အာဆီယံအထူးကိုယ်စားလှယ်နှင့် သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ခွင့်မရခြင်းကြောင့် မြန်မာ့အရေးဖြေရှင်းရန် လမ်းပိတ်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်။
အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်သွားရောက်ရာတွင် ထိန်းသိမ်းခံနေရသည့် ခေါင်းဆောင်များနှင့် တွေ့နိုင်ရန် အာဆီယံနိုင်ငံခေါင်းဆောင်များက မျှော်လင့်ခဲ့ကြသည်၊ သို့သော်လည်း ထိုသို့ တွေ့ဆုံရန် စစ်ကောင်စီက လက်မခံခဲ့သဖြင့် လုပ်ငန်းစဉ်ရပ်သွားခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ Prak Sokhonn က ပြောသည်။
ဖေဖော်ဝါရီ ၁၇ ရက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခြင်းဖြစ်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာနိုင်ငံ၏ အကျပ်အတည်းပြေလည်မည့် နည်းလမ်းများဖြင့် ကြိုးစားခဲ့သည်ဟု သူက ဆိုသည်။
“ကျွန်တော်တို့ ဝန်ကြီးချုပ်က နောက်ထပ်နည်းလမ်းတစ်ခုနဲ့ ချဉ်းကပ်ဖို့ ကြိုးစားပါတယ်။ နေပြည်တော်ကလူတွေ ပါဝင်နိုင်တဲ့ နည်းလမ်းမျိုးနဲ့ပေါ့၊ ပိတ်နေတဲ့လမ်းကို ပွင့်သွားဖို့ နောက်တစ်နည်းနဲ့ ကြိုးစားပါတယ်” ဟု Prak Sokhonn က ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့စကားပြောနိုင်မည်လားဟူသည့် မေးခွန်းကိုမူ စစ်ကောင်စီက NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းကြောင့် လက်တွေ့တွင် မဖြစ်နိုင်ဟု သူက ဆိုသည်။ သို့သော် အာဆီယံအထူးကိုယ်စားလှယ်မှတစ်ဆင့် အားလုံးပါဝင်သော ဆွေးနွေးမှုများဖြစ်လာနိုင်ရန် ကြိုးစားရမည်ဟုလည်း သူက ပြောသွားသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မတ်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် Prak Sokhonn ခရီးစဉ်ကို ကြိုဆိုလိုက်သည်။ အဆိုပါ ခရီးစဉ်အတွင်း NUG အပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံနိုင်ရန် တောင်းဆိုကြောင်းလည်း Saifuddin Abdullah က သူ၏ Facebook တွင် ရေးသားထားသည်။
အာဆီယံအထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံး တွေ့ဆုံနိုင်ရန် အချက်အပါအဝင် အကြမ်းဖက်မှုရပ်ရန်၊ ငြိမ်းချမ်းစွာအဖြေရှာရန် စသည့် အာဆီယံဘုံသဘောတူညီချက်ကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ချမှတ်ခဲ့သည်။ သို့သော် ထိုအချက်များ အကောင်အထည်မပေါ်ဘဲ ဖြစ်နေရာ Prak Sokhonn က လမ်းပိတ်နေကြောင်း ပြောဆိုခြင်းဖြစ်သည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း အာဆီယံဘုံသဘောတူညီချက်များ လိုက်နာရန် ယခုလ ပထမပတ်က နေပြည်တော်သို့ ကိုယ်တိုင်လာရောက် နားချခဲ့သေးသည်။ သို့သော် နားချမှုရလဒ် အကောင်အထည်မပေါ်လာခဲ့ဘဲ သူ့လုပ်ဆောင်ချက် မအောင်မြင်ခဲ့သည်ကို “နွားကမဆွဲဘဲ ထွန်က ဘယ်လိုရွေ့မလဲ” ဟု ဟွန်ဆန်က ရည်ညွှန်းပြောခဲ့သည်ဟု RFA (လွတ်လပ်တဲ့ အာရှအသံ) သတင်းတစ်ပုဒ်တွင် ရေးထားသည်။
ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌ လက်ကျန်သက်တမ်း ၁၀ လ ကျော် ကျန်ရှိနေသေးသော်လည်း မြန်မာ့အရေးနှင့် ပတ်သက်၍ နောက်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးရန် သူက ယခုကတည်းက စဉ်းစားနေပြီဖြစ်သည်။
“မြန်မာ့အရေးဖြေရှင်းဖို့ သိပ်ပြီးခက်ခဲနေရင် နောက်လာမဲ့ အာဆီယံဥက္ကဋ္ဌသစ်က မြန်မာနိုင်ငံပြဿနာကို ဆက်ပြီး ဖြေရှင်းပါလိမ့်မယ်” ဟု သူက တံတားဖွင့်ပွဲတစ်ခုတွင် ပြောသည်ဟု ဆိုသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလအတွင်း ကျင်းပရန် စီစဉ်ခဲ့သော်လည်း စစ်ကောင်စီခန့် ဝန်ကြီးကို ဖိတ်ကြားမည်ဆိုခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲကာ ပွဲပျက်ခဲ့သေးသည်။
အာဆီယံနိုင်ငံများအပါအဝင် အနောက်နိုင်ငံများက အစဉ်တစိုက်တောင်းဆိုနေသည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ညှိနှိုင်းဆွေးနွေးရန်၊ အာဆီယံအထူးသံတမန်ခန့်အပ်ပြီး ကြားဝင်ဆောင်ရွက်ရန်၊ AHA Centre (သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး) က လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်၊ အာဆီယံအထူးသံတမန်နှင့်အဖွဲ့က မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံးကို တွေ့ဆုံရန်တို့ ပါဝင်သည်။
အာဆီယံ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ တိုင်းပြည်အခြေအနေ တည်ငြိမ်းအေးချမ်းမှသာ စဉ်းစားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်တွင် စစ်ကောင်စီက သဘောထားထုတ်ပြန်ထားသည်။
ယခုပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဋ္ဌတာဝန်ယူပြီးနောက် ပထမဆုံးဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ စစ်ကောင်စီခန့် ဝန်ကြီးကို အာဆီယံဥက္ကဋ္ဌက မဖိတ်သကဲ့သို့ စစ်ကောင်စီကလည်း “မြန်မာနိုင်ငံက “မူ”အရ လက်မခံနိုင်သော ယခင်ဆုံးဖြတ်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ ရပ်တည်ချက်ကြောင့်” အစည်းအဝေးမတက်ဟု ကောင်စီ၏ ဝါဒဖြန့်သတင်းစာ အာဘော်က တုံ့ပြန်ထားသည်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုကို နှိပ်ကွပ်ခဲ့သည့် ယခင်အာဏာသိမ်းစစ်အစိုးရကလည်း အာဆီယံကို အသုံးချကာ အချိန်ဆွဲပြီး စစ်တပ်အာဏာကြီးသည့် အစိုးရ ပေါ်ပေါက်လာစေရန် ကြိုးပမ်းခဲ့သည်။
ယခု အာဏာသိမ်းစစ်ကောင်စီ စိတ်ပြောင်းစေရန် အာဆီယံ၏ ကြိုးပမ်းချက်ကို အာဏာသိမ်းမှု ဆန့်ကျင်သူတို့က မျှော်လင့်၊ အားကိုးခြင်း သိသိသာသာ မရှိကြပေ။
ဤအတောအတွင်း နိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်သူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် နည်းမျိုးစုံဖြင့် ပါဝင်နေသူများရှိသလို လက်နက်ကိုင်ခုခံသူများလည်း ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)