ အထင်ကြီးလေးစားသလဲဆိုရင် သူအင်္ဂလိပ်လို မိန့်ခွန်းတွေပြောတာပေါ့နော် … အမှန်အတိုင်း ပြောရင် ကိုယ်တွေက အင်္ဂလိပ်လို အကုန်လုံး နားမလည်ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ခေါင်းဆောင်တစ်ယောက်က အင်္ဂလိပ်လိုပြောနေတာပါလားဆိုတဲ့အသိနဲ့ ရောက်ရာနေရာမှာ တက္ကစီနဲ့ သွားရင် ကားပေါ်မှာ ဖွင့်နားထောင်တယ် အိမ်မှာဆိုရင် တီဗီဖွင့်နားထောင်တယ်။ အဲလောက်ကြီးထိ သူ့အပေါ်မှာ ကိုယ်တွေက ချစ်ခင်လေးစားခဲ့တာ ပေါ့နော်။… သူတို့နှစ်ယောက် သတင်း(လိုက်လို့အဖမ်းခံရတာ) မဟုတ်ဘူး၊ လျှို့ဝှက်ချက်ကို ဖောက်ဖျက် (လို့အဖမ်းခံရ)တယ်ဆိုတဲ့အခါကျတော့ ရင်ထဲမှာ တော်တော် စိတ်မကောင်း ဝမ်းနည်းတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ခေါင်းဆောင်တစ်ယောက်က သေချာ သူတို့အကြောင်းကို မသိပါလား၊ မောင်ဝလုံးရော အစ်မတို့မိသားစုဝင်တွေရော သူ့အပေါ်မှာအရမ်းကို လေးစားအထင်ကြီးခဲ့မိတဲ့ အခါကျတော့ ကိုယ်အထင်ကြီး လေးစားရတဲ့သူက ကိုယ့်ပေါ်မှာအမြင်လွဲနေတဲ့အတွက် အရမ်းဝမ်းနည်းပါတယ်”ဟု ရှင်းလင်းပွဲတွင် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါမှတ်ချက်သည် ပြောကြားစဉ်ကတည်းက ဂယက်ရိုက်ခတ်မှုရှိခဲ့ပြီး ထို မှတ်ချက်သည် တရားရုံးက အမှုကိုစစ်ဆေးမပြီးမီ အပြစ်ရှိသည်ဟု ကြိုတင် နိမိတ်ဖတ်ပြောကြားသကဲ့သို့ ဖြစ်နေသဖြင့် အတော်လေး ဝေဖန်ခံခဲ့ရသည်။ သတင်းထောက်နှစ်ဦးကို တရားရုံးက အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်ရာ တွင်လည်း တရားသူကြီးအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်စကား၏ လွှမ်းမိုးမှု ရှိများ ရှိလေမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
ကျန် NLD တီခေါင်းဆောင်များ၏ အမြင်ကွဲလွဲ
ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ လူသိထင်ရှား ထိုသတင်းထောက်နှစ်ယောက်အပေါ် မှတ်ချက်ပြုဖူးသော်လည်း အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျန်ထိပ်တန်းခေါင်းဆောင် ပိုင်းကမူ သတင်းထောက်နှစ်ယောက် အပြစ်မရှိဟု ထင်မြင်ချက်ပေးဖူးသည်။
အာဏာရပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း ဤအမှုသည် ရိုးသားမှု မရှိဟု ပြောဖူးသည်။
“အဲဒီလို အဖမ်းခံရတာတော့ မကောင်းဘူး။ ကျွန်တော်ထင်တာကတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ”ဟု ဦးဝင်းထိန်က သတင်းသမားတို့ စတင်ထိန်းသိမ်းခံရပြီး ရက်များမကြာမီ တွင် ပြောခဲ့သည်။
အခြား ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း သတင်းစုံစမ်းထောက်လှမ်းနေသော ထိုသတင်းသမားနှစ်ဦး၏ လုပ်ရပ်သည် ပြစ်မှုမြောက်ခြင်းမရှိကြောင်း သတင်းဌာနများကို မှတ်ချက်ပေးသည်။
အစိုးရကမူ ထိုဝေဖန်ချက်များနှင့် ပတ်သက်ပြီး လူသိရှင်ကြား တုံ့ပြန်ခြင်း မရှိပေ။
အဖမ်းခံရခြင်း
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် မောင်တော ခရိုင် အင်းဒင်ကျေးရွာ၌ မွတ်စလင်အမျိုးသား ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေပ သတ်ဖြတ်ခဲ့သည့် ကိစ္စကို စုံစမ်းထောက်လှမ်းနေစဉ်အတွင်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက အဖမ်းခံခဲ့ရ ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် အမှတ် ၃ လမ်းအတိုင်း လျှောက်လာစဉ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာမှ နိုင်ငံတော် လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးက ထုတ်ပြန်သည်။ ကာယကံရှင်နှစ်ဦးကမူ ၎င်းတို့ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သတင်းပေးစရာရှိသဖြင့် လာတွေ့ရန် ထိုမြို့နယ်ရှိ ‘ဆောင်းရိပ်မွန်’ ဘီယာဆိုင်သို့ ချိန်းဆိုပြီး လက်ထဲသို့ စာရွက်လိပ်တစ်လိပ်ကို ထည့်ပေးကာ အိမ်ရောက်မှကြည့်ရန် မှာကြားခဲ့ကြောင်း၊ ထိုဆိုင်မှအထွက်တွင် အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရုံးတော်သို့ထွက်ဆိုခဲ့သည်။
ထောင်ချောက်ဆင်ခြင်းလား
ထိုသို့ ထိန်းသိမ်းခံရသည့် ဖြစ်ရပ်မှာ ထောင်ချောက်ဆင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ရဲအရာရှိတစ်ဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ထိုသို့ ထွက်ဆိုပြီး မကြာမီ ထိုရဲအရာရှိ သည် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်တစ်နှစ်ကျသွားသည်။ ၎င်း၏မိသားစုကိုလည်း ရဲဝန်ထမ်းလိုင်းခန်းမှ အတင်းဆင်းခိုင်းခဲ့သည်။
ထိုသို့ ဖော်ကောင်လုပ်သည့် ရဲအရာရှိ ဒုရဲမှူးမိုးရန်နိုင်၏ထွက်ချက်ကို မယုံကြည်ရသော သက်သေအဖြစ် သတ်မှတ်ပေးပါရန် တရားလို ရဲတပ်ဖွဲ့ဘက်က တရားရုံးသို့ တင်ပြသော်လည်း ပယ်ချခံခဲ့ရသည်။
ထူးဆန်းသည်မှာ ဒုရဲမှူးမိုးရန်နိုင်နှင့်အတူ ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူခံရသည်ဟု ဆိုသော ရဲတပ်ကြပ်ကြီးတစ်ဦးကိုမူ တရားလိုပြသက်သေအဖြစ် လုံးဝ တင်သွင်းခြင်း မရှိသလို မည်သည့်နေရာတွင် ရှိနေမှန်းလည်း မသိရဘဲ သတင်းအစအနပျောက်နေခြင်းဖြစ်သည်။
—————————
ဓာတ်ပုံများ – Reuters နှင့် Myanmar Now/Kay Zon Nway