သတင်း

ကွာလာလမ်ပူ မြန်မာသံရုံးရှေ့ ဆန္ဒပြသူ အများစု ပြန်လွတ်၊ ၅ ဦး အမှုဆက်ဖွင့်ခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြသည့် မြန်မာများအနက် ၅ ဦးမှာ တရားမဝင်နေထိုင်မှု၊ ခွင့်ပြုမိန့်မဲ့ ဆန္ဒပြမှုတို့ဖြင့် အမှုဖွင့်ခံရသည်။

စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၃ နံနက်က မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြရာတွင် မလေးရှားရဲတပ်ဖွဲ့က မြန်မာ ၃၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ယနေ့ (ဖေဖော်ဝါရီ ၁၅ )နေ့လယ်တွင် ၂၅ ဦးမှာ ဒဏ်ငွေ မလေးရှားရင်းဂစ် ၁၀၀၀ စီ ငွေဒဏ်ချမှတ်ခံရကာ ပြန်လွတ်လာပြီး ၎င်းတို့မှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးထားသည့် အထောက်အထားလက်မှတ်နှင့် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ကြသည်။ 

အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးမှာ ကိုဗစ်နိုင်တင်းဖြစ်ပွားနေသဖြင့် ပြန်လည်သက်သာသည့်အခါ ပြန်လွှတ်ပေးမည်ဟု မလေးရှားရဲတပ်ဖွဲ့က ပြောဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှားလွတ်မြောက်နယ်မြေ) ရုံးတာဝန်ခံ ကိုစိုးထက်သိန်းထံမှ သိရသည်။

“အမှုကို ရုပ်သိမ်းပေးလိုက်တာတော့ မဟုတ်ဘူး။ နှစ်ပတ်အတွင်း တစ်ယောက်ကို မလေးရှားငွေ ၁၀၀၀ စီ ဒဏ်ငွေဆောင်ရမယ်။ တရားရုံးမှာ ရုံးတက်ပြီး ဒဏ်ငွေဆောင်ရတာ မဟုတ်ဘဲ သက်ဆိုင်ရာ ရဲစခန်းတွေမှာပဲ ဒဏ်ငွေဆောင်ခွင့်ပေးလိုက်တာ” ဟု ကိုစိုးထက်သိန်းက ပြောသည်။

တရားမဝင်နေထိုင်သော ကျန် ၅ ဦးမှာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ စုဝေးဆန္ဒပြမှု ပုဒ်မနှစ်ခုဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“၅ ယောက်ကတော့ ပုဒ်မနှစ်ခုလုံးနဲ့ ငြိနေတဲ့အတွက် နောက်နေ့ တရားရုံးတက်ရမယ်။ ဒီအမှုကတော့ မြန်မာသံကနေ တိုင်ချက်ဖွင့်တာ။ မြန်မာသံရုံးကနေ ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန်အရေးယူပေးပါလို့ တိုင်ချက်ဖွင့်ထားတာလို့ အမှုကိုင်အရာရှိက ပြောတယ်” ဟု ကိုစိုးထက်သိန်းက ပြောသည်။

ယခင်က မလေးရှားရှိ မြန်မာသံရုံးအနီး စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသော်လည်း ဖမ်းဆီးခံရခြင်း မရှိဟု မလေးရှားရောက်မြန်မာများထံမှ သိရသည်။​

ဆန္ဒပြသူများဘက်မှ ခွင့်ပြုမိန့် ကြိုတင်ခဲ့သော်လည်း ဆန္ဒပြသည့်နေ့တွင်မှ ထိုစာကို လက်ခံရရှိကြောင်း မလေးရှားရဲက ပြောဆိုကာ မြန်မာ ၃၁ ဦးလုံးကို ခွင့်ပြုမိန့်မဲ့ ဆန္ဒပြမှု၊ တရားမဝင်နေထိုင်မှုတို့ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ပရောက်မြန်မာများက သက်ဆိုင်ရာနိုင်ငံများတွင် စစ်ကောင်စီကို လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်း အများအပြား ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မလေးရှားတွင် ပထမဆုံးအကြိမ် ဖမ်းဆီး အမှုဖွင့်ခံရခြင်း ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button