သတင်း

တယ်လီနောမြန်မာ အချက်အလက်များလွှဲပေးခြင်း မတားနိုင်ဟု နော်ဝေအစိုးရပြော 

မြန်မာစစ်တပ်ကို တယ်လီနောမြန်မာ အသုံးပြုသူများနှင့်ဆိုင်သည့် အချက်အလက်များ လွှဲပြောင်းပေးခြင်းကို မတားဆီးနိုင်ကြောင်း နော်ဝေအစိုးရအဖွဲ့မှ စက်မှုဝန်ကြီးက ယမန်နေ့ (ဖေဖော်ဝါရီ ၁၆) လွှတ်တော်၌ ပြောကြားသည်။

တယ်လီနောမြန်မာရောင်းချရာ၌ ကွန်ရက်အသုံးပြုသူ ၁၈ သန်းကျော်နှင့်ဆိုင်သည့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရချိန်တွင် နော်ဝေအစိုးရအဖွဲ့က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တယ်လီကွန်းကုမ္ပဏီပိုင်ရှင်အနေနဲ့ စစ်အစိုးရလက်ထဲ အချက်အလက်တွေ ရောက်သွားတာမျိုးကို မတားဆီးနိုင်ပါဘူး” ဟု စက်မှုဝန်ကြီး Jan Christian Vestre က နော်ဝေလွှတ်တော်၌ ပြောကြားသည်ဟု Reuters သတင်းဌာနက ရေးသားသည်။​

နော်ဝေအစိုးရမှာ တယ်လီနောကုမ္ပဏီ၌ ရှယ်ယာအများစု ပိုင်ဆိုင်ထားပြီး စက်မှုဝန်ကြီးဌာနသည်လည်း ထိုနိုင်ငံပိုင်ရှယ်ယာများနှင့် ပတ်သက်၍ တာဝန်ရှိသူဖြစ်သည်။ 

ပြီးခဲ့သည့်နှစ်တွင် ပေါ်ပေါက်ခဲ့သော စစ်အာဏာသိမ်းမှုကြောင့် တယ်လီနောအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းခဲ့ပြီး စောင့်ကြည့်ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ရန် စစ်အုပ်စု၏ အဆက်မပြတ်ဖိအားပေးမှုနှင့်အတူ ဥရောပသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုကို ရှောင်ရှားနိုင်ရန် ကုမ္ပဏီကို ရောင်းချခြင်းဖြစ်ကြောင်း Reuters သတင်းက ဆိုသည်။

တယ်လီနောအနေဖြင့် ပိုင်ရှင်သစ်ထံ လွှဲပြောင်းရောင်းချခြင်း မပြုမီ အချက်အလက်များကို ဖျက်ဆီးခြင်း သို့မဟုတ် လုပ်ငန်းလည်ပတ်မှုကို ရပ်တန့်နိုင်ကြောင်း ပြောဆိုမှုများရှိသော်လည်း ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း တယ်လီနောက ဆိုသည်။

“တယ်လီနောဝန်ထမ်းတွေအပေါ် အန္တရာယ်မကျရောက်စေဘဲ ဒါမျိုးလုပ်လို့ မရပါဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင် လက်မခံနိုင်ဖွယ်ရာ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်” ဟု တယ်လီနောအုပ်စုက Reuters သတင်းဌာနကို ပြောဆိုသည်။

တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ပူးပေါင်းဝယ်ယူမည့် အစီအစဉ်ကို စစ်ကောင်စီက ခွင့်ပြုလိုက်ပြီးနောက် ရောင်းချရေးလုပ်ငန်းစဉ်ကို လက်စသတ်နေပြီဖြစ်ကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

မြန်မာပြည်သူများအပေါ် အန္တရာယ်ကျရောက်စေနိုင်သည့် အချက်အလက်လွှဲပြောင်းပေးခြင်းကို တားဆီးနိုင်ရန်အလို့ငှာ တယ်လီနောမြန်မာရောင်းချမှုကို ဆိုင်းငံ့ထားရန် နော်ဝေလွှတ်တော်အမတ်နှစ်ဦးက အဆိုပြုချက်တင်သွင်းပြီးနောက် နော်ဝေအစိုးရတာဝန်ရှိသူက လွှတ်တော်၌ လာရောက်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ 

တယ်လီနောမြန်မာရောင်းချရေး အပြီးသတ်နေချိန်တွင် နော်ဝေအခြေစိုက် တယ်လီနောအုပ်စုအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာရှိ တက်ကြွလှုပ်ရှားသူများ၏ ဆန့်ကျင်ကန့်ကွက်မှုများကို ဆက်တိုက်ရင်ဆိုင်နေရသည်။ 

တယ်လီနောမြန်မာရောင်းချမှုတွင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း မြောက်မမြောက် စုံစမ်းစစ်ဆေးပေးရန် နော်ဝေအရပ်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၁ တွင် နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

မြန်မာနိုင်ငံရှိ တယ်လီနောသုံးစွဲသူများ၏ ဖုံးခေါ်ဆိုမှုမှတ်တမ်းကဲ့သို့သော အချက်အလက်များ၏ လုံခြုံရေးကျိုးပေါက်နိုင်မှုနှင့် ပတ်သက်၍ တယ်လီနောကုမ္ပဏီအကြီးအကဲများကို စုံစမ်းစစ်ဆေးပေးရန်လည်း အရပ်ဘက်အဖွဲ့အစည်း ၅၀ ပါဝင်သည့် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နော်ဝေဖိုရမ် (ForUM) က ရဲတပ်ဖွဲ့နှင့် ရှေ့နေချုပ်ထံ အမှုဖွင့်တိုင်ကြားကာ တောင်းဆိုခဲ့သည်။ 

တယ်လီနောအုပ်စု အမှုဆောင်အရာရှိချုပ် Sigve Brekke နှင့် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ Gunn Waersted တို့ကို စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း၊ တယ်လီနောမြန်မာရောင်းချရာတွင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နော်ဝေနိုင်ငံ၏ ရာဇသတ်ကြီးဥပဒေ အခန်း ၁၆ ပါ အချက်များကို ချိုးဖောက်နိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ForUM က ဆိုသည်။​

မည်သည့်အခြေအနေတွင်ဖြစ်စေ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း မရှိစေရန် တယ်လီနောကုမ္ပဏီ စီမံခန့်ခွဲသူများနှင့် ကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် နော်ဝေအစိုးရတွင် တာဝန်ရှိသည်ဟု နော်ဝေတရားသူကြီး Hanne Sophie Greve က ဖေဖော်ဝါရီ ၁၁ တွင် Myanmar Now ကို ပြောကြားသည်။​

“ဝယ်မဲ့သူက လက်ခံနိုင်ဖွယ်ရှိတယ်ဆိုတာမျိုး တယ်လီနောက သက်သေပြနိုင်ရမယ်။ မြန်မာနိုင်ငံက အသုံးပြုသူ ၁၈ သန်းကျော်နဲ့ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ ပတ်သက်လို့ သံသယကင်းရှင်းတဲ့ ဝယ်သူဖြစ်ရမယ်” ဟု သူက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button