သတင်း

အင်းစိန်ထောင်တွင် နိုင်ကျဉ်းများ ဆေးကုခွင့် အခြေအနေ လွန်စွာဆိုးရွားနေ

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်သို့ ဒဏ်ရာဗရပွဖြင့် ရောက်လာသည့် နိုင်ငံရေးပုဒ်မတပ်ခံရသူများ လုံလောက်သည့် ဆေးကုသခွင့်နှင့် ဆေးဝါးမရ၍ ပြင်ပသို့ အကူအညီတောင်းခံထားသည်ဟု တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းများကွန်ရက် ဦးဆောင်သူ ကိုနန်းလင်းက ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ရိုက်နှက်၊ ပစ်ခတ်၊ ကားဖြင့်တိုက်၍ ဖမ်းဆီးခံရသူများ၊ စစ်ကြောရေးတွင် ဒဏ်ရာပြင်းထန်စွာရလာသူများ ထောင်သို့ ရောက်ချိန်တွင် လုံလောက်သည့် ဆေးကုသခွင့်မရ၍ အသက်အန္တရာယ် စိုးရိမ်ရသူတို့ပင်ရှိကြောင်း ၎င်းက ပြောသည်။

အင်းစိန်ထောင်အတွင်းမှ အကူအညီတောင်းခံထားသည့် နှစ်မျက်နှာပါ စာတစ်စောင်ကို တကသကျောင်းသားဟောင်းများကွန်ရက်၏ Facebook တွင်လည်း ဖေဖော်ဝါရီ ၁၇ ရက်က ဖော်ပြထားသည်။

“ဒီစာကို ရေးတဲ့သူက လုံခြုံရေးအရ ထုတ်မပြောနိုင်ပေမဲ့ ယုံကြည်ရတဲ့ နိုင်ငံရေးအကျဉ်းသားပါ” ဟု ကိုနန်းလင်းက ပြောသည်။

စစ်တပ်က ကားဖြင့် တိုက်၍ ဖမ်းခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြမှုဖြစ်စဉ်တွင် ဖမ်းခံရပြီးနောက် စစ်ကြောရေးတွင် ဦးခေါင်းဒဏ်ရာ ရကာ ခေါင်းကိုက်၊ နှာခေါင်းသွေးလျှံနေသူတစ်ဦး ဆေးကုသခွင့်မရဟု အဆိုပါစာတွင် ဖော်ပြထားသည်။

စစ်ကြောရေးတွင် နှိပ်စက်ခံရ၍ အာရုံကြောထိသွားပြီး မကြာခဏ သတိလစ်မေ့မြောနေသူကို လုံလောက်သည့် ကုသမှုမပေးကြောင်း၊ လေဖြန်းထား၍ ပြင်ပဆေးရုံတွင် ဆေးကုခွင့်တင်ပြသော်လည်း မရသူရှိကြောင်း ထည့်သွင်းရေးသားထားသည်။ အသေးစိတ်များမှာမူ မပါဝင်ပေ။

အင်းစိန်ထောင်တွင်းမှ ပြင်ပသို့ ပို့လာသည့်စာ။ ဓာတ်ပုံ−ပေးပို့

“ဆေးကုသခွင့်မရှိတာတွေ အရင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ကြားပါတယ်။ ဒီစာကတော့ အင်းစိန်အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေ လက်ရှိဘယ်လိုရင်ဆိုင်နေရလဲဆိုတာ သက်သေအထောက်အထားပါပဲ” ဟု ကိုနန်းလင်းက ပြောသည်။

“သူတို့က လောလောဆယ် တစ်ခုခုမဖြစ်သေးပေမဲ့ နောက်ဆက်တွဲ သေရာပါရောဂါတစ်ခုမဟုတ်တစ်ခု ဖြစ်သွားနိုင်တဲ့အခြေအနေနဲ့ အသက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ရဲဘော်တွေ အများကြီးဖြစ်နေပါတယ်” 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင် သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက် ဖမ်းဆီးသည့် စစ်ကောင်စီ၏ လုပ်ရပ်များအတွင်း ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ယမန်နှစ် ဒီဇင်ဘာ ၅ ရက်ဖြစ်စဉ်မှာ ထင်ရှားသည်။

ဆန္ဒပြသူတို့အနားရောက်မှ စစ်ကားကို အရှိန်မြှင့်မောင်း၍ ဝင်တိုက်ကာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့သည့် ထိုဖြစ်စဉ်တွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၁၀ ဦး ဖမ်းခံခဲ့ရသည်။

ထိုဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ မမြကြူကြူသင်းမှာ ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရထားသော်လည်း စစ်ကြောရေးတွင် နှစ်ပတ်ခန့် နေခဲ့ရသလို အင်းစိန်ထောင်သို့ ရောက်ချိန်တွင်လည်း ထိရောက်သည့် ဆေးကုသမှုမရဟု သူ၏ ရှေ့နေ ဦးသက်နောင်က အတည်ပြုသည်။

“ပြီးခဲ့တဲ့ရုံးချိန်းထွက်လာတဲ့အချိန်ထိတော့ သူ ထောင်ဆေးရုံမှာ ထပ်ပြီး တက်ကုနေရတယ်ဆိုတာ သိရတယ်၊ ဒါပေမဲ့ ဆေးဝါးကုသမှုနဲ့ ပတ်သက်လို့တော့ အပြည့်အစုံမရရှိသေးဘူးလို့ သိရတယ်” ဟု ၎င်းက ပြောသည်။

မမြကြူကြူသင်းကို ဆူပူစေရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ − က ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်။

အလားတူပင် ထောင်ဒဏ် ၂ နှစ် ၁လ ချမှတ်ခံထားရပြီး ထောင်တွင်း နှိပ်စက်ခံရ၍ ပြင်းထန်စွာ ဒဏ်ရာရထားသူ ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးသည်လည်း ဆေးကုသခွင့်မရဟု ၎င်း၏ ရှေ့နေက ပြောသည်။

ထို့အတူ ၂၀၂၁ ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ်အသံတိတ်သပိတ်နေ့တွင် အင်းစိန်ထောင်အတွင်းမှ ပါဝင်၍ ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများလည်း အလားတူကြုံနေရသည်ဟု ထိုအမှုများကို လိုက်ပါဆောင်ရွက်နေသည့် အထက်ပါ ရှေ့နေက ဆက်ပြောသည်။

“ဆေးကုသခွင့်က လုံးဝ တောက်လျှောက်မရတာဗျ။ (ထောင်တွင်းရုံးချိန်း) အပြင်ထွက်လာမှ ဆေးလူးပေးရတာမျိုးတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်အတွင်း ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်၍ သေဆုံးရသူ ၂၃၉ ဦးရှိပြီး ထိုစာရင်းမှ ၉၁ ဦးမှာ စစ်ကြောရေးစခန်းများတွင် အသတ်ခံရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စုစည်းထားသော စာရင်းအရ သိရသည်။ 

AAPP ကို တရားမဝင်၊ စာရင်းများချဲ့ကားလွန်းသည်ဟု ပြောလေ့ရှိသည့် စစ်ကောင်စီထံမှမူ မှတ်ချက်မရသေးပေ။

ထိုသို့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ ဆေးကုသခွင့်မရမှုများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ ဆက်သွယ်အကူအညီတောင်းရန် စီစဉ်နေသော်လည်း ထိုအဖွဲ့အစည်းတို့၏ ကူညီဆောင်ရွက်နိုင်စွမ်းကို အားမရဟု ကိုနန်းလင်းက ပြောသည်။

“သူတို့မှာ လုပ်ထုံးလုပ်နည်းအခက်အခဲတွေ ဘယ်လိုရှိနေနေ အထဲက ကျွန်တော်တို့ရဲဘော်တွေက အခြေအနေဆိုးတွေနဲ့ ကြုံနေရတယ်။ စစ်ကြောရေးမှာ သေတယ်၊ ထောင်ထဲမှာ သေတဲ့သူတွေရှိလာတယ်၊ ဒါက မျက်မြင်ပဲ” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button